မြန်မာတွင်ကျင်းပမည့် အိန္ဒိယထိပ်တန်းစီးပွားရေး လုပ်ငန်းပြပွဲ အိန္ဒိယသမ္မတတက်ရောက်ဖွင့်လှစ်မည်

ရန်ကုန်၊ ဒီဇင်ဘာ၇

မြန်မာနိုင်ငံတွင် ကျင်းပမည့်အိန္ဒိယနိုင်ငံ ကုန်စည်ပြပွဲကို အိန္ဒိယသမ္မတရှရီ ရမ်နက်သ်ကိုဗင့်ဒ် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Vikram Misri က ပြောကြားသည်။

အိန္ဒိယနိုင်ငံထုတ်ကုန်များ၊ နိုင်ငံ တကာရှိ အိန္ဒိယစက်မှုလုပ်ငန်းများကို ဈေးကွက်ကွန်ရက်ချဲ့ထွင်နိုင်ရန် ရည်ရွယ်ပြသသည့် အိန္ဒိယနိုင်ငံကုန်စည်ပြပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ပြုလုပ်မည် ဖြစ်သည်။

အိန္ဒိယသမ္မတသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

ပြပွဲကျင်းပချိန်သည် အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်၏ မြန်မာနိုင်ငံဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်နှင့် တိုက်ဆိုင်နေသဖြင့် အိန္ဒိယသမ္မတကိုယ်တိုင်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အိန္ဒိယသံအမတ်ကြီး Mr.Vikram Misri က ပြောကြားသည်။

“အိန္ဒိယနိုင်ငံသမ္မတကြီးကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးမှာဖြစ်တဲ့တွက်ကြောင့် ဒီပွဲက အလွန်ထူးခြားတယ်။ နောက် ပြီးတော့ အခုချိန်က မြန်မာနိုင်ငံက စီးပွားရေးအရလုပ်သာကိုင်သာရှိတဲ့ အခွင့်အရေး ကောင်းတွေ ပေါ်တဲ့အချိန်လည်း ဖြစ်တယ်။ အဲဒီအတွက်ကြောင့် အိန္ဒိယနိုင်ငံ Trade and Investment ကို လာရောက်လုပ်တာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြပွဲတွင် အိန္ဒိယနိုင်ငံလယ်ယာလုပ်ငန်းခွင်သုံး စက်ကိရိယာ၊ မော်တော် ယာဉ်နှင့် စက်ယန္တရား၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပညာရေး၊ လျှပ်စစ်စွမ်းအင်လုပ်ငန်း ကုမ္ပဏီ ၄၅ ခုခန့် ပြသမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *