ပြည်သူကြောက်ရဲများ မဖြစ်စေရေး

ဓာတ်ပုံ - မိုးကျော်လွင်

ကာကွယ်ပေးရမည့်သူများ၏ လက်ချက်ကြောင့် သေရသည့် အဖြစ်မျိုးနှင့် ကြုံနေရသည်။

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသူများ စစ်ဆေးခံနေရစဉ် အသက်သေဆုံးမှု၊ လူမှားကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုတို့ ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။

ရန်ကုန်တိုင်းသံလျင်မြို့နယ်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးစစ်ဆေးခံရာမှ သေဆုံးမှုကြောင့် ရဲတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ အရေးယူသင့်သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ဥပဒေဘက်တော်သားများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များက ယင်းကဲ့သို့ ဥပဒေချိုးဖောက်နေခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်က ပြောကြားသည်။

“ရဲတပ်ဖွဲ့ဝင်တွေက ဟိုနေရာမှာ လူမှားဖမ်းတယ်။ ဒီနေရာမှာ လူမှားဖမ်းတယ်။ ဘယ်ပြည်သူကို ဘယ်ပုဒ်မနဲ့ မတော်တလျော် ဖမ်းပြီးတော့ စစ်ကြေားရေးထဲမှာ လက်လွန်သွားတယ်။ အဲဒါတွေက နေရာအနှံ့အပြားမှာ ဖြစ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

ဖြစ်ရပ် (၁)

သူခိုးဟု လူမှားကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရမှုများဆက်တိုက်ဖြစ်နေသည်။

ရန်ကုန်တိုင်းအလုံမြို့နယ်တွင် ယင်းသို့ မှားယွင်းဖမ်းဆီးခံရသူမှာ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် Babylon Trekking & Camping Tour ၏ ဒါရိုက်တာ ဦးအောင်စိုးထိုက် ဖြစ်သည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီခန့်က ဦးအောင်စိုးထိုက်သည် ငါးနှစ်သားအရွယ် သမီးငယ်ကို အလုံသစ်တောလမ်းတွင် သွားကြိုစဉ် အရပ်ဝတ်လူနှစ်ဦးက ၎င်းကို စစ်ဆေးရန်ရှိ၍ လိုက်ခဲ့ရန် ခေါ်ဆောင်ခြင်း ခံရသည်။

မည်သည့်ကိစ္စကြောင့် လိုက်ခဲ့ရမည်နည်းဟု မေးမြန်းခဲ့သော်လည်း ပြန်မမေးရန်နှင့် အသာတကြည်လိုက်ခဲ့ရန်သာ ပြန်လည်ပြောဆိုကြောင်း ဦးအောင်စိုးထိုက်က ရှင်းပြသည်။

ယင်းနောက် အဆိုပါအရပ်ဝတ်နှစ်ဦး ခေါ်ဆောင်သွားသည့် အလုံမြို့နယ်စောလင်းပိုင် (တောင်ပိုင်း) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ လိုက်ပါခဲ့ရသည်။ ယင်းရုံးတွင် ၁၀ မိနစ်ခန့်နေရပြီးနောက် ရဲနှစ်ဦးနှင့် အရပ်ဝတ် လူအနည်းငယ်ရောက်လာပြီး ၎င်းကို လက်ထိပ်ခတ်၍ ကားတစ်စီးပေါ်သို့ တင်ကာ အလုံမြို့မရဲစခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးအောင်စိုးထိုက်က ပြောဆိုသည်။

ရဲစခန်းရောက်ချိန်တွင် သူခိုးဟု စွပ်စွဲကာ ရဲတပ်ဖွဲ့ဝင်အချို့က ရိုက်နှိက်ပြီး အတင်းအဓမ္မ ဝန်ခံခိုင်းကြောင်း၊ ၎င်းကို စစ်ဆေးသည့် အခန်းတွင် ရဲတပ်ဖွဲ့ဝင်ငါးဦးခန့်ရှိပြီး နှစ်ဦးမှာ အရက်မူးနေကြောင်း ၎င်းက ဆိုသည်။

“စစ်တာထက် ဝန်ခံခိုင်းတာပေါ့နော်။ ပုံစံထိုင်ခိုင်းတယ်။ ထုတယ်။ ရိုက်တယ်။ ကျွန်တော်က ရှင်းပြတာလည်း ဘယ်လိုမ မရဘူး။ မခိုးဘူးပြောတာလည်း မရဘူး။ ရင်ဘတ်တွေကို ထိုးတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် ဆဲဆိုခြင်း၊ ခြိမ်းခြောက်ကြိမ်းမောင်းခြင်းများလည်း ပြုလုပ်ကြောင်း၊ ယင်းသို့ စစ်ဆေးနေစဉ်တွင် CCTV မှတ်တမ်းတစ်ခုတွင် ဖုန်းခိုးသွားသည့် တရားခံတစ်ဦးကို ပြသကာ ဖုန်းခိုးသွားသူမှာ ၎င်းနှင့် ပုံစံဆင်တူသဖြင့် ရိုက်နှက်စစ်ဆေးနေသည်ကို သိရကြောင်း ဦးအောင်စိုးထိုက်က ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်စစ်ဆေးသော်လည်း ဖုန်းခိုးသည်ဟု ဝန်မခံသဖြင့် လူမိုက်ဟု ယူဆရသူတစ်ဦးကို ခေါ်ကာ ခြိမ်းခြောက်နှိပ်စက်ခိုင်းပြန်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လူမိုက်ကို အခန်းထဲ ခေါ်ထဲပြီး လူမိုက်က ကျွန်တော်ကို လည်ပင်းညစ်ပြီးတော့ မင်းဖော်ရင် ဖော် မဖော်ရင်တော့ ဒီည သေပြီလို့ ပြောတယ်။ ရှေ့မှာ လုပ်ခံထားရတော့ ကျွန်တော်လည်း နည်းနည်းလည်း သွေးပျက်နေပြီ” ဟု ၎င်းက ဆိုသည်။

ထိုအချိန်တွင် အလုံမြို့နယ်ရဲမှူးသည် ရဲစခန်းသို့ လာရောက်သည်နှင့်ကြုံပြီး စခန်းတွင် စောင့်နေသည့် ၎င်းအမျိုးသမီးနှင့် သူငယ်ချင်းများက မြို့နယ်မှူးအား ဖြစ်စဉ်ကို ပြောပြပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

မြို့နယ်မှူးနှင့် ရဲတပ်ဖွဲ့ဝင်အချို့ကမူ အဆိုပါဖြစ်ရပ်ကို တရားမစွဲရန် တောင်းပန်ခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။ ထိုအဖြစ်အပျက်မျိုးကို ဦးအောင်စိုးထိုက် တစ်ယောက်တည်း ခံစားခဲ့ရခြင်းတော့ မဟုတ်ပေ။

ဖြစ်ရပ် (၂)

ဦးအောင်စိုးထိုက်ထက် ကံဆိုးသူမှာ သံလျင်မြို့နယ်က တက္ကစီယာဉ်မောင်း ကိုအောင်အောင် ဖြစ်သည်။

သူခိုးဟု သံသယရှိသည့် ခရီးသည်နှစ်ဦးကို တက္ကစီပေါ်တင်ဆောင်လာစဉ် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်ကိုလည်း သူခိုးဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးစဉ် စစ်ကြောရေးကာလတွင် အသက်သေဆုံးသွားခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၂ရက်နေ့တွင် ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရပြီး ၁၄ ရက်ခန့်အကြာတွင် ရိုက်နှက်စစ်ဆေးခံရသည့် ဒဏ်ရာများကြောင့် အသက်ဆုံးရှုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သူခိုးမဟုတ်ဟု ငြင်းဆန်လေလေ ရိုက်နှက်ခံရလေဖြစ်ပြီး နောက်ပြန်လက်ထိပ်ခတ်ကာ ရင်ဘတ်ကို တုတ်ဖြင့် ရိုက်ခြင်း၊ ကျင်စက်ဖြင့် တို့ခြင်း၊ ဒူးထောက်ထိုင်ခိုင်းပြီး ကျောကုန်းကို ခြေထောက်ဖြင့် ကန်ခြင်း စသည်ဖြင့် နှိပ်စက်ခံခဲ့ရသည်ဟု သားဖြစ်သူက ဖွင့်ပြောခဲ့ကြောင်း မိခင်ဖြစ်သူဒေါ်အေးက ရှင်းပြသည်။

ယင်းသို့ ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် အမှုကိုတရားရုံးသို့ စွဲချက်မတင်နိုင်ခင် စက်တင်ဘာလ၂၆ ရက်နေ့တွင် ကိုအောင်အောင် သေဆုံးသွားသည်။

ကိုအောင်အောင်သည် မိဘကိုလုပ်ကျွေးနေသူဖြစ်ပြီး ရပ်ကွက်ထဲတွင် ပရဟိတအလုပ်များလည်း လုပ်ကိုင်နေသူဖြစ်ကာ သူခိုးမဟုတ်ကြောင်း ၎င်း၏ မိခင်ဒေါ်အေးက ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး ထောင်ဝင်စာသွားတွေ့ချိန်တွင် အကျဉ်းသားများက တွန်းလှည်းဖြင့် ထုတ်လာကြောင်း၊ ဖမ်းဆီးရသည့်နေ့တွင် ရဲသတင်းပေးများက ရိုက်နှက်ကာ အချုပ်ထဲထည့်လိုက်သည်ဟု သားဖြစ်သူက ဆိုကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်မ တော်တော်ခံစားရတယ်။ ကလေးက အိမ်မှာ မိဘတွေကို လုပ်ကျွေးနေတာပါ။ မိသားစုဝင်သုံးဦးကို သူပဲ လုပ်ကျွေးနေတာ။ အခု အဲဒီလိုဖြစ်သွားတော့ တော်တော်ခံစားရတယ်။ ဒီဟာကို အမှုမှန်ပေါ်စေချင်တယ်”ဟု ဒေါ်အေးက ပြောဆိုသည်။

ယင်းအမှုတွင် ရဲတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ အရေးယူသင့်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ဖြစ်ရပ် (၃)

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်နေ့ ည၇နာရီခန့်က ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ၌ မိသားစုနှင့်အတူ နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားသည် မိခင်ဖြစ်သူနှင့် စကားများကာ ကျောင်းလွယ်အိတ်ထဲ အဝတ်အထည်များထည့်၍ အိမ်ပေါ်မှ ဆင်းသွားသည်။

အိမ်ပေါ်မှ ဆင်းလာပြီး ဆေးရုံဝင်းအတွင်း သွားလာနေစဉ် ဆေးရုံလုံခြုံရေး တာဝန်ကျရဲတပ်ဖွဲ့ဝင်များက အဆိုပါကျောင်းသားကို သူခိုးဟုဆိုကာ ဖမ်းဆီးသွားသည်။

ယင်းနေ့ ည ၉ နာရီခန့်တွင် သားဖြစ်သူကို မသင်္ကာမှုဖြင့် ဖမ်းဆီးထား၍ မိဘများချက်ချင်း လာရောက်ရန် ထားဝယ်မြို့မရဲစခန်းက ဖုန်းဆက်၍ မိသားစုဝင်များ ရဲစခန်းသို့ လိုက်သွားခဲ့သည်။

ဖမ်းဆီးစဉ်က ဆိုင်ကယ်ပေါ်သို့ တက်စဉ် ဦးခေါင်းကို လေးချက်ခန့်ရိုက်နှက်ခံရပြီး အချုပ်ခန်းတွင် လက်ထိပ်ခတ်ကာ မျက်နှာကို လေးချက်ခန့်ရိုက်နှက်စစ်ဆေးသည်ဟု သားဖြစ်သူက ပြောဆိုကြောင်း ကျောင်းသား၏ ဖခင်ဖြစ်သူ ဦးကျော်စိုးမိုးက Dawei Watch သတင်းဌာနသို့ ပြောဆိုထားသည်။

သားဖြစ်သူအား အိမ်ကို ပြန်ခေါ်လာပြီးနောက် နှာခေါင်းပေါက်မှ သွေးကျလာ၍ ဆေးရုံတင်ရပြီး မျက်နှာနှင့် မျက်လုံးအနီးဖူးရောင်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခွင့်လွှတ်ပေးရန်နှင့် အမှုဖွင့်တိုင်ကြားခြင်းမပြုရန် နိုဝင်ဘာ ၁၆ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ရဲတပ်ဖွဲ့ဝင်အချို့က လာရောက်တောင်းပန်ခဲ့ကြောင်း ဦးကျော်စိုးမိုးက ပြောဆိုထားသည်။

“အမှုတော့ မလုပ်ချင်ပါဘူးဗျာ။ သံသယရှိတိုင်း ခေါ်ပြီး ရိုက်စစ်လို့ ရလားလို့ ရိုက်တဲ့လူတွေကို မေးချင်တယ်”ဟု ၎င်းက Dawei Watch သို့ ပြောဆိုထားသည်။

ရိုက်နှက်စစ်ဆေးခွင့် ရှိ မရှိ

ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးမိသူများကို စစ်ဆေးရာတွင် ရိုက်နှက်စစ်ဆေးရန်အတွက် ဥပဒေမရှိဟု မှတ်ချက်ပေးသူက အငြိမ်းစားဒုတိယရဲမှူးကြီးဦးညွန့်လှိုင် ဖြစ်သည်။

“အဲဒီလိုလုပ်ခွင့်တော့ မပေးထားဘူး။ နောက်ပြီး ရဲစည်းကမ်းလည်း ရှိတယ်။ အဲဒီလို ရဲက နှိပ်စက်စစ်ဆေးတယ်ဆိုရင် ပြစ်ဒဏ်လည်း ချမှတ်နိုင်တယ်”ဟု ၎င်းက ပြောကြားသည်။

မည်သည့်အတွက်ကြောင့် စစ်ဆေးမေးမြန်းခံရသည်ဖြစ်စေ တရားခံကို ရိုက်နှက်စစ်ဆေးရန် ဥပဒေမရှိကြောင်း ၎င်းက ဆိုသည်။ ရဲစည်းကမ်းထိန်းသိန်းရေးဥပဒေနှင့် ရဲတပ်ဖွဲ့ကျင့်ဝတ်တွင်လည်း ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူကို စစ်ဆေးရာတွင် ရိုက်နှက်နှိပ်စက်ပါက ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

“အခုလို ရိုက်နှိက်စစ်ဆေးရင်တော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ငြိနေပြီ။ ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး”ဟု ဦးညွန့်လှိုင်က ပြောဆိုသည်။

အကျဉ်းသား၊ အချုပ်သား သို့မဟုတ် ဖမ်းဆီးခံရသူတစ်ဦးဦးကို ရိုက်နှက်ခြင်း၊ အခြားနည်းဖြင့် နှိပ်စက်ခြင်းတို့ကြောင့် ရဲတရားရုံးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ လျော့သည့်ပြစ်ဒဏ်ကို ဖြစ်စေ ထိုက်သင့်စေရမည်ဟု ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းဥပဒေတွင် ပါရှိသည်။

“အခုဖြစ်စဉ်တွေက ၀ရမ်းမပါဘဲ ဖမ်းတဲ့ဖြစ်စဉ်တွေ ဖြစ်နေတာပေါ့။ ၀ရမ်းမပါဘဲ ဖမ်းတာတော့ ပြဿနာ မရှိသေးဘူး။ ရဲက အဲဒီလူကို ရိုက်နှက်စစ်ဆေးတယ်ဆိုရင်တော့ ပြဿနာရှိသွားပြီ။ ရဲက ဖမ်းဆီးပြီးရင်လည်း ဥပဒေနဲ့အညီ လုပ်ရတယ်။ ရဲက နှိပ်စက်စစ်ဆေးမေးမြန်းဖို့ ဥပဒေမှာ မပြဋ္ဌာန်းထားဘူး”ဟု ဦးညွှန့်လှိုင်က ရှင်းပြသည်။

အချုပ်သားအား အနိုင့်အထက်ပြုရန် မလိုဘဲ ကိုယ်ထိလက်ရောက်ကြမ်းကြုတ်ရက်စက်စွာပြုသော ရဲကို ရဲအက်ဥပဒေပုဒ်မ ၄၃ (စ) သို့မဟုတ် ရာဇသတ်ကြီးဥပဒတွင် ပြဋ္ဌာန်းထားသည့် နာကျင်စေမှုပုဒ်မများဖြင့် အရေးယူနိုင်ကြောင်း ရဲလက်စွဲတွင် ဖော်ပြထားသည်။

ထို့အပြင် အရေးယူနိုင်သည်ထက် အနိုင်ကျင့်နှိပ်စက်သော ရဲကို ရာထူးအဆင့်အတန်းမရွေး သက်ဆိုင်ရာဌာနအကြီးအကဲများက အဆိုပါရဲ၏ ကောင်းခဲ့သည့် အချက်များကိုပင် မထောက်ဘဲ ရာထူးမှအမြဲတမ်းထုတ်ပယ်ရမည်ဟု ရဲလက်စွဲတွင် ပါရှိသည်။

ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို အချုပ်သားအားစော်ကားခြင်းဖြင့် မစွန်းထင်းရအောင် ရဲအားလုံးက ကြိုးစားကာကွယ်ကြရမည်ဟု ရဲလက်စွဲတွင် ရေးသားထားသည်။ ရဲတပ်ဖွဲ့ဝင်များသည် ရဲသင်တန်းများတပ်ကာ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သော်လည်း ထိုအချက်များကို မျက်ကွယ်ပြုနေကြသလော။

ရဲတပ်ဖွဲ့ဝင်များအနေနှင့် ရဲလုပ်ငန်းကို မကျွမ်းကျင်ခြင်း၊ စစ်ဆေးသည့်အခါ စစ်ဆေးသည့် နည်းလမ်းကို မကျွမ်းကျင်ခြင်းကြောင့် ဖြစ်ကြောင်း၊ စစ်ဆေးသည့်အခါ အချက်အလက် သက်သေများကို လုံလောက်အောင် ရှာဖွေကာ စွပ်စွဲခံရသူငြင်းချက် မထုတ်နိုင်အောင် လုပ်ဆောင်နိုင်ပါက ယင်းကဲ့သို့ အမှားမျိုး မဖြစ်နိုင်ကြောင်း ဦးညွှန့်လှိုင်က သုံးသပ်သည်။

နှိပ်စက်ခံနေရသည့် ပြဿနာသည် ကိုအောင်စိုးထိုက်တစ်ယောက်တည်း ခံနေရခြင်း မဟုတ်။ ၎င်းအဖြစ်အပျက်ကို Facebook တွင် ရေးသားလိုက်ပြီးနောက် အလားတူကြုံဖူးသူများ Messenger မှတစ်ဆင့် ဖြစ်ရပ်များကို လာရောက်ပြောဆိုကြကြောင်း ဦးအောင်စိုးထိုက်က ပြောဆိုပြီး ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ရဲတပ်ဖွဲ့ဆိုတာ ပြည်သူတွေ အားကိုးအားထားပြုရမယ့်အဖွဲ့အစည်းတစ်ခု ဖြစ်သင့်တာ။ အခုက ရဲတပ်ဖွဲ့ကို ပြည်သူတွေ ကြောက်နေရသလို ဖြစ်နေတယ်”

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *