‘စစ်’….  ဆိုသည်မှာ

Nghiencuubiendong

ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်များမှာ လူ့သမိုင်းတစ်လျှောက် အငြိမ်းချမ်းဆုံးကာလများဟု ဆိုနိုင်ပါသည်။ လူသမိုင်းအစောပိုင်း စိုက်ပျိုးရေးခေတ် လူ့အဖွဲ့အစည်းတွင် သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် လူသားများ သေဆုံးရမှုမှာ ၁၅ ရာခိုင်နှုန်းထိရှိပြီး နှစ်ဆယ်ရာစုကာလတွင် ၅ ရာခိုင်နှုန်းထိ ရှိခဲ့သည်။ ယနေခေတ်တွင်မူ သတ်ဖြတ်တိုက်ခိုက်မှုကြောင့် လူသားများသေဆုံးရမှုမှာ ၁ ရာခိုင်နှုန်းသာ ရှိပါတော့သည်။ သို့သော် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလကစတင်၍ နိုင်ငံတကာအခြေအနေမှာ အလျင်အမြန် ယိုယွင်းပျက်စီးလာခဲ့သည်။ စစ်သွေးစစ်မာန်များ ပြန်လည်တစ်စခန်းထလာခဲ့သလို စစ်အသုံးစားရိတ်များလည်း ကြီးထွားလာပါတော့သည်။ ၁၉၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဩစတြီးယား အိမ်ရှေ့မင်းသားလုပ်ကြံခံရသည်ကို အစပြု၍ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့သလို ၂၀၁၈ ခုနှစ်တွင်လည်း ဆီးရီးယားကန္တာရတွင် ဖြစ်ပွားသော ဖြစ်ရပ်တစ်ခု၊ ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားမည့် အမြော်အမြင်မဲ့လုပ်ရပ်တစ်ခုခုကြောင့် တစ်ကမ္ဘာလုံးပဋိပက္ခ ဖြစ်ပွားသွားနိုင်သည့် အဖြစ်မျိုးကို လမ်းပေါ်က သာမန်လူမှအစ ကျွမ်းကျင်ပညာရှင်များအထိ စိုးတထိတ်ထိတ် ဖြစ်နေရသည်။

ထို့ကဲ့သို့ တစ်ကမ္ဘာလုံး တင်းမာမှုများရှိနေသည်နှင့်အတူ ဝါရှင်တန်၊ ပြုံယမ်းနှင့် ကမ္ဘာ့နေရာအတော်များများရှိ ခေါင်းဆောင်များ၏ ကိုယ်ရည်ကိုယ်သွေးများလည်း အထက်ပါစိုးရိမ်မှုကို လှုံ့ဆော်နေသော အကြောင်းရင်းပင် ဖြစ်ပါသည်။ ၁၉၁၄ ခုနှစ်ကာလနှင့် ၂၀၁၈ ကာလမှာ အဓိကျသည့် မတူခြားနားချက်များရှိနေသည်မှာလည်း အမှန်ပင် ဖြစ်သည်။

စစ်…ဆိုသည်မှာ အကျိုးစီးပွား

၁၉၁၄ခုနှစ်က ကမ္ဘာတစ်ဝန်းရှိ အီလစ်များအတွက် စစ်ဆိုသည်မှာ အလွန်အာရုံကျစရာကိစ္စတစ်ခုဖြစ်သည်။ အောင်နိုင်သော စစ်ပွဲများမှ ချမ်းသာကြွယ်ဝမှုနှင့် နိုင်ငံရေးအာဏာကို ဖြစ်ထွန်းစေသည့် အခိုင်အမာသာဓကများ ရှိသောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၂၀၁၈ ခုနှစ်တွင်မူ အောင်နိုင်သော စစ်ဆိုသည်မှာ အန္တရာယ်ကြီးသော မျိုးစိတ်ဖြစ်သွားခြင်းပင် ဖြစ်သည်။

အက်ဆီရီးယားနှင့် တရုတ်ချင်မင်းဆက်မှစ၍ အင်ပါယာထူထောင်မှုများမှာ စစ်ပွဲများကို အောင်နိုင်ခြင်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင်ပင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးထားနိုင်စွမ်းအခြေအနေမှာ အောင်နိုင်သော စစ်ပွဲများကြောင့်ဖြစ်သည်။ ဂျပန်အင်ပါယာဖြစ်လာသည်မှာ တရုတ်နှင့် ရုရှားကို စစ်နိုင်လိုက်ခြင်းကြောင့် ဖြစ်သလို ဂျာမနီ ဥရောပထိပ်တန်းနိုင်ငံဖြစ်လာသည်မှာလည်း ဩစတြီးယား – ဟန်ဂေရီအင်ပါယာကို အနိုင်ရလိုက်ခြင်းကြောင့်ဖြစ်သည်။ ထို့အတူ ပြင်သစ်နှင့် ဗြိတိန်တို့မှာလည်း ကမ္ဘာ့အကြီးဆုံးနှင့် အချမ်းသာဆုံးနိုင်ငံများ ဖြစ်ခဲ့ကြသည်မှာ ကမ္ဘာတစ်ဝန်းစစ်ပွဲများကို အနိုင်ယူနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အမေရိက ဂရိတ်ပါဝါနိုင်ငံကြီးအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ စီးပွားရေးလုပ်ငန်းကြီးများ သက်သက်ကြောင့်သာ မဟုတ်ဘဲ စစ်ရေးကြိုးပမ်းချက်များကြောင့်ဖြစ်သည်။ ၁၈၄၆ ခုနှစ်တွင် အမေရိကက မက္ကဆီကိုကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ကယ်လီဖိုးနီးယား၊ နဗာဒါး၊ ယူးထား၊ အရီဇိုးနား ၊ နယူးမက္ကဆီကိုနှင့် ကော်လိုရာဒိုပြည်နယ်၏ အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ရယူနိုင်ခဲ့သည်။ အဆိုပါစစ်ပွဲတွင် အမေရိကန်စစ်သား ၁၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး နယ်မြေစတုရန်းကီလိုမီတာ ၂ ဒသမ ၃သန်းကို ရယူနိုင်ခဲ့သည်။ အဆိုပါ နယ်မြေအကျယ်အဝန်းမှာ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်နှင့် အီတလီနိုင်ငံများ စုစုပေါင်းထက်ပင် ကျယ်ဝန်းရာ ထောင်စုနှစ်တစ်ခုအတွင်း အမြတ်အထွက်ဆုံးစစ်ပွဲဟု ဆိုပါရလိမ့်မည်။

၁၉၁၄ ခုနှစ်က ဝါရှင်တန်၊ လန်ဒန်နှင့် ဘာလင်တို့မှ ထိပ်ပိုင်းအီလစ်များသည် အောင်နိုင်သော စစ်ပွဲတစ်ပွဲနှင့် စစ်ပွဲမှ ပြန်ရနိုင်မည့် အရာများကို တိတိပပသိနားလည်ထားကြသည်။ သို့သော် ၂၀၁၈ ကမ္ဘာ့အီလစ်များအနေဖြင့် အဆိုပါစစ်ပွဲများ ခေတ်ကုန်သွားပြီဆိုသည့် သံသယမျိုးဖြစ်စေနိုင်သည့် အကြောင်းအချက်များရှိလာပြီ ဖြစ်သည်။

လက်ရှိသက်ရှိထင်ရှားရှိသူများ၏ မှတ်ဉာဏ်တွင် အကြီးဆုံးအောင်ပွဲအဖြစ် စွဲထင်နေသည့် စစ်ပွဲများစစ်အေးတိုက်ပွဲတွင် အမေရိကက ဆိုဗီယက်ပြည်ထောင်စုကို အနိုင်ယူနိုင်ခဲ့မှုပင် ဖြစ်သည်။ ယင်းအောင်ပွဲမှာ မည်သည့် စစ်ရေးဆင်နွဲမှုမျှ မပါသော အောင်ပွဲပင် ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် အမေရိကက ခေတ်ဟောင်းပုံစံ စစ်ဆင်မှုအဖြစ် ပထမပင်လယ်ကွေ့စစ်ပွဲကို တိုက်ပြခဲ့တော့သည်။ ယင်းစစ်ပွဲကို အစပြု၍ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဒေါ်လာထရီလီယံနှင့်ချီ ဖြုန်းတီးခဲ့ရသည့် စစ်ရေးအရှက်တကွဲ အကျိုးနည်းမှုကိုသာ ဖြစ်လာစေခဲ့သည်။

ယနေ့ခေတ် နှစ်ဆယ်တစ်ရာစုတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ အောင်မြင်သော ကျူးကျော်သိမ်းပိုက်မှုကို ပြပါဆိုလျှင် ယူကရိန်း ကရိုင်းမီးယားဒေသကို ရုရှားက တိုးချဲ့သိမ်းပိုက်နိုင်မှုပင်ဖြစ်သည်။ ရုရှားသည် ကရိုင်းမီးယားဒေသကို ကြီးကြီးမားမား တိုက်ခိုက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ရဘဲ မဟာဗျူဟာအရ အရေးပါသော နယ်မြေကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာလည်း ကရိုင်းမီးယားဒေသ၏ ထူးခြားသောအခြေအနေကြောင့်သာ ဖြစ်သည်။ ရုရှား၏ ကျူးကျော်မှုကို ကရိုင်းမီးယားဒေသခံများရော ယူကရိန်းတို့ကပါ အပြင်းအထန်ဆန့်ကျင်ခဲ့မှုမရှိခြင်းကြောင့်ပင် ဖြစ်သည်။

တကယ်တမ်းတွင် ဆိုရလျှင် ရုရှားသည် ကရိုင်းမီးယားအောင်မြင်မှုကို အခြားသော ယူကရိန်းနယ်မြေများကို တိုးချဲ့ရန် ကြိုးပမ်းခဲ့ပါသေးသည်။ ထိုအချိန်တွင်မူ ရုရှားအနေဖြင့် အပြင်းအထန်ခုခံဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရပြီး ယူကရိန်းအရှေ့ပိုင်းစစ်ပွဲမှာ အကျိုးမဖြစ်ထွန်းသော ရှေ့မတိုးနောက်မဆုတ် အခြေအနေဖြင့်သာ ကြုံတွေ့ခဲ့ရတော့သည်။ ပို၍ ဆိုးသည်မှာ ယူကရိန်းတွင် ရုရှားဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်လာခဲ့ပြီး တစ်ချိန်က မဟာမိတ်အဖြစ်မှ မဟာရန်သူတော်ကြီးအဖြစ်သာ ပြောင်းလဲသွားစေခဲ့သည်။

စစ်…. ဆိုသည်မှာ အဖျက်စွမ်းအား

လက်ရှိနှစ်ဆယ့်တစ်ရာစုတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေဖြင့် အောင်နိုင်သော စစ်ပွဲဆင်နွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲနေရပါသနည်း။ အကြောင်းရင်းတစ်ခုမှာ စီးပွားရေး၏ သဘောသဘာဝပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပါသည်။ ယခင်က စီးပွားရေးအက်ဆက်ဆိုသည်မှာ များသောအားဖြင့် ရုပ်ဝတ္ထုများသာ ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲကို အနိုင်တိုက်ခြင်းသည် မိမိနိုင်ငံ ကြီးပွားချမ်းသာရန် တိုက်ရိုက်အကျိုးရှိစေသည့် ကိစ္စဖြစ်သည်။ ရန်သူကိုစစ်ပွဲတွင် အောင်နိုင်လိုက်ပါက ရန်သူ့မြို့များကို လုယူခြင်း၊ ရန်သူ့တိုင်းသူပြည်သားများကို ကျွန်အဖြစ် ရောင်းချခြင်း၊ တန်ဖိုးကြီးသော ဂျုံခင်းများ၊ ရွှေတွင်းများကို သိမ်းပိုက်ခြင်းဖြင့် ဝင်ငွေများစွာ ရရှိနိုင်သည်။

ယနေ့ခေတ်၏ အဓိကကျသော စီးပွားရေးအက်ဆက်မှာ ဂျုံခင်း၊ ရွှေတွင်းဆိုသည်ထက် နည်းပညာနှင့် အင်စတီကျူရှင်းဆိုင်ရာ အသိပညာများဖြစ်သည်။ စစ်တိုက်ခြင်းဖြင့် အဆိုပါအသိပညာများကို သိမ်းပိုက်နိုင်မည် မဟုတ်ပါ။ ဤနေရာတွင် IS ကဲ့သို့သော အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့က အရှေ့အလယ်ပိုင်းရေနံတွင်းများကို သိမ်းပိုက်ခြင်း၊ မြို့များကို တိုက်ခိုက်လုယက်ခြင်းဖြင့် အကျိုးအမြတ်များ ရရှိခဲ့ကြသည်။ ၎င်းတို့သည် အီရတ်နိုင်ငံရှိ ဘဏ်များမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် သိမ်းယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရေနံတွင်းများ ရောင်းချရာမှ နောက်ထပ် အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် ရရှိခဲ့ကြသည်။ သို့သော် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကနှင့် တရုတ်တို့အတွက် ယင်းငွေပမာဏမှာ မစို့မပို့ငွေပမာဏသာ ဖြစ်သည်။

နှစ်စဉ်စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (ဂျီဒီပီ) အမေရိကန်ဒေါ်လာထရီလီယံ၂၀ ( ၁ထရီလီယံလျှင် သန်းပေါင်းတစ်သန်းနှင့် ညီမျှ) ရှိသော တရုတ်အနေဖြင့် ဒေါ်လာငွေသန်းတစ်ထောင်ခန့်ရရန် စစ်ပွဲတစ်ပွဲ ဆင်နွဲမည် မဟုတ်ပါ။ တရုတ်အနေဖြင့် အမေရိကန်ဒေါ်လာသန်းထရီလီယံနှင့်ချီ အကုန်အကျခံ၍ အမေရိကကို စစ်ဆင်နွဲရမည်ဖြစ်ရာ အဆိုပါကုန်ကျငွေများ၊ စစ်လျော်ကြေးများနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများ ဆုံးရှုံးသွားခြင်းကို တရုတ်အနေဖြင့် မည်သို့ ပေးဆပ်နိုင်ပါမည်နည်း။ စစ်အောင်နိုင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေဖြင့် အမေရိကတွင် ချမ်းသာကြွယ်ဝသည့် ဆီလီကွန်မြို့ကို လုယက်ခိုးယူနိုင်ပါမည်လော။ ဆီလီကွန်တောင်ကြားတွင် တည်ရှိသော Apple ၊ Facebook နှင့် Google ကုမ္ပဏီတို့မှာ အမေရိကန်ဒေါ်လာသန်းထောင်ပါင်းရာနှင့် ချီ၍ တန်ဖိုးရှိသော ကုမ္ပဏီများဖြစ်သည်။ သို့သော် ယင်းကြွယ်ဝချမ်းသာမှုများကို အင်အားသုံးသိမ်းပိုက်၍ မရနိုင်ပါ။ ဆီလီကွန်တောင်ကြားတွင် ဆီလီကွန်မိုင်းတွင်း မရှိပေ။

စစ်နှင့် လျော့မတွက်သင့်သော လူသားများ၏ ရူးမိုက်မှု

ဤသို့ဆိုပါက နှစ်ဆယ့်တစ်ရာစုတွင် စစ်ပွဲဆိုသည်မှာ အမြတ်မရသော စီးပွားရေးလုပ်ငန်းဖြစ်လာခြင်းကြောင့် လုံးဝငြိမ်းချမ်းရေးကိုမူ အာမခံနိုင်မည် မဟုတ်ပါပေ။ လူသားများ၏ ရူးမိုက်သော စိတ်ကို ‘ဘယ်တော့မှ လျော့မတွက်ပါနဲ့’ဟုသာ ဆိုချင်ပါသည်။ လူတစ်ဦးချင်းအနေဖြင့်သာမက အစုအဖွဲ့လိုက်အနေဖြင့်ပါ လူသားများသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတတ်သော လုပ်ရပ်များကို လုပ်ရန် အာရုံညွှတ်လေ့ရှိသူများ ဖြစ်သည်။

လူသားများ၏ ရူးမိုက်သည့် စိတ်ဆိုသည်မှာ မကြာခဏလျှော့တွက်လေ့ရှိသော်လည်း လူ့သမိုင်းတွင် အလွန်အရေးအပါဆုံးသော အင်အားတစ်ခု ဖြစ်သည်။ နိုင်ငံရေးသမားများ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ပညာရှင်များက ကမ္ဘာကြီးကို စစ်တုရင်ကစားပွဲကဲ့သို့ ရှုမြင်သုံးသပ်လေ့ရှိကြသည်။ ၎င်းတို့၏ ရွှေ့ကွက်တိုင်းကို အသေအချာသတိကြီးကြီးဖြင့် တွက်ချက်ပြီး အကွက်ရွှေ့လေ့ရှိကြသည်။ ဤအမြင်မှာ အဆင့်တစ်ခုအထိ မှန်ကန်သည်ကို တွေ့ရသည်။ သမိုင်းတွင် ခေါင်းဆောင်အချို့မှာ ကျဉ်းမြောင်းသော ကမ္ဘာ့အမြင်သာ ရှိခဲ့ကြပြီး နယ်ရုပ်များ၊ မြင်းရုပ်များကို တွက်ချက်ပြီး ရွှေ့သည်ထက် ကြုံရာကျပန်း ရွှေ့ခဲ့ကြသည်က များပါသည်။ ဗိုလ်ချုပ်ကြီး တိုဂျိုလို၊ ဆဒမ်ဟူစိန်လို၊ ကင်ဂျုံအီလို ခေါင်းဆောင်များမှာ ၎င်းတို့၏ ရွှေ့ကွက်တိုင်းကို ကျိုးကြောင်းနည်းလမ်းကျ စဉ်းစားခဲ့ကြသည်သာဖြစ်သည်။ ပြဿနာကား လက်တွေ့ကမ္ဘာကြီးမှာ စစ်တုရင်ကစားကွက်ထက် ပိုမိုရှုပ်ထွေးခြင်းပင်။ လူသား၏ ကျိုးကြောင်းနည်းလမ်းတကျ စဉ်းစားဆင်ခြင်နိုင်စွမ်းမှာ ရှုပ်ထွေးသော ကမ္ဘာကြီးကို အမှန်တကယ်နားလည်နိုင်စွမ်းရှိသည်အထိ မြင့်မားလေ့ မရှိပါပေ။ ထိုကြောင့် ကြောင်းကျိုးနည်းလမ်းတကျ စဉ်းစားတတ်သည့် ခေါင်းဆောင်များအနေဖြင့် ရူးမိုက်သည့် လုပ်ရပ်များလုပ်ခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိခြင်းဖြစ်သည်။

ဤနေရာတွင် အစွန်းနှစ်ဖက်အမြင်များကို ရှောင်ရှားခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ စစ်ဆိုသည်မှာ လုံးမရှောင်လွှဲမရသောအရာဟူသည် အစွန်းနှင့် စစ်ဆိုသည်မှာ မဖြစ်နိုင်သောအရာဟူသော အစွန်းတို့ ဖြစ်ပါသည်။ ပထမအမြင်ကို ထောက်ပံ့ပေးနေသည့် ဖြစ်ရပ်များမှာ စစ်အေးတိုက်ပွဲ ငြိမ်းချမ်းစွာပြီးဆုံးသွားခြင်းကို ကြည့်ပါက လူသားများအနေဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဆိုပါက အင်အာကြီးနိုင်ငံများအကြား ဖြစ်ပွားသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သည်ကို တွေ့ရသည်။ သို့သော် ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်ဆိုသည်မှာ ရှောင်လွှဲနိုင်သည့်အရာဟု ယူဆထားပါလျက် စစ်အင်အားတိုးချဲ့မှုများ၊ စစ်ရေးလက်နက်ပြိုင်ဆိုင်မှုများ၊ ပဋိပက္ခများကို ဆွေးနွးညှိုနှိုင်းခြင်းဖြင့် အဖြေရှာမှုများကို ငြင်းပယ်နေသည်များကို တွေ့နေရသည်။ ချစ်ကြည်ရင်းနှီးသော အပြုအမူများကို ထောင်ချောက်အဖြစ် သံသယရှိနေကြသည်။ ယင်းဖြစ်ရပ်များကြောင့် စစ်မက်ဖြစ်ပွားမှုကို ဦးတည်သွားနိုင်ပါသည်။

နောက်အမြင်တစ်ခုဖြစ်သည့် စစ်ဆိုသည်မှာ မဖြစ်နိုင်သည့် အရာဟု ယူဆမိပါကလည်း ရိုးအ ရာ ကျပါလိမ့်မည်။ စစ်ပွဲဆိုသည်မှာ လူတိုင်းအတွက် ကပ်ဘေးကိုသာ ဖြစ်စေသော်လည်း လူသား၏ ရူးမိုက်မှုကို မည်သည့် နတ်ဘုရား၊ မည်သည့် သဘာဝဥပဒေသကမျှ တားဆီးပေးနိုင်သည် မဟုတ်ပါ။ လူသား၏ ရူးမိုက်မှုကို ကုစားပေးနိုင်မည့် ဖြစ်နိုင်ခြေတစ်ခုမှာ မိမိကိုယ်ကိုယ်နှိမ်ချသည့် ဆေးသာလျှင် ဖြစ်ပါတော့သည်။ မိမိဘာသာ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုကသာ ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးဟူသော အမြင်ကိုပယ်၍ လူသားအားလုံးဆိုသည့် အမြင်မျိုးဖြင့်သာလျှင် လျှော့တွက်မထားသင့်သော လူသား၏ ရူးမိုက်မှုကို ကျော်လွှားနိုင်မည် ဖြစ်ပါတော့သည်။

စာညွှန်း။       ။ 21 Lessons for the 21st Century စာအုပ်မှ  ‘War’ အခန်းကို အနှစ်ချုပ်ပြန်ဆိုထားခြင်း ဖြစ်ပါသည်။

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *