၁၆ — ၁၈ ဝိရောဓိ

ဓာတ်ပုံ - မိုးကျော်လွင်

အသက် ၁၈ နှစ်မပြည့်သော ကလေးသူငယ်များ၏ အိမ်ထောင်ပြုမှုကို တရားဝင်ခွင့်ပြုလိုက်ပြီလောဟု လူအများကြား စိုးရိမ်ပူပန်မှုမြင့်တက်နေသည်။

အကြောင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က ပြည်သူ့လွှတ်တော်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း၏ အခန်း (၇) အပိုဒ် ၂၃ ကို ပြင်ဆင်အတည်ပြုလိုက်သောကြောင့် ဖြစ်သည်။

ဥပဒေကြမ်းတွင် မူလက ပါဝင်သော ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ် ပြည့်ပြီး ဖြစ်ရမည်ဆိုသော အချက်ကို ပယ်ဖျက်လိုက်သောကြောင့် လူအများကြား ဝေဖန်မှုမြင့်တက်နေခြင်းလည်း ဖြစ်သည်။

အမျိုးသားနှင့် အမျိုးသမီးတို့ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် သက်ဆိုင်ရာတည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့် အတိုင်း ဖြစ်စေရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းသို့ ပြင်ဆင်အတည်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ ပဲခူးမြို့ ဆိုရှယ်လစ် ၁၉ လမ်းနေ မိုဘိုင်းလ်ဖုန်း ပြုပြင်သည့် လုပ်ငန်းလုပ်ကိုင်သူ ကိုသာဓုက အသက် ၁၈ နှစ် မပြည့်သော်လည်း လက်ထပ်လိုက လက်ထပ်နိုင်သည်ဟု ၎င်းအနေနှင့် နားလည်ကြောင်း ဆိုသည်။

“ဒီအတိုင်းဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာတွေ ပိုများလာတော့မှာပဲ”ဟု ကိုသာဓုက မှတ်ချက်ပေးသည်။

လက်ရှိတွင် ဥပဒေကြမ်းပြင်ဆင်အတည်ပြုလိုက်ခြင်းအပေါ် ကန့်ကွက်မှုများ ရှိနေသကဲ့သို့ ထောက်ခံမှုများလည်း ရှိနေပြီး နှစ်ဖက်စလုံးတွင်လည်း ခိုင်မာသည့် အကြောင်းပြချက်များ ရှိနေသည်။

သို့သော်လည်း အသက် ၁၆ နှစ်အောက် မိန်းကလေးနှင့် လက်ထပ်မည်ဆိုပါက မိန်းကလေးက ကြည်ဖြူလျှင်ပင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၅ အရ မုဒိမ်းမှုမြောက်မည့် အခြေအနေတွင် ရှိနေရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းလိုက်ပါက ရာဇသတ်ကြီးဥပဒေနှင့် ပဋိပက္ခဖြစ်မည့်သဘော ဖြစ်နေသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပြင်ဆင်အတည်ပြုခဲ့သည်။

ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မူလအဆိုပြု ပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် တင်ပြသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အဆိုပြုချက်ကို မဲခွဲရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈၁ ဦး အနက် ထောက်ခံမဲ ၃၃၀၊ ကန့်ကွက်မဲ ၃၃ မဲ၊ ကြားနေမဲ တစ်မဲဖြင့် ဥပဒေကြမ်း၏ အခန်း (၇) ပုဒ်မ ၂၃ ရှိ ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်သည်ဆိုသည့် အချက်ကို ပယ်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်။

ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေး ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ကာ ဥပဒေကြမ်းကို ရေးဆွဲထားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြောဆိုထားသည်။

ယင်းဥပဒေကြမ်းတွင် အသက် ၁၈ နှစ် မပြည့်သေးသူများကို ကလေးသူငယ်အဖြစ် သတ်မှတ်ထားသော်လည်း လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ် မပြည့်လျှင်ပင် ခွင့်ပြုသင့်ကြောင်းနှင့် ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ပြင်ဆင်အတည်ပြုခဲ့သည်။

လက်ထပ်နိုင်သော အသက်သည် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု ပြဋ္ဌာန်းလိုက်ပါက ဓလေ့ထုံးစံအရ လက်ထပ်မှုများသည် ဥပဒေနှင့် မညီညွှတ်သော ဆောင်ရွက်မှုဖြစ်သွားနိုင်သောကြောင့် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဆိုသည့် အချက်ကို ပယ်ဖျက်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောဆိုသည်။

“ဓလေ့ထုံးတမ်းတွေ၊တည်ဆဲဥပဒေတွေ ရှိပါလျက်နဲ့ နောက်ကနေ ပဋိညာဉ်ပြုနိုင်တဲ့ အသက်က ၁၈ နှစ်ကျော်မှသာ ပြုရမယ်ဆိုရင် အပေါ်က ဥပဒေတွေနဲ့ ပဋိပက္ခ ဖြစ်နိုင်ပါတယ်”ဟု ဦးကျော်စိုးလင်းက မှတ်ချက်ပေးသည်။

လက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက် ၁၈ နှစ်ဖြစ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက် ပယ်ဖျက်လိုက်ခြင်းသည် ဥပဒေနှင့် ညီညွတ်ပြီး ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်သည်ဟု ထောက်ခံသုံးသပ်သူများလည်း ရှိသည်။

“၁၈ နှစ် မပြည့်သော်လည်းပဲ ဓလေ့ထုံးတမ်းအရ လက်ထပ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ။ လုပ်ကို လုပ်ရမယ်လို့ ပြောထားတာ မဟုတ်တဲ့အတွက် ဒါက ဥပဒေအရ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြဋ္ဌာန်းပေးထားတာ ဖြစ်တယ်။ ဒါက ကျိုးကြောင်းလည်း ညီညွတ်တယ်”ဟု ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဆိုသည်။

တိုင်းရင်းသားဒေသများတွင် ဓလေ့ထုံးတမ်းအရ အသက် ၁၈ နှစ် မပြည့်ဘဲ လက်ထပ်မှုများရှိနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများကို လက်ခံရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် ဥပဒေကြမ်းပြင်ဆင်မှုသည် ဥပဒေနှင့် ညီညွတ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

“ရှေ့ဆက်သွားမယ့် ပြည်ထောင်စုပန်းတိုင်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမှာ အခြေခံတဲ့အခါကျတော့ လူနည်းစုတွေရဲ့ ဓလေ့ထုံးတမ်းတွေကို ငြင်းပယ်လို့ မရဘူး။ ဒါက ရှေ့ဆက်မယ့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံအတွက်လည်း အထောက်အပံ့ ပြုတယ်”ဟု ဥပဒေအကြံပေးဦးခင်မောင်မြင့်က မှတ်ချက်ပေးသည်။

တိုင်းရင်းသားဒေသတွေက အခြေအနေ

ဗမာအပါအဝင် တိုင်းရင်းသားဒေသများတွင် အသက် ၁၈ နှစ်မပြည့်ဘဲ လက်ထပ်မှုများရှိနေပြီး ထိုသို့လက်ထပ်မှုများသည် ကျေးလက်ဒေသတွင် ပိုမိုများပြားကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

ယနေ့ခေတ်တွင် အသက် ၁၈ နှစ်မပြည့်ဘဲ လက်ထပ်မှုများရှိနေပြီး မိဘများကိုယ်တိုင်က ကြည်ဖြူစွာခွင့်ပြုနေသည်များလည်း ရှိကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ကရင်အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအသင်း၏ ညွှန်ကြားရေးမှူး နော်သက်သက်ထွန်းက ပြောဆိုသည်။

ကလေးသူငယ်အခွင့်အရေးဥပဒေကြမ်းတွင် အသက် ၁၈ နှစ်မပြည့်သော်လည်း ဓလေ့ထုံးတမ်းအရ လက်ထပ်နိုင်ကြောင်း ပြဋ္ဌာန်းလိုက်ပါက ဆယ်ကျော်သက်အရွယ် ကလေးသူငယ်အိမ်ထောင်ပြုမှုများ ပိုများလာနိုင်ကြောင်း ၎င်းက ဆိုသည်။

“Facebook မှာတွေ့တယ် ။ ခိုးပြေးတယ်။ အဲဒါတွေ များလာတယ်။ တချို့ဆိုရင် အိမ်ထောင်ရှိတာကို မသိဘဲနဲ့ လက်ထပ်ပြီးတော့မှ ဒုက္ခရောက်တာတွေ ရှိတယ်။ ဒါတွေက အသက်အရွယ်အပိုင်းအခြား သတ်မှတ်ပြီး ကာကွယ်တာ တစ်ခုခုမရှိရင် ဖြေရှင်းရတာ ပိုခက်လာမယ်”ဟု နော်သက်သက်ထွန်းက သုံးသပ်သည်။

အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည်ဆိုသည့် အချက်ဥပဒေကြမ်းတွင် ပယ်ဖျက်လိုက်ခြင်းနှင့် ပတ်သက်၍ ကလေးသူငယ် အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးမျိုးမြင့်ထွန်းက အပြင်းအထန်ကန့်ကွက်ကြောင်း ဆိုသည်။

“ကျွန်တော့်အနေနဲ့ကတော့ ကန့်ကွက်တယ်။ ကလေးသူငယ်များရဲ့ အကျိုးကျေးဇူးရယ်၊ နိုင်ငံဖွံဖြိုးတိုးတက်ဖို့အတွက်ရယ်ဆိုရင် လုံးဝလက်မခံဘူး။ ကန့်ကွက်တယ်”ဟု ၎င်းက ပြောသည်။

အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည်ဆိုသည့် အချက်သည် ပညာပေးအနေနှင့် ပြဋ္ဌာန်းခြင်းဖြစ်ပြီး အရေးယူမည့် ဥပဒေအဖြစ် သတ်မှတ်ထားခြင်း မဟုတ်ကြောင်း ဦးမျိုးမြင့်ထွန်းက ဆိုသည်။

ကျေးလက်ဒေသတွင် အသက် ၁၈ နှစ်မပြည့်ဘဲ လက်ထပ်ပါက လူမှုဘ၀ကျပ်တည်းမှုများ ဖြစ်လာနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများက လူထုကို ပညာပေးရာတွင် သုံးနိုင်ရန် ယင်းသို့ ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“လူတွေက ဥပဒေထဲမှာပါတယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ အဟန့်အတားဖြစ်လာတယ်။ အဟန့်အတားဖြစ်ရင် Social Change ဆိုတဲ့ လူမှုပြောင်းလဲမှုလုပ်တဲ့အခါကျရင် အရေးယူတာမျိုး မဟုတ်ဘဲနဲ့ ပညာပေးတာနဲ့စရင် ပိုအောင်မြင်နိုင်တယ်ဆိုတာကို ပြောတာ”ဟု ၎င်းက မှတ်ချက်ပေးသည်။

အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်ရမည်ဟု အရေးယူနိုင်သည့်သဘောအနေနှင့် ပြဋ္ဌာန်းပါက လွှတ်တော်ကိုယ်စားလှယ်များ သုံးသပ်သကဲ့သို့ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်လာနိုင်သည်ဟု ဦးမျိုးမြင့်ထွန်းက ပြောသည်။

ဥပဒေကြမ်းတွင် ပညာပေးအနေနှင့် ပြဋ္ဌာန်းထားမှုကို လွှတ်တော်ကိုယ်စားလှယ်များက နားမလည်ဘဲ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းနှင့် ပဋိပက္ခဖြစ်နိုင်သည်ဟု အကြောင်းပြကာ ပယ်ဖျက်လိုက်ခြင်းသည် ဆယ်ကျော်သက်အရွယ် လက်ထပ်နေမှုများကို လျှော့ချရာ မရောက်ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။

ဓာတ်ပုံ – မိုးကျော်လွင်

ကိုးကွယ်ယုံကြည်မှုအလိုက် လက်ထပ်မှု

လက်ထပ်နိုင်သည့် အသက်အရွယ်သည် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာဥပဒေအရ ဆိုပါက အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်သည်။

ဟိန္ဒူဘာသာဝင်အချင်းချင်း လက်ထပ်မှုတွင်မူ ဆယ်ကျော်သက်အရွယ် အမျိုးသမီးများကို လက်ထပ်ပေးမှုများရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သိန်းသိန်းမြင့်က ပြောသည်။

အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတို့တွင်လည်း သက်ဆိုင်ရာဘာသာအလိုက် ပြဋ္ဌာန်းထားသော ဥပဒေများအရ လက်ထပ်ထိမ်းမြားမှုဆောင်ရွက်နိုင်ပြီး ခရိုင်တရားရုံးများက တရားဝင်ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည်။

“မွတ်ဆလင်ဆိုလည်း ဒီအတိုင်းပဲ။ ခရစ်ယာန်ဆိုရင် ခရစ်ယာန်အချင်းချင်း ဘုရားကျောင်းမှာ လက်ထပ်၊ အဲဒီလိုလက်ထပ်ပြီးရင် စာချုပ်ကို ယူလာပြီးရင် ခရိုင်တရားရုံးမှာ ကြေညာရတယ်”ဟု ဒေါ်သိန်းသိန်းမြင့်က ပြောသည်။

မြန်မာအမျိုးသမီးနှင့် ဘာသာခြားလက်ထပ်ပါကမူ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဖြင့်သာ လက်ထပ်ခွင့်ပြုပြီး အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်ကြောင်း ၎င်းက ပြောသည်။

အစ္စလာမ်ဘာသာဝင်များ အချင်းချင်းလက်ထပ်ရာတွင် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိဘဲ မိဘအုပ်ထိန်းသူက အိမ်ထောင်တစ်ခုကို ထိန်းနိုင်ကြောင်း အသိအမှတ်ပြုကာခွင့်ပြုပါက လက်ထပ်နိုင်ကြောင်း အစ္စလာမ်ဘာသာဝင်များ၏ လက်ထပ်ခြင်းကို သုတေသနပြုလုပ်နေသည့် အစ္စလာမ်ဘာသာဝင် ကိုမျိုးကိုက ဆိုသည်။

“၁၈ နှစ်ပြည့်ဆိုတဲ့ဟာကို ဖြုတ်လိုက်တဲ့အပေါ် ကျွန်တော်ကတော့ မထောက်ခံဘူး။ ၁၈ နှစ်က သတ်မှတ်ကို သတ်မှတ်ထားရမယ့် အနေအထား။ ၁၈ နှစ်အောက်ကို ခွင့်ပြုတာကတော့ ဒါ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်က လွဲမှားနေတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်မှုအရ လက်ထပ်ရာတွင်လည်း အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်ပေးလေ့ရှိကြောင်း ခရစ်ယာန်ဘာသာကိုးကွယ်သူအချို့က ဆိုကြသည်။

သို့သော်လည်း တိုင်းရင်းသားဒေသများတွင် ရိုးရာဓလေ့အရ အသက် ၁၄ နှစ်ဖြင့် အိမ်ထောင်ပြုမှုများ ရှိနေကြောင်း ကချင်နှစ်ချင်းခရစ်ယာန်အသင်းဥက္ကဋ္ဌဒေါက်တာ Hkalam Sanson ကပြောကြားသည်။

ဥပဒေကြမ်းတွင် အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည်ဆိုသော ပြည်သူ့လွှတ်တော်၏ ပယ်ဖျက်လိုက်မှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ၎င်းက မှတ်ချက်ပေးသည်။

“စိုးရိမ်တယ်ဆိုတာ အသက် ၁၃ နှစ် ၁၄ နှစ်ဆိုတာကတော့ ဘာမှသိတတ်တဲ့ အရွယ် မဟုတ်သေးဘူးလေ။ ကိုယ်ခြေထောက်ကိုလည်း မရပ်တည်နိုင်တဲ့အချိန်မှာ အဲဒီလို ဥပဒေ ပြဋ္ဌာန်း လိုက်ခြင်းအားဖြင့် အကောင်းဘက် ဦးတည်တာထက် အဆိုးဘက်ကို ပိုများမယ်လို့ ထင်ပါတယ်”ဟု ဒေါက်တာHkalam Sanson က ဆိုသည်။

ကလေးသူငယ်အခွင့်အရေးဥပဒေကြမ်းတွင် ဓလေ့ထုံးတမ်းဥပဒေများနှင့်အညီ လက်ထပ်နိုင်သည်ဆိုသော ပြဋ္ဌာန်းချက်သည် သက်ဆိုင်ရာ တိုင်းရင်းသားဓလေ့ထုံးတမ်းနှင့် ကိုးကွယ်ယုံကြည်မှုအလိုက် ပြဋ္ဌာန်းထားသော ဥပဒေပြဋ္ဌာန်းချက်များကို ပိုမိုအားကောင်းသွားစေမည့် သဘောလည်း ဖြစ်သည်။

သို့သော်လည်း တစ်ဖက်တွင် ရာဇသတ်ဥပဒေပုဒ်မ ၃၇၅ ၏ ပဉ္စမပြဋ္ဌာန်းချက်အရ အသက် ၁၆ နှစ်အောက် ကလးငယ်များကို မိဘသဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ လက်ထပ်ထိမ်းမြားပါက မုဒိမ်းမှုမြောက်သည့် အခြေအနေတစ်ရပ်လည်း ရှိနေကြောင်း ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေပညာရှင်များက သုံးသပ်ကြသည်။

“ကချင်တို့၊ အခြားမျိုးနွယ်စုတွေမှာလည်း ရှိတယ်။ အသက် ၁၈ နှစ်ပြည့်မှရယ်လို့ မဟုတ်ဘူး။ အရွယ်ရောက်တယ်ဆိုရင် ခွင့်ပြုပေးထားတာတွေရှိတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ မုဒိမ်းမှုနဲ့ပတ်သက်တာတွေကျတော့ သွားပြီးတော့ ပဋိပက္ခဖြစ်နေတယ်”ဟု ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဆိုသည်။

ဥပဒေက ဥပဒေ၏ ရည်ရွယ်ချက်နှင့် သွေဖည်နေသလော

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၈ သန်းကျော်ရှိနေပြီး ယင်းကလေးငယ်များအပေါ် အကျိုးသက်ရောက်မည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းတွင် အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်သည်ဆိုသော အချက်ပယ်ဖျက်လိုက်ခြင်းအပေါ် သဘောမတူသူများကလည်း ဝေဖန်ကြသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်း၏ အခန်း (၁) ပုဒ်မ ၃ (က) တွင် ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသူများကို ဆိုလိုသည်ဟု ဖော်ပြထားသည်။

သို့သော်လည်း အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်သည်ဆိုသည့် အချက်ပယ်ဖျက်လိုက်ခြင်းသည် ကလေးသူငယ်များကို လက်ထပ်လိုက လက်ထပ်နိုင်ကြောင်း ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ဥပဒေ၏ စကားရပ်ဖော်ပြချက် ကိုယ်တိုင်ပင် ရှေ့နောက်မညီညွှတ်ကြောင်း ကလေးအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးမျိုးမြင့်ထွန်းက ဆိုသည်။

“အသက် ၁၈ နှစ်မပြည့်ဘဲ အိမ်ထောင်ပြုရင် ကလေးက ကလေးကို ကိုယ်ဝန်ပြန်ဆောင်သလို ဖြစ်မှာလေ။ အဲဒါက ကလေးအခွင့်အရေးကို ပြန်ပြီး ချိုးဖောက်သလို ဖြစ်နေတယ်။ ကလေးအခွင့်အရေးဥပဒေကပဲ ကလေးအခွင့်အရေးကို ပြန်ချိုးဖောက်သလိုမျိုး သက်ရောက်သွားနိုင်တယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

အသက် ၁၈ နှစ်မပြည့်ဘဲ လက်ထပ်ခွင့်ပြုသော ရိုးရာဓလေ့များသည် အန္တရာယ်ရှိသော ရိုးရာဓလေ့အဖြစ် ကုလသမဂ္ဂကိုယ်တိုင်က ကြေညာထားပြီး အသက် ၁၈ နှစ်မပြည့်ဘဲ လက်ထပ်မှုများနည်းပါးရန် လူထုအသိပညာပေးမှုများဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးမျိုးမြင့်ထွန်းက ဆိုသည်။

အသက် ၁၈ နှစ်အောက်အရွယ်သည် ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် အသက်အရွယ် မဟုတ်သကဲ့သို့ အိမ်ထောင်တစ်ခုကို တာဝန်ယူနိုင်သည့် စွမ်းရည်လည်း မရှိသေးကြောင်း၊ ပညာရေးလည်း ဆုံးခန်းတိုင်သည့် အသက်အရွယ်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ပညာရေးတစ်ပိုင်းတစ်စဖြစ်မယ်။ စီးပွားရေး အဆင်မပြေဘူး။ ကလေးက ကလေးကို ပြန်မွေး ဆင်းရဲတွင်းနက်တဲ့ အဆိုးကျော့သံသရာက ပြီးမှာ မဟုတ်တော့ဘူး။ အမြဲတမ်း ဖြစ်သွားနိုင်တဲ့ကိစ္စ ဖြစ်တယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကမူ ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်ရန် ပဋိညာဉ်ပြုနိုင်သည်ဆိုသည့် အချက်သည် အသက် ၁၈ နှစ်အောက် ကလေးငယ်များကို လက်ထပ်ရန် တိုက်တွန်းနေခြင်းမဟုတ်ဟု ငြင်းချက်ထုတ်သည်။

“ဒီဟာက လူတွေက သဘောပေါက်လွဲနေတာ။ ထိမ်းမြားလက်ထပ်ခြင်း ရိုးရာဓလေ့တွေက သူ့တည်ဆဲဥပဒေမှာ သူဟာနဲ့ သူအသက်ကန့်သတ်ချက်တွေ ရှိပြီးသားပါ”ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက မှတ်ချက်ပေးသည်။

ကလေးသူငယ်အခွင့်အရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေပါပြဋ္ဌာန်းချက်သည် ကွဲလွဲချက်အနည်းငယ်ရှိနေသော်လည်း မုဒိမ်းမှုကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အရေးယူခံရနိုင်ကြောင်း ၎င်းက ဆိုသည်။

ဥပဒေနှစ်ခု ဝိရောဓိဖြစ်နေခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်းကို ဦးဇော်ဝင်းကို မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ဆိုသည်။

“ဟိုဘက် ဒီဘက် ဥပဒေအရတော့ ကွဲလွဲချက်ကတော့ အနည်းငယ်ရှိတာ အမှန်ပဲ။ အရင်တုန်းက ဥပဒေနဲ့ နောက်ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့ကတော့ နောက်မှပဲ ပြန်ညှိပြီး ပြောင်းယူမှပဲ ရမှာပေါ့”

ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လို

မည်သို့ပင်ဖြစ်စေ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းမှာ အသက်မဝင်သေးပေ။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုလိုက်သော်လည်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် ကျန်ရှိနေသေးသည်။

လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူရမည် ဖြစ်သည်။

ဥပဒေကြမ်းတွင် အသက် ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်သည်ဆိုသည့် အချက်ပယ်ဖျက်လိုက်ခြင်းကို မထောက်ခံသူများကမူ အမျိုးသားလွှတ်တော်တွင် ပြန်လည်ထည့်သွင်းနိုင်ရန်ကြိုးပမ်းမည်ဟု ဆိုကြသည်။

လက်ရှိတွင် သေချာသည့်အချက်မှာ အသက် ၁၆ နှစ်အောက်လက်ထပ်ပါက ရာဇသတ်ကြီးဥပဒေအရ မုဒိမ်းမှုမြောက်မည့်အခြေအနေက ထောင်ချောက်သဖွယ် ခြိမ်းခြောက်နေသည်။

“မိဘချင်းသဘောတူညီထားသည် ရှိသော်လည်းပဲ တစ်ဖက်ဖက်က အကြောင်းအမျိုးအမျိုးကြောင့် မကျေနပ်လို့ တိုင်ရင် နေရင်းထိုင်ရင်း မုဒိမ်းမှုမြောက်မယ့် အခြေအနေရှိတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက မှတ်ချက်ပေးသည်။

သို့သော်လည်း ၁၉၇၃ ခုနှစ် စကားရပ်များဥပဒေပုဒ်မ ၃ (ဆ) အရမူဥပဒေနှစ်ရပ် အဓိပ္ပာယ်ကောက်ယူမှု အငြင်းပွားနေပါက အသစ်ပြဋ္ဌာန်းသော ဥပဒေသာ အတည်ဖြစ်မည်ဖြစ်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း အသက်ဝင်လာပါက ရာဇသတ်ကြီးဥပဒေပါ ပြဋ္ဌာန်းချက်မှာ အားပျော့သွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကောင်းမွန်စွာပြဋ္ဌာန်းနိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေပညာရှင်များအကြား အသေအချာဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် လိုအပ်နေကြောင်း ဥပဒေပညာရှင်များက ဆိုကြသည်။

ဥပဒေနှစ်ရပ်ဝိရောဓိအသွင်ဖြစ်နိုင်သည့် အခြေအနေတွင် ကောင်းမွန်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတစ်ရပ်ပေါ်ထွက်လာရေးနှင့် ပတ်သက်၍ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ယခုကဲ့သို့ဆိုသည်။

“ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။ အကြောင်းခြင်းရာတစ်ခုအပေါ် တရားသေဆုပ်ကိုင်ပြီး ပြောကြမယ့်အစား ဥပဒေတစ်ရပ်ကို ကောင်းမွန်အောင်ဆိုတဲ့ စဉ်းစားမှုမျိုးနဲ့ သွားစေချင်တယ်”

ဇင်လင်းထက်၊ မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *