CNN သတင်းဌာနတည်ရှိရာ နယူးယောက်မြို့ရှိ အဆောက်အအုံ ဗုံးလန့်

နယူးယောက်၊ ဒီဇင်ဘာ ၇

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ CNN ရုပ်သံသတင်းဌာနတည်ရှိရာ အဆောက်အအုံတွင် ဒီဇင်ဘာ ၆ ရက်နေ့ညက ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း NBC သတင်းတွင် ဖော်ပြထားသည်။

CNN သတင်းဌာန တည်ရှိရာ Time Warner အဆောက်အအုံတွင် ဗုံးငါးလုံးထောင်ထားကြောင်း နယူးယောက်ရဲဌာနသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်းကြောင့် အဆိုပါအဆောက်အအုံရှိ လူများကို ကယ်ထုတ်ခဲ့ရသည်။

CNN သတင်းဌာန သတင်းအစီအစဉ်တင်ဆက်သူ ဒွန်လယ်မွန်၏ တိုက်ရိုက်သတင်းထုတ်လွှင့်မှုပြုလုပ်နေစဉ် ဗုံးလန့်မှုကြောင့် အဆောက်အအုံမှ ထွက်သွားခဲ့ရကြောင်း ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ဒီဇင်ဘာ ၆ ရက် ည ၁၀ နာရီ ၇ မိနစ်တွင် အရေးပေါ်တယ်လီဖုန်း နံပါတ် ၉၁၁ သို့ ဗုံးထောင်ထားကြောင်း သတိပေးပြောဆိုမှုကို လက်ခံရရှိခဲ့ပြီး အဆောက်အအုံကို ရှာဖွေရာတွင် ဗုံးတွေ့ရှိခြင်းမရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုံးလန့်မှုဖြစ်ပွားအပြီး မကြာမီ ည ၁၀ နာရီခန့်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‘သတင်းတုတွေ၊ ပြည်သူ့ရန်သူ’ ဆိုသည့် စာကားလုံးများဖြင့် ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်သည် CNN အပါအဝင် သတင်းမီဒီယာအချို့အပေါ် ထိုကဲ့သို့ မကြာခဏချိုးနှိမ်ရေးသားလေ့ရှိသူလည်း ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလကလည်း CNN သတင်းဌာနအပါအဝင် သမ္မတထရမ့်ကို ဝေဖန်လေ့ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်အပါအဝင် ဒီမိုကရက်တစ်ပါတီထောက်ခံသူအချို့ စာအိတ်ဗုံးများ ပေးပို့ခံခဲ့ရသည်။

နောက်ပိုင်းတွင် စာအိတ်ဗုံးပို့သူဟု သံသယရှိသည့် စေဇာဆေးယော့ဆိုသူကို ဖမ်းဆီးခဲ့ပြီး ပြစ်မှု ၃၀ ကျော်ဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *