၁၉၈၄  ရောက်တော့မလား  

George Orwell နောက်တစ်အုပ် ထပ်ညွှန်းချင်ပါတယ်။

ဒီစာအုပ်အကြောင်း မကြားဖူးသေးတွေဆို ကျွန်တော့်အညွှန်းခေါင်းစဉ်ကြည့်လိုက်တာနဲ့ သိပ္ဗံဝတ္ထုတွေထဲကလို ကာလယန္တရားကိုစီး၊ ခေတ်နောက်ပြန်သွားတော့မလား ထင်စရာပါ။ ၁၉၈၄ က ထွက်တဲ့အချိန်က ၁၉၄၉။ နောင်နှစ်လေးဆယ်လောက်မှာ ကြုံရမယ့် အနာဂတ်ကို ရေးထားတာ။ အဲဒီအချိန်ကျရင် ကြုံရမယ့် နည်းပညာတွေ၊ အစိုးရတွေ၊ ကံကြမ္မာတွေကို စဉ်းစားရေးဖွဲ့ထားတာ။ သိပ္ဗံဝတ္တု science-fiction လို့ ပြောချင်ပြောနိုင်ပေမယ့် တကယ်က နိုင်ငံရေးဝတ္ထုပါ။ နိုင်ငံရေးဝတ္ထုမှာမှ အရမ်းပေါက်သွားတဲ့ ၀တ္ထုဖြစ်ပြီး အဲဒေီဝတ္ထုထဲမှာ ထွင်သုံးခဲ့တဲ့ စကားလုံးတွေဟာ ကမ္ဘာ့နိုင်ငံရေးအဘိဓာန်တွေထဲကို ရောက်သွားခဲ့တယ်။ အနာဂတ်မှာ နိုင်ငံသူနိုင်ငံသားတွေကိုနည်းပညာနဲ့ အရာရာစောင့်ကြည့်ထိန်းချုပ်တဲ့ Totalitarian အလုံးစုံချုပ်ကိုင်တဲ့ အာဏာရှင်စနစ်ကြီး ပေါ်ထွန်းလာမယ့်အကြောင်းကို George Orwell က မှန်းဆရေးဖွဲ့ထားတာ။ ဒီစာအုပ်ပေါက်ချက်က အာဏာရှင်လုပ်ရပ်တွေဆိုရင် Orwellian လို့ ခေါ်ကြတဲ့အထိပါပဲ။ ဘာသာစကားပေါင်းများစွာနဲ့ ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်ပါ။

George Orwell နဲ့ မရင်းနှီးသူတွေ ရှိမစိုးလို့ မိတ်ဆက်ပေးချင်ပါတယ်။ George Orwell ဟာ ကိုလိုနီခေတ်က မြန်မာပြည်မှာနေထိုင်အမှုထမ်းခဲ့တယ်။ ပြင်ဦးလွင်(မေမြို့)၊ မော်လမြိုင်၊ ကသာဒီမြို့တွေ အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားကို ၁၉၂၀ ပြည့်နှစ်တွေမှာ ရောက်ရှိသွားလာခဲ့တယ်။ အာဏာရှင်စရိုက်ကို အကောင်းဆုံးရေးသားဖော်ပြသွားခဲ့သူ၊ အာဏာရှင်ဆိုရင် Orwellian ဆိုပြီး တွဲမြင်ခံရတဲ့ George Orwell နဲ့ ရင်းနှီးတဲ့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်နဲ့ တွဲမြင်ခံရတဲ့ နိုင်ငံ ဖြစ်လာခဲ့တယ်။

ဒီစာအုပ်အမျိုးအစားကို Dystopia လို့ ခေါ်ကြတယ်။ ‘လောကငရဲ’ ပေါ့။ ခုလက်ရှိ အနေအထားထက် အလွန်ဆိုးရွားတဲ့ နိုင်ငံ၊ ခေတ်ကိုစိတ်ကူးပြီး ရေးဖွဲ့ကြတာ။ Utopia လို့ ခေါ်တဲ့ ‘လောကနိဗ္ဗာန်’ နဲ့ ပြောင်းပြန်။ Utopia က အစစအရာရာ သာယာချမ်းမြေ့ပြီး လိုတာရတဲ့ နေရာမျိုး။ အရင်တစ်ခေါက်က ညွှန်းခဲ့တဲ့ George Orwell ရဲ့ Animal Farm ကိုလည်း Dystopia စာရင်းထဲ ထည့်ကြတယ်။

Big Brother ဟာ နိုင်ငံသူနိုင်ငံသားတွေကို စောင့်ကြည့်နေတယ်။ ‘ပါတီက အမှန်တရားလို့ ပြောတဲ့အရာမှန်သမျှဟာ အမှန်တရား’ တဲ့။ Newspeak ဆိုတဲ့ အစိုးရသုံး အင်္ဂလိပ်စာအရ ‘bad’ ဆိုတဲ့ စကားနေရာမှာ ‘ungood’ လို့ သုံးကြတယ်။ မကောင်းတာကို မကောင်းဘူးမပြောဘဲ စကားလုံးလှလှနဲ့ ဖုံးကွယ်ဖို့၊ ၀ါဒဖြန့်ဖို့ ကြိုးစားတယ်လို့ ၀တ္ထုရေးဆရာက ပြောချင်တာ။

ဆိုဗီယက်ပြည်ထောင်စုအပါအ၀င် ကွန်မြူနစ်နိုင်ငံတော်တော်များများမှာ ဖြစ်ပွားတာတွေဟာ ၁၉၈၄ ထဲမှာ ဖြစ်သွားတာနဲ့ တူပါတယ်။ တစ်ခုပဲရှိတယ်။ ၁၉၈၄ ထဲကလို Telescreenနဲ့ နေရာတိုင်းကနေ စောင့်ကြည့်တဲ့နည်းပညာတော့ မဟုတ်ဘဲနဲ့ သူ့ထက်နိမ့်တဲ့ နည်းပညာတွေရယ်၊ အိမ်နီးနားချင်းတွေက အိမ်နီးနားချင်းတွေအကြောင်း သတင်းပေး၊ သူငယ်ချင်းတွေက သူငယ်ချင်းတွေအကြောင်း သတင်းပေးတဲ့ နည်းတွေနဲ့ လုပ်ခဲ့ကြတာ။ ကနေ့ခေတ်မှာတော့ George Orwell ၁၉၄၉ တုန်းက မှန်းသလောက် စွမ်းတဲ့ နည်းပညာတွေ ပေါ်လာပြီ။ ဒီတော့ ၁၉၈၄ ရောက်လာတော့မလား။

၁၉၈၄ အခြေအနေနဲ့ အနီးစပ်ဆုံးက တရုတ်လို့ ထင်ကြသူတွေ များတယ်။ တရုတ်က ကွန်မြူနစ်တစ်ပါတီ ဖြစ်တယ်။ ပါတီ့အာဘော်၊ အစိုးရအာဘော်ကို ထင်ဟပ်တဲ့ သတင်းစာတွေ၊ မီဒီယာတွေရှိတယ်။ ပြည်သူလူထုကို အမြဲစောင့်ကြည့်နေတယ်။ တရုတ်ရဲ့ Social Media တွေကတော့ လန့်စရာအကောင်းဆုံးလို့ မြင်ကြသူတွေ မနည်းပါ။ တရုတ်ရဲ့ Social Media တွေဖြစ်တဲ့ Wechat တို့ ၊ Sina Weiboတို့၊ QQ တို့ကနေ ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေသာမက စိတ်ကူးတွေကိုပါ အစိုးရက သိနေတယ်လို့ ထင်ကြတာ။ တရုတ် Social Media တွေဟာ ၁၉၈၄ ထဲက Telescreen လောက်က အဆင့် ရောက်နေပြီလို့ ထင်ကြတယ်။ လက်ကိုင်ဖုန်းတွေ၊ ဈေးဝယ်တာတွေကနေလည်း တရုတ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အစိုးရက ရထားပြီးပြီလို့ တွက်ကြတယ်။ ဒါပေမဲ့ ထူးဆန်းတာက ၁၉၈၄ တစ်ကျော့ပြန်ခေတ်ထလာတာက ဒီမိုကရေစီဝါရင့်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာပါ။ သမ္မတ Trump တက်လာပြီးတဲ့နောက် ၂၀၁၇ နှစ်ဆန်းမှာ ၁၉၈၄ ဟာ Amazon ရဲ့ ရောင်းအကောင်းဆုံးစာရင်းမှာ နံပါတ်တစ်ချိတ်သွားတယ်တဲ့။ Trump ရဲ့ စကားတွေ၊ လုပ်ရပ်တွေ၊ သူ့ထိပ်တန်းလက်ထောက်တချို့ရဲ့ လုပ်ရပ်တွေ စကားတွေဟာ ၁၉၈၄ ထဲက အစိုးရရဲ့ ပုံပန်းသဏ္ဍာန်တွေ သွားတူနေသတဲ့။

၁၉၈၄ ဟာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ဖြစ်တယ်။ မြန်မာပြည်ကနေ အတွေ့အကြုံတွေ ရခဲ့တဲ့ George Orwell ရေးတဲ့အတွက် ပိုဖတ်သင့်တယ်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *