လုပ်အားခတွင် ငွေအတုများပါသဖြင့် စင်ကာပူက ပြန်လာသည့် မြန်မာအိမ်အကူ အဖမ်းခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၇

စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် အမျိုးသမီးထံမှ ငွေစက္ကူအတုများဖမ်းမိသဖြင့် စစ်ဆေးရာ အိမ်ရှင်က ပေးလိုက်သည့် လုပ်အားခဖြစ်သည်ဟု ထွက်ဆိုကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့က ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့က သတင်းအရအဆိုပါ မြို့နယ် လယ်ကြားမြောင်ကျေးရွာတွင် နေထိုင်သည့် အသက်၂၅ နှစ်အရွယ် နော်သော့သွဲ့ထူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းကျပ် တစ်သောင်းတန်အတု ၁၅၄ ရွက်ကို တွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအမျိုးသမီးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် စင်ကာပူသို့ သွားရောက် အိမ်အကူလုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အိမ်ရှင်အမျိုးသမီးထံမှ လုပ်အားခ တောင်းခံခဲ့ကြောင်း၊ အိမ်ရှင်က ယခုနှစ်နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ MM Sharife Trader သို့ သွားရောက်ကာ စင်ကာပူဒေါ်လာ ၃၁၀၀ ကျော်ကို လှဲလယ်ရာမှ ရရှိသည့် မြန်မာကျပ်ငွေ ၂၉ သိန်းကျော်ကို ပေးလိုက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းမိသည့်ငွေအတုမှာ စင်ကာပူက အိမ်ရှင်အမျိုးသမီးလှဲလယ် ပေးလိုက်သည့် ငွေကြေးများဖြစ်သည်ဟု ထွက်ဆိုထားကြောင်း၊ နော်သော့သွဲ့ထူးကို မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ တို့ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံသားနှစ်ဦးထံမှ ငွေစက္ကူအတုတွေ့သဖြင့်  ပြီးခဲ့သည့်သီတင်းပတ်က ဖမ်းမိလိုက်မှုကြောင့် စင်ကာပူနိုင်ငံတွင် မြန်မာငွေလဲလုပ်ငန်းများကို စင်ကာပူရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးနေသည်။ 

မြန်မာပြည်တွင်းတွင်လည်း ငွေစက္ကူတစ်သောင်းတန်၊ ငါးထောင်တန် အတုများ၊ ငွေစက္ကူအတုပြုလုပ်သည့် စက်များနှင့် ဆက်စပ်ပစ္စည်းများ မကြာခဏဖမ်းမိနေပြီး အချို့အမှုများတွင် ဘဏ်ဝန်ထမ်းများပါ ပါဝင်ပတ်သက်နေသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *