စစ်ပွဲကြားပိတ်မိသူများ လွတ်မြောက်ရေးတောင်းဆိုသူ သုံးဦး ထောင်ဒဏ်ချခံရ၍ လူနှစ်ရာခန့်ဆန္ဒပြ

The KACHIN TIMES

ရန်ကုန်၊ ဒီဇင်ဘာလ ၇

ကချင်ပြည်နယ်တွင် တိုက်ပွဲများကြား ပိတ်မိနေသော ဒုက္ခသည်များလွတ်မြောက်ရေးဆန္ဒပြပွဲ ဦးဆောင်သူသုံးဦးကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်လိုက်သဖြင့် လူနှစ်ရာခန့်က ဆန္ဒပြကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

တပ်မတော်က အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသော ဒုက္ခသည်များလွတ်မြောက်ရေး ဦးဆောင်ဆန္ဒပြ တောင်းဆိုသည့် ဦးလွမ်းဇောင်း၊ ဒေါ်နန်ပူနှင့် ဦးဇော်ဂျတ်တို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ်ခြောက်လ၊ ငွေဒဏ်ငါးသိန်းစီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အမိန့်ချမှတ်မှုကို မကျေနပ်သည့် လူငယ်များက မြစ်ကြီးနားမြို့နယ် တရားရုံးမှ မနောကွင်းအထိ ချီတက်ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူများထံမှ သိရသည်။

“ဆန္ဒပြမယ်လို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ လူငယ်တွေက မတရားမှုကို မခံနိုင်လို့ မကျေနပ်လို့ ပြုလုပ်ရင်းကနေ ဆန္ဒပြသလို ဖြစ်သွားတာပါ”ဟု ကချင်လူငယ်များကွန်ရက်အဖွဲ့၏ အတွင်းရေးမှူးမဆွတ်ဆိုင်းထွယ်က ပြောဆိုသည်။

ချီတက်ဆန္ဒပြရာတွင် လူငယ်များသည် FAIL LAW ၊တရားဥပဒေစိုးမိုးမှု မရှိ၊ တရားမျှတမှု ရရှိရေး၊ ထောင်ဒဏ်ချမှတ်သူ သုံးဦးကို ချက်ချင်းလွှတ် စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။

အဆိုပါချီတက်ဆန္ဒထုတ်ဖော်ပွဲကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် မဆွတ်ဆိုင်းထွယ်နှင့် ကိုစိုင်းအောင်ခွန်အောင်တို့ကို မြစ်ကြီးနားမြို့မရဲစခန်းက လာရောက်တွေ့ဆုံရန် အကြောင်းကြားထားကြောင်း မဆွတ်ဆိုင်းထွယ်က ပြောဆိုသည်။

တပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင် (KIA) တို့အကြား ဧပြီလလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပိတ်မိပြည်သူများလွတ်မြောက်ရေး ဧပြီ ၃၀ ရက်မှစတင်ကာ မြစ်ကြီးနားမြို့တွင် ဆန္ဒဖော်ထုတ်ခြင်း၊ သပိတ်စခန်းဖွင့်လှစ်ခြင်းတို့ ပြုလုပ်ခဲ့ကြပြီး တစ်လခန့်အကြာတွင် ပြန်လည်ပိတ်သိမ်းခဲ့ကြသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *