တက္ကသိုလ်ကျောင်းသားသေဆုံးမှု အမြန်ဆုံးဖော်ထုတ်ပေးရန် ကျောင်းသား ၂၀၀ ကျော်တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၇

ဆိုင်ကယ်ကို လုယူပြီး ရိုက်နှက်သောကြောင့် ကျောင်းသားသေဆုံးမှုတွင် ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်က ဒီဇင်ဘာလ ၇ ရက်နေ့တွင် တောင်းဆိုကြသည်။

အဆိုပါကျောင်းသား ၂၀၀ ကျော်သည် ရတနာပုံဆိုက်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီး မေမြို့-မန္တလေးလမ်းရှိ အခင်းဖြစ်ပွားရာနေရာ၌ ဒီဇင်ဘာလ ၇ ရက် နေ့လယ် ၁၁ နာရီတွင် နှင်းဆီပန်းများကိုင်ကာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ခွန်နိုင်ပြည့်ထွန်းက ပြောကြားသည်။

“တရားခံကို ဖမ်းပေးဖို့ ကျွန်တော်တို့ စောဒကတက်နေပါတယ်။ တရားခံကို မမိသေးတဲ့အတွက် ကျွန်တော်တို့က မကျေနပ်သေးဘူး။ ပြင်စာရဲစခန်းက ဒီကိစ္စနဲ့ ပတ်သက်ရင် ဖြေရှင်းပေးဖို့ အဓိကတာဝန်ရှိပါတယ်” ဟု ၎င်းကပြောဆိုသည်။

နည်းပညာတက္ကသိုလ်တွင် ဒုတိယ နှစ် ICT ဘာသာရပ် တက်ရောက်သင်ကြားနေသော ကိုထက်လင်းသန့်နှင့် ကျောင်းသူတစ်ဦးတို့ကို အမည်မသိလူသုံးဦးက ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီကျော်တွင် ဆိုင်ကယ်ကို လုယူရန် ရိုက်နှက်ခြင်းဖြစ်ကြောင်း ခွန်နိုင်ပြည့်ထွန်း က ဆိုသည်။

ရိုက်နှက်ခံရမှုကြောင့် ကိုထက်လင်းသန့်သည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျောင်းသူမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အသက်သေသည်အထိ ရိုက်နှက်ခံရမှုကို ရှုတ်ချပြီး ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ပေးရန် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနထံသို့ စာပို့တောင်းဆိုထားကြောင်း ရတနာပုံဆိုက်ဘာစီးတီးကျောင်းသားသမဂ္ဂထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ်ကတည်းက တစ်ခါတလေ ခေါင်းရိုက်ခံရတာတွေလည်း ခဏခဏ ဖြစ်တယ်ဗျ။ အဲဒီတုန်းကလည်း ပြည်ထဲရေးဌာနကို လုံခြုံရေးပေးဖို့တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့ တင်ပြတာကို လျစ်လျူရှုခဲ့လို့ အခုလို အသက်သေဆုံးရတဲ့အထိ ဖြစ်လာတယ်လို့မြင်တယ်” ဟု ခွန်နိုင်ပြည့်ထွန်းက ပြောဆိုသည်။

ကျောင်းသားအသက်သေသည်အထိ ရိုက်နှက်လုယက်ခံရမှုသည် ရဲအရေးပိုင်သည့်ကိစ္စဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက အရေးယူဆောင်ရွက်ရန် အာဏာမပိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောကြားသည်။

“ကျူးလွန်သူကို မိအောင်ဖမ်းပြီး သူ့ပြစ်မှုပြစ်ဒဏ်အတိုင်း အရေးယူရမှာပေါ့။ ကျွန်တော်တို့ကတော့ ထွေအုပ်ကို ပြောပေးမယ်။ ပြည်သူ့ရဲကို ပြောပေးမယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်တဲ့ဘက်က ကူညီပေးမယ်” ဟု ၎င်းကဆိုသည်။

ကျူးလွန်သူများကို အမြန်ဆုံးဖမ်းမိနိုင်ရန် ကျောင်းသားသမဂ္ဂများနှင့် ဆရာသမဂ္ဂများကလည်း တာဝန်ရှိသည့်ဌာနကို ဝိုင်းဝန်းဖိအားပေး တောင်းဆိုသင့်ကြောင်းလည်း ဒေါက်တာအောင်အောင်မင်းက မှတ်ချက်ပေးသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်စာရဲစခန်းထံ The Voice Journal  က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ရဲစခန်းဖုန်းပိတ်ထားသောကြောင့် မေးမြန်းခွင့်မရခဲ့ပေ။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်ကလည်း ကျောက်ဆည်မြို့တွင် ကျောက်ဆည် GTU ကျောင်းသားနှစ်ဦးကို လူသုံးဦးက ဆိုင်ကယ်ဖြင့်လိုက်ကာ ဖုန်းလုယူမှုဖြစ်ပွားခဲ့ပြီး လုယက်သူတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး အသက်သေဆုံးခဲ့သည်။ ယင်းအမှုတွင် လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်ပြီး လုယက်ရာတွင် ပါဝင်သူနှစ်ဦးကို အလုပ်ကြမ်းနှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *