မိုင်းဖုန်းဆရာတော်

The Voice

ထိုင်း- မြန်မာနယ်စပ်ရှိ လိုဏ်ဂူတစ်ခုအတွင်း ပိတ်မိပျောက်ဆုံးခဲ့သည့် တောဝက်ဘောလုံးအသင်းသားလေးများကို ပြန်တွေ့မည်ဟု   မိန့်ကြားခဲ့ခြင်းနှင့်ပတ်သက်၍ ဂုဏ်သတင်းမွှေးပြန့်ကျော်ကြားလာခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင်လည်း သုံးစွဲသူသောင်းနှင့်ချီ မျှဝေ၊ ပြောဆိုမှုများ အထူးကျယ်ပြန့်လာခဲ့သော မိုင်းဖုန်းဆရာတော်ကို ယခုနှစ်၏ ထူးခြားထင်ရှားသူတစ်ဦးအဖြစ် ရွေးချယ်လိုက်ပါသည်။

ဆရာတော်သည် ပျောက်ဆုံးနေသည့် ထိုင်းကလေးငယ်တစ်ဒါဇင်ခန့်ရှိရာ လိုဏ်ဂူသို့ လာရောက်ပြီး မေတ္တာပို့ဆုတောင်းကာ ပြန်အထွက်တွင် တစ်ရက်၊ နှစ်ရက်အတွင်း ပြန်တွေ့မည်ဟု မိန့်ကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ပြန်လည်တွေ့ရှိခဲ့သည့်အကြောင်းက ကမ္ဘာ့မီဒီယာစာမျက်နှာအသီးသီးတွင် ဖော်ပြခဲ့ရသည်။

သက်တော် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သည့် မိုင်းဖုန်းဆရာတော်ဦးဉာဏသံဝရ သို့မဟုတ် ခူးဝါးဝန်းစုမ့်ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ကျိန်းဆဲမြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား ရှမ်းမိဘနှစ်ပါးမှ မွေးဖွားခဲ့ပြီး အသက် ၁၁ နှစ်အရွယ်မှစ၍ သင်္ကန်းဝတ်ခဲ့သူ ဖြစ်သည်။

ကိုရင်ငယ်ဘ၀မှာပင် ကျောင်းဆောက်လှူဒါန်းနိုင်ခြင်း၊ ရသမျှ အလှူပစ္စည်းများကို ပြန်လည်စွန့်လွှတ်လှူဒါန်းခြင်း၊ ဝါတွင်းသုံးလပတ်လုံး ဂူအောင်းတရားကျင့်ခြင်းစသည့် အကြောင်းများကြောင့် ‘ပါရမီရှင်ကိုရင်လေး’ ဟူသော အမည်နာမဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း (အထူးသဖြင့် တာချီလိတ်မြို့ မိုင်းဖုန်းဒေသ)နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ထင်ရှားလူသိများလာခဲ့သည်။

တပ်မတော်အစိုးရလက်ထက်၂၀၀၄ ခုနှစ်က ရှမ်းခေါင်းဆောင်များကို ပြည်ထောင်စုမှ ခွဲထွက်ရေးစည်းရုံးရေးတရားဟောခြင်းများ ပြုလုပ်သည်ဟုဆိုကာ ဆရာတော်ကို အစိုးရက ဖမ်းဆီးရန်ကြိုးပမ်းလသဖြင့် ဒကာဒကာမများ၏ တောင်းပန်လျှောက်ထားချက်အရ ထိုင်းနိုင်ငံသို့ ခေတ္တကြွချီနေထိုင်ခဲ့စဉ် မြန်မာနိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်အပိတ်ခံခဲ့ရသည်။

သမ္မတဦးသိန်းစိန်လက်ထက် ဆရာတော်၏ တပည့်သာဝက ရှမ်းလူမျိုးအမတ်များက ဆရာတော်ပြည်ဝင်ခွင့် ပြန်လည်ရရှိရန် လွှတ်တော်တွင်မေးခွန်းများ မေးမြန်းခဲ့ကြပြီးနောက် ၂၀၁၃ ခုနှစ်အတွင်း ပြည်ဝင်ခွင့်ပြန်လည်ရရှိခဲ့သည်။

လူသူမနီးသည့် တောတောင်လိုဏ်ဂူများထဲတွင် ဝါတွင်းသုံးလ၀စီပိတ် ဂူအောင်းတရားကျင့်နေစဉ် သစ်သီးဆွမ်းကိုသာ ဘုန်းပေးလေ့ ရှိပြီး ဝါထွက်ပွဲတွင် ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံမှ တပည့်သာဝကထောင်နှင့် ချီ၍ ဆရာတော်ကို လာရောက်ဖူးမြော်ကာ တရားနာယူလေ့ရှိကြသည်။ ၂၀၁၈ ခုနှစ်အတွင်း ဆရာတော်သည် ရန်ကုန်မြို့သို့ ကြွရောက်လာသည့်အတွက် ဆရာတော်အပေါ် စိတ်ဝင်စားမှုက ပို၍ ကြီးမားလာခဲ့သည်။ ပြည်ဝင်ခွင့်ပြန်လည်ရရှိစဉ် ၂၀၁၃ ခုနှစ်က ရန်ကုန် ကမ္ဘာအေးသို့ ကြွချီပြီးနောက် ပထမဆုံးအဖြစ် ရန်ကုန်မြို့သို့ ပြန်လည်ကြွရောက်ခဲ့ခြင်း ဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့ ပြည်သူ့ရင်ပြင်တွင် တရားပွဲပြုလုပ်ရန် စီစဉ်ထားသော်လည်း အကြောင်းကြောင်းကြောင့် မပြုလုပ်ဖြစ်တော့ဘဲ မန္တလေးမြို့သို့ ကြွရောက်ကာ စွယ်တော်ဘုရားအနီးတွင် တရားပွဲပြုလုပ်ခဲ့ခြင်းကလည်း ထူးခြားမှုတစ်ခုဖြစ်သည်။

ဆရာတော်၏တရားကို နာလိုသူများစွာရှိသော်လည်း မည်သည့် နေ့ရက် မည်သည့်နေရာတွင် တရားဟောကြားမည်ဟု ဓမ္မပြက္ခဒိန်မရှိသဖြင့် စီစဉ်ထားပြီး မကြွဖြစ်သည်များလည်း ရှိသည်။

ဆရာတော်သည် ယခုနှစ်တွင် ထိုင်းနိုင်ငံတောဝက်အသင်းမှ အသင်းသားကလေးငယ်များနှင့် ပတ်သက်၍ လူသိများလာခဲ့သော်လည်း ယခင်ကတည်းက မြန်မာ၊ ထိုင်း၊ လာအိုသုံးနိုင်ငံ ဆုံဆည်းရာ ရွှေတြိဂံဒေသနှင့် ရှမ်းပြည်နယ်တွင် နေထိုင်သူတို့၏ အထူးကိုးကွယ်ခံရသူဖြစ်သည်။

လက်ရှိဘူတန်နိုင်ငံ၏ ဘုရင်သည် မိုင်းဖုန်းဆရာတော်၏ တပည့်ရင်းဖြစ်ပြီး ထိုင်းဘုရင်မင်းမြတ်ကလည်း ကိုးကွယ်ကြောင်း ဆရာတော်နှင့် နီးစပ်သူတို့က ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်းက မြန်မာပြည်တွင်းခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ဖူးမြော်ခဲ့ခြင်း၊ တပ်မတော်ခေါင်းဆောင်တို့လည်း ပင့်ဖိတ်ဖူးမြော်ခဲ့ခြင်းများရှိခဲ့သည်။

ဆရာတော်၏ ထူးခြားသည့်အချက်အချို့အနက် ကိုရင်ငယ်ဘ၀မှ ယခုအချိန်အထိ အလှူမခံခြင်း၊ ဓာတ်ပုံ၊ အဆောင်လက်ဖွဲ့မရောင်းခြင်းတို့ ပါဝင်ပြီး မိမိကိုလှူဒါန်းလာသည့် ငွေနှင့် မော်တော်ယာဉ်တို့ကိုလည်း အခြားသူများသို့ ပြန်လည်စွန့်လွှတ်လှူဒါန်းခြင်းများ ပြုလုပ်လေ့ရှိသည်။

သားသတ်လွတ်ဆွမ်းဘုဉ်းပေးခြင်း၊ ဖိနပ်မစီးခြင်း၊ ဝတ္ထုငွေ၊ ပစ္စည်းလေးပါး ကိုင်တွယ်မှုမရှိခြင်း တို့ကြောင့်လည်း ဆရာတော်အပေါ် ပိုမိုယုံကြည်သက်ဝင်ကြပြီး ဆရာတော်၏မွေးနေ့တွင် သက်ကြီးရွယ်အိုများကို အဖြူရောင်ဝတ်စုံများ စွန့်ကြဲလှူဒါန်းလေ့ရှိသည်ဟု တပည့်သာဝကတို့က ပြောဆိုကြသည်။

တရားဟောကြားရာတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ဘူတန်၊ တရုတ်၊ အင်္ဂလိပ်အပြင် ပါဠိ၊ ရှမ်း၊ ပလောင်စသည့် ဘာသာစကားအမျိုးမျိုးဖြင့် ဟောကြားလေ့ရှိသူလည်း ဖြစ်သည်။ အမြဲတစေ မေတ္တာဘာဝနာပွားများနေသူလည်း ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ကို ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခံခဲ့ရသည်။

တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသခံတို့က သာမန်ရဟန်းတစ်ပါးထက်ပို၍ ထူးခြားသောပုဂ္ဂိုလ်၊ စရဏအားကောင်းသူဟု ယုံကြည်လက်ခံထားကြသည့် မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဘူတန် စသည့်နိုင်ငံများမှ ယုံကြည်ကိုးကွယ်မှုကို ကုန်ခဲ့သည့် ဆယ့်ငါးနှစ်ကျော်ကပင် ရရှိနေပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဆရာတော်၏ဩဇာအရှိန်အဝါ ပိုမိုထွန်းတောက်လာသည့်အတွက် ၂၀၁၈ ခုနှစ်၏ ဘာသာရေးနယ်ပယ်မှ ထူးခြားထင်ရှားသည့်ပုဂ္ဂိုလ်  တစ်ဦးအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်ပါသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *