တရုတ်တွင် ကန်ဒေါ်လာလေးသန်းကျော်တန်ဖိုးရှိ အလှကုန်ပစ္စည်းအတုများ ဖမ်းဆီးရမိ

ဘေဂျင်း၊ ဒီဇင်ဘာ ၇

တရုတ်နိုင်ငံတွင် အမေရိကန် ဒေါ်လာလေးသန်းကျော် တန်ဖိုးပမာဏရှိသည့် အလှကုန်ပစ္စည်းအတုများကို ဖမ်းဆီးနှိမ်နင်းခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် လိုင်စင်မရှိသော အလှကုန်များနှင့် အလှကုန်ပစ္စည်းအတုများကို ဖြန့်ချိနေသော အဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့က နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

ယွမ်သန်း၃၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်း) တန်ဖိုးပမာဏရှိသည့် Botox နှင့် ဗိုက်တာမင်စီထိုးဆေးအတုများ၊ ယခုနှစ်ခြောက်လအတွင်း ဈေးကွက်ကွန်ရက်အတွင်း ရောင်းချနေသည့် ပြည်ပမှ တရားမဝင်တင်သွင်းလာသည့် အလှကုန်ပစ္စည်းများကို တရုတ်ရဲက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါနှိမ်နင်းမှုတွင် ဆက်စပ်ပတ်သက်နေသူ ငါးဦးကို တရုတ်အစိုးရက တရားစွဲဆိုထားသည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် အလှကုန်ပစ္စည်းအတုများ ပျံ့နှံ့နေဖွယ်ရှိပြီး ယင်း အလှကုန်များကို ကျိလင်းပြည်နယ်ရှိ ‘ကျိုး’ ဆိုသူ လူတစ်ဦး WeChat မိုဘိုင်းလ်ဖုန်း app မှတစ်ဆင့် ရောင်းချနေခြင်းလည်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ‘ကျိုး’၏ အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အသားအရေထိန်းသိမ်းရာတွင် အသုံးပြုသည့် hyaluronic acid ပုလင်း ၂,၃၀၀ ခန့်နှင့် အလှကုန်ပစ္စည်းအတုများကို သိမ်းဆည်းရမိခဲ့သည်။

တရုတ်နိုင်ငံသည် မျက်နှာခွဲစိတ်ကုဈေးကွက်တွင် ကမ္ဘာ့အကြီးဆုံးဈေးကွက်တစ်ခုဖြစ်ပြီး ခွဲစိတ်ကုသမှုမပါသော အလှအပပြုပြင်မှုလုပ်ငန်းမှာလည်း ကြီးထွားလျက်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *