“နိုင်ငံခြားဘဏ်တွေကလည်း ဘယ်လိုထဲထဲဝင်ဝင်လာပါ့မလဲဆိုတာ အန်ကယ်လ်တော့ တော်တော်လေး သံသယဖြစ်တယ်”

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အငြိမ်းစားဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်နှင့် တွေ့ဆုံခြင်း

နိုင်ငံခြားဘဏ်ခွဲများက ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့်ချေးငွေဖြည်းဆည်းမှုကိုမဆို ဆောင်ရွက်နိုင်ရန်နှင့် အခြားသောဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ရန် နိုဝင်ဘာလ ၈ ရက်တွင် ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုဗဟိုဘဏ်ညွှန်ကြားချက်ကို စိတ်ဝင်စားသည့် နိုင်ငံခြားဘဏ်ခွဲများဆောင်ရွက်ရန် အချိန်တစ်နှစ်ခန့်ယူရမည်ဖြစ်ပြီး ပြည်တွင်းဘဏ်များ၏ ရပ်တည်မှုမှာ မေးခွန်းထုတ်စရာအနေအထားဖြစ်လာခဲ့သည်။ လက်ရှိပြည်တွင်းဘဏ်များ၏ အခြေအနေနှင့် နိုင်ငံခြားဘဏ်ခွဲများဝင်ရောက်လာပါက ဖြစ်ပေါ်လာနိုင်သည့်အခြေအနေတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အငြိမ်းစားဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်နှင့် The Voice Journal က တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။

The Voice Journal – ပထမဆုံးအနေနဲ့ နိုင်ငံခြားဘဏ်တွေဝင်လာခဲ့ပြီဆိုရင် ပြည်တွင်းက ကျွမ်းကျင်ဘဏ်ဝန်ထမ်းအပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာနိုင်လားခင်ဗျ။

UTL – အရင်ကတော့ နိုင်ငံခြားဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကို နှစ်မျိုး၊ သုံးမျိုးလောက် ပေးထားတယ်။ အခုကတော့ ထဲထဲဝင်ဝင် တော်တော်များများဝင်လာအောင် ခွင့်ပြုလိုက်တဲ့သဘောဖြစ်နေတယ်။ နိုင်ငံခြားဘဏ်တွေ တကယ်တမ်းဝင်လာအောင် ဖန်တီးတဲ့သဘော ဖြစ်တယ်။ တချို့ကပြောတယ်။ နိုင်ငံခြားဘဏ်တွေဝင်လာရင် ပြည်တွင်းဘဏ်တွေ အခက်အခဲဖြစ်မယ်။ သူတို့(ပြည်တွင်းဘဏ်တွေ)က အဆင်သင့်မဖြစ်သေးဘူး။ နောက် ပုဂ္ဂလိကဘဏ်အပိုင်းကလည်း ပြင်ဆင်မှုတွေလိုဦးမယ်လို့ ပြောကြတယ်။

ပုဂ္ဂလိကဘဏ်အပိုင်းက ပြန်ကြည့်ရင်လည်း နံပါတ်တစ်က ဒီနိုင်ငံခြားဘဏ်တွေဝင်လာတာကို ပြည်တွင်းဘဏ်တွေက ယေဘုယျသဘောဆိုရင် ကန့်ကွက်တာမဟုတ်ဘူး။ ကြိုတောင်ကြိုဆိုသေးတယ်။ နိုင်ငံခြားဘဏ်ဝင်လာခြင်းအားဖြင့် သူတို့ ဆီက Financial Technology ရတယ်။ ကိုယ့်ဆီမှာ နှစ်ပေါင်း ၅၀ နောက်ကျလာတဲ့ Financial Technology လက်ဆင့်ကမ်းပေးနိုင်တဲ့ အနေအထား မျိုးဖြစ်လာမယ်။ နံပါတ်နှစ်က ခုနကပြောတဲ့ ကျွမ်းကျင်ဘဏ်ဝန်ထမ်းတွေယိုစီးမှုပေါ့။ ဟိုက နိုင်ငံခြားဘဏ် ၁၃ ခုမှာ ဒီကဝန်ထမ်းတွေထွက်ပြီး အလုပ်လုပ်မလားပေါ့လေ။ အန်ကယ်လ်တို့ ပုဂ္ဂလိကဘဏ်က ဒီအတွက် မစိုးရိမ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒါက အဆင့်အမျိုးမျိုးနဲ့ထွက်ပြီး ဟိုဘက်မှာသွားလုပ်ပေမယ့်လည်း အန်ကယ်လ်တို့ဝမ်းသာတယ်။ ဒါက တိုင်းပြည်ရှုထောင့်က ကြည့်ရတာပေါ့။ ဒီဝန်ထမ်းတွေက ဟိုဘက်မှာသွားလုပ်ခြင်းအားဖြင့်လည်း ခုနပြောတဲ့အရည်အသွေးတွေ တက်လာမယ်။ အတွေ့အကြုံတွေရလာမယ်။ Technology တွေ နားလည်လာမယ်။ ဒီတိုင်းပြည်အတွက်ကောင်းတယ်လေ။ ဒီရှုထောင့်ကနေ ကြည့်ရမယ်။ နောက်တစ်ခုက သူတို့နိုင်ငံခြားဘဏ်တွေဝင်လာခြင်းအားဖြင့် ငွေပင်ငွေရင်းတွေဝင်လာမယ်။ ဒါကဗဟိုဘဏ်မှာလည်း သတ်မှတ်ချက်ရှိပြီးသား။ သူတို့ပိုက်ဆံ ဘယ်လောက်ယူလာမလဲဆိုတာတို့ ဘာတို့ဆိုတာ ရှိပြီးသား။ နောက်တစ်ချက်က ဗဟိုဘဏ်မျှော်လင့်နေတဲ့တစ်ချက်လည်း ရှိတာပေါ့။ နိုင်ငံခြားဘဏ်တွေက ငွေချေးမယ်ဆိုရင် ကျပ်နဲ့ချေးရမယ်ဆိုရင် နိုင်ငံခြားငွေတွေယူလာမယ်။ ကျပ်နဲ့ပြန်လဲမယ်။ တိုင်းပြည်က နိုင်ငံခြားငွေဝင်လာလို့ရှိရင် အခုကျနေတဲ့ကျပ်ငွေ တန်ဖိုးတွေ တဖြည်းဖြည်းပြန်တက်လာမလား။ ဒေါ်လာဈေးတွေ နည်းနည်းပြန်ကျလာမလား။ ဒီအမြင်တွေလည်းရှိတာပေါ့လေ။ ဖြစ်တာမဖြစ်တာက တစ်ပိုင်းပေါ့လေ။ ဒါက မျှော်လင့်ချက်လေးတွေပေါ့။

The Voice Journal – ဘဏ်ဝန်ထမ်းအပြောင်းအလဲကရော တကယ်ဖြစ်သွားနိုင်လား။ ပြည်တွင်းဘဏ်က ကျွမ်းကျင်ဝန်ထမ်းတွေသာ နိုင်ငံခြားဘဏ်တွေဘက် ပြောင်းသွားရင် စဉ်ဆက်မပြတ်လေ့ကျင့်ထားတဲ့ ဘဏ်ဝန်ထမ်းတွေ ပြည်တွင်းဘဏ်တွေမှာမရှိဘူးဆိုရင် အခက်မကြုံနိုင်ဘူးလား။

UTL – သိပ်ပြီးတော့ စိုးရိမ်စရာတော့မရှိပါဘူး။ နိုင်ငံခြားဘဏ် ၁၃ ခုလုံး ဗဟိုဘဏ်ဖိတ်ခေါ်ချက်နဲ့ ဒီထဲကို ဝင်လာမလား။ ဒါလည်း ပြောလို့မရဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးအနေအထားအရ စောင့်ကြည့်နေတဲ့အနေအထားလည်းရှိတယ်။ တချို့ဘဏ်လည်း ဝင်ချင်ဝင်မယ်။ ဒါပေမဲ့လို့ ဗဟိုဘဏ်က Retail Banking မပေးဘူးလို့ ကြားတယ်လေ။ Retail Banking ဆိုတာကတော့ ဘဏ်ခွဲတွေ ဆင့်ကဲ၊ ဆင့်ကဲ ဖွင့်ခွင့်မရသေးဘူး။ ဘဏ်ခွဲဆိုတာက တစ်ဘဏ်မှာ တစ်ခုပဲရှိမယ်။ လောလောဆယ် ပုဂ္ဂလိကဘဏ်တချို့ကနေ တော်တဲ့ပုဂ္ဂိုလ်တွေ ခေါ်ပြီးသုံးနေတာတော့ ရှိတယ်လေ။ နောက်ထပ် ထပ်ပြီးဖိတ်ခေါ်မလားဆိုတာတော့ သူတို့ဘယ်လောက်ခေါ်မလဲ။ အန်ကယ်လ်တော့ များများစားစားမမြင်ဘူး။ အဲဒီအပိုင်းမှာ ပုဂ္ဂလိကဘဏ်ပိုင်းက စိုးရိမ်မှုကင်းနေသေးတယ်။ ဒါက လတ်တလော အခြေအနေပါ။

The Voice Journal – နိုင်ငံခြားဘဏ်တွေ ဝင်လာလို့ ပေါင်းလုပ်ကိုင်ကြတဲ့အခါ ၆၅း၃၅ အချိုး။ ဒါက နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းပါရင် ပြည်ပလုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ သတ်မှတ်ထားတော့ ဒါက ဘဏ်လုပ်ငန်းအပေါ်ရော သက်ရောက်မှုရှိလား။

UTL – အဲဒါ တစ်ခုစဉ်းစားစရာအချက်ရှိတယ်။ Equity Participation က ခုနပြောတဲ့အချိုးနဲ့ပေါ့။ တစ်နည်းအားဖြင့် Joint Venture ပုံစံမျိုးပေါ့။ ဖက်စပ်ဆိုတာကလည်း ခင်ဗျားသိတဲ့အတိုင်းပဲ။ အရင်ခေတ်ကတော့ အတော်လေး Popular ဖြစ်တယ်။ သူတို့က ဒီအထဲမှာ ဖက်စပ်လုပ်မယ်ဆိုရင် သူတို့က ၃၅၊ ပြည်တွင်းက ၆၅ ဒါကလည်း ကုမ္ပဏီများ ဥပဒေအသစ်မှာလည်း ပြဋ္ဌာန်းပြီးသားပဲ။ တချို့နိုင်ငံ ခြားဘဏ်တွေက ဘာပြောလဲဆိုရင် သူတို့ ဗီယက်နမ်မှာ အတွေ့အကြုံရှိတယ်တဲ့။ ဖက်စပ်လုပ်တာတွေက သိပ်ပြီးတော့ မအောင်မြင်ဘူး။ ခုနပြောတဲ့ Equity  Participation နဲ့သွားတဲ့ Method ပေါ့။ ဖက်စပ်လုပ်တာလား။ ကိုယ်ရဲ့လက်ရှိရှယ်ယာကိုပဲ ထုတ်ရောင်း တာလား။ တစ်ခုခုပေါ့နော်။ သူတို့အတွေ့အကြုံအရ ဒါလည်း သိပ်မအောင်မြင်ဘူး။ ကိုယ့်အမြင် သူ့အမြင်က နည်းနည်းလေးကွာတယ်။ အခုနောက်ပိုင်း ဘာခေတ်စားလာလဲဆိုရင် Capital Market။ အဲဒီမှာ List လုပ်ထားတဲ့ကုမ္ပဏီတွေမှာ နိုင်ငံခြားက ရှယ်ယာဝယ် ခွင့်ကို အခုလေးပေးနေပြီထင်ပါတယ်။ ဝယ်ခွင့်ပေးလို့ရှိရင် နိုင်ငံခြားကုမ္ပဏီက ဒီမှာ ဒေါ်လာကို ကျပ်နဲ့လဲပြီး ဝယ်ပေါ့လေ။ ဒါက ဒေါ်လာဝင်နိုင်တဲ့ အလားအလာရှိတာပေါ့။ ရှယ်ယာဝယ်မယ်ဆိုရင် ဘယ်လောက်ဝယ်မယ်၊ ဘယ်လောက်ထုတ်ရောင်းမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှ ကုမ္ပဏီရဲ့ ဒါမှမဟုတ် ဘဏ်ရဲ့ Equity Participation မှာ သူလည်း ရှယ်ယာဝယ်ထားတဲ့အတွက် အထိုက်အလျောက်တော့ ဩဇာရှိတာပေါ့။ ဘာလို့ဆိုတော့ မလိုအပ်ရင် သူထုတ်ရောင်းမယ်လေ။ သူ့မှာက ရပိုင်ခွင့်လေးရှိနေတော့ မလိုချင်ရင် ထုတ်ရောင်းလိုက်၊ လိုချင်ရင် ဝယ်လိုက်ပေါ့။ နိုင်ငံခြားဘဏ်တွေအနေနဲ့လည်း ဒီမှာဝယ်ချင်ဝယ်မယ်။ ကုမ္ပဏီအနေနဲ့လည်း ဝယ်ချင်ဝယ်မယ်။ အဲဒီပုံစံမျိုးက ပိုပြီးကောင်းမယ်ထင်တယ်။ ခုနပြောတဲ့ ဖက်စပ်စနစ်ကတော့ နည်းနည်းလေး Out  of date ဖြစ်သွားပြီ လားပေါ့။

The Voice Journal – ဒါဆို ဘဏ်တွေက  မှာ Listed ဖြစ်အောင် လုပ်ရမှာပေါ့။

UTL – ဟုတ်ပါတယ်။ Listed ဆိုတာကတော့ သူက အရင်ဆုံး ဘဏ်တွေအနေနဲ့က အများပိုင်ဖြစ်ရမယ်။ အဲဒါ အရင်ကြိုးစားရမယ်။ ပြီးမှ Listed ဝင်အောင်လုပ်ရမှာပေါ့။

The Voice Journal – ဘဏ်တစ်ခုက Stock Exchange မှာ Listed ဝင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန် နိုင်ငံခြားဘဏ်တွေနဲ့ JV လုပ်ဖို့ဆိုရင် ခုနပြောတဲ့ Equity Ratio က ဘယ်လောက်ဖြစ်သင့်လဲဗျ။

UTL – ဒါကတော့ ဗဟိုဘဏ်ပေါ် မူတည်တာပေါ့။ နံပါတ်တစ်အရေးကြီးတာက Equity Participation  မှာ Company Act က ဘယ်လိုပဲဆိုစေကာမူ ဗဟိုဘဏ်က ခွင့်ပြုချက်လိုတယ်။ ဘာလို့ဆိုတော့ ငွေရေးကြေးရေးဥပဒေက ရှိနေတယ်။ ဒီတော့ ခွင့်ပြုရင်လည်း ခုနပြောတဲ့ ၃၅း၆၅ အချိုးနဲ့ လုပ်မလားပေါ့။ နိုင်ငံခြားဘဏ်တွေရှုထောင့်ကကြည့်ရင် ဗဟိုဘဏ်က ညှိနှိုင်းဖို့လိုတာပေါ့။ ဒီလိုပုံစံမျိုးနဲ့ ခင်ဗျားတို့ ဝင်ချင်လား။ ပုဂ္ဂလိကဘဏ်တွေကလည်း လိုလိုလားလားရှိပြီလားပေါ့။ အမှန်ကတော့ ပုဂ္ဂလိကဘဏ်ရှုထောင့်ကတော့ ငွေပင်ငွေရင်းလိုအပ်နေတယ်။ နံပါတ် ၂ က တော့ ခုနပြောတဲ့ Bank Technology က ရှိသင့်သလောက်မရှိဘူးပေါ့လေ။ အန်ကယ်လ်တို့လည်း ကြိုးစားနေတာပဲ။ ရှိသင့်တာတော့ ရှိတယ်ပေါ့လေ။ သူတို့လောက်တော့ မတိုးတက်သေးဘူးပေါ့။ ကိုယ့်ဝန်ထမ်းတွေ ဒီစွမ်းဆောင်ရည်၊ အတွေ့အကြုံလည်းရဖို့လိုတယ်။ အဲဒီအပိုင်းမှာလည်း စဉ်းစားစရာဖြစ်တယ်။

The Voice Journal – ပြည်တွင်းဘဏ်တွေက ဘဏ်ခွဲတွေ အများကြီးဖွင့်ပေမယ့်လည်း ဝန်ဆောင်မှုပိုင်းမှာတော့ A ဘဏ်ကနေ B ဘဏ်ကိုတောင် ငွေလွှဲဖို့က အများကြီးအခက်အခဲတွေရှိတယ်။ ဒါက ဘဏ်တွေချင်း ပူးပေါင်းမှုမရှိလို့လား၊ နည်းပညာ ပြဿနာလား။

UTL – အဓိကတော့ အဲဒီအပိုင်းမှာ အန်ကယ်လ်မြင်တာက နည်းပညာပိုင်းအားနည်းချက်ပါ။ ဘဏ်ခွဲတွေများတဲ့ KBZ ကိုတော့ အများကြီး အားကိုးကြတာကိုး။ ငွေပေးချေတဲ့အပိုင်းကျတော့ မြန်တယ်။ ကိုယ်က ပေးလိုက်ပြီ။ ကိုယ်ကပြန်ရတဲ့ အပိုင်းကျတော့ ကြန့်ကြာနေရော။ ဒါက နည်းပညာပိုင်းပေါ့။ နိုင်ငံခြားဘဏ်ကျတော့ သိပ်မြန်တယ်။ Data Centre တွေလည်း ဆောက်နေတာကိုး။ ဒီတော့ အပြစ်ပြောစရာမရှိဘူး။ ဒီဘက်မှာတော့ အန်ကယ်လ်တို့က နည်းပညာပိုင်းမှာ အများကြီးလိုတယ်။ ဥပမာ – ATM စက်မှာ ခဏခဏ Error ဝင်တာပေါ့လေ။ ပိုက်ဆံတွေ ထွက်မလာတာတို့၊ ပိုက်ဆံမရဘဲ စာရင်းမှာ နုတ်သွားတာတို့။ အန်ကယ်လ်တို့က ပြောတာကတော့ ကိုယ့်ဘဏ်ဆိုရင် ကိုယ့်စက်နဲ့သုံးတာပဲ အဆင်ပြေတယ်။ ဒီမှာလည်း MPU လိုမျိုးလုပ်တော့လုပ်နေပါတယ်။ သူက Centralized ။ ကောင်းပါတယ်။ လွယ်လွယ်ကူကူပေါ့။ ကတ်တစ်ခုရှိရင် ဘယ်နေရာမဆို ဘယ်စက်နဲ့ပဲဖြစ်ဖြစ် ထုတ်ချင်တာပေါ့။ ဘဏ်အသီးသီးရဲ့ စက်တွေကို ခွဲထုတ်နေရရင် ကိုယ့်ဘဏ်က စက်မရှိရင် ဒုက္ခရောက်တာပေါ့။ နည်းပညာပိုင်းမှာကျတော့လည်း အန်ကယ်တို့က နောက်ကျနေတယ်။ Cyber  Security ပိုင်းမှာလည်း အရေးကြီးလာပြီ။ ဒီကြားထဲ မှာ တစ်ခုခုဖောက်ထွင်းတာတွေဖြစ်လာရင် ကိုယ်ကျိုးနည်းတာပေါ့။ အဲဒါလေးတွေ အန်ကယ်လ်တို့က မြှင့်တင်ဖို့လိုတယ်။ ဒီတိုင်းပြည်မှာလည်း သိတဲ့အတိုင်း လျှပ်စစ်ကအစ ချို့တဲ့နေတာဗျာ။ အန်ကယ်လ်တို့ အားကိုးနေရတာက Satellite ။ မိုးတွင်းကျ Satellite က အဆင်မပြေဘူး။ Error ဝင်တတ်တာပေါ့။ KBZ ကတော့ ကိုယ့်ဘာသာ ဂြိုဟ်တုစနစ်လေးတွေ ထောင်ထားတော့ အားသာချက်တော့ ရှိတာပေါ့။ ဒီတိုင်းပြည်မှာခက်တာက သူများနိုင်ငံမှာလို Fiber  Optic ကို တော်တော်လေးကို အကန့်အသတ်နဲ့ သုံးနေရတာမို့ အခက်အခဲရှိတယ်။ သူများနိုင်ငံတွေက အများကြီးသုံးနေပြီပေါ့။ ဂြိုဟ်တုစနစ်ကတော့ မိုးတွင်းတို့၊ ရာသီဥတုမကောင်းတာတို့ဆို အများကြီးဒုက္ခပေးတာပေါ့။ နည်းပညာအခက်အခဲတွေရှိပါတယ်။ ဘဏ်များအသင်းရှိနေတော့လည်း အချင်းချင်းကူညီပေးတာတွေရှိပါတယ်။ မရှိဘူး မဟုတ်ပါဘူး။ နည်းပညာပိုင်းက အဓိကပါ။

The Voice Journal – နိုင်ငံခြားဘဏ်တွေဝင်လာရင် ပြည်တွင်းဘဏ်တွေကို ဘယ်လိုဆက်သွားရင် ကောင်းမလဲ။

UTL – ပြည်တွင်းဘဏ်ကတော့ မပြင်ဘူးမဟုတ်ဘူး။ ပြင်နေပါတယ်။ KBZ ဆိုလည်း K Pay တွေ ဘာတွေ လုပ်နေတာက ဒီသဘောပါပဲ။ ဧရာဘဏ်ဆိုလည်း လုပ်နေတယ်။ CB Pay ဆိုလည်း အန်ကယ်လ်တို့ထက် ရှေ့တောင်ပြေးသေးတယ်။ စပြီးလုပ်နေတာ ကြာပါပြီ။ တခြားဘဏ်တွေလည်းနေတာ အားသာချက်လေးတွေနဲ့ လုပ်နေတာပါပဲ။ နိုင်ငံခြားဘဏ်တွေလာရင် မပြင်ထားဘူးလားဆိုတော့ ပြင်နေပါတယ်။ သူတို့ထက် ဘယ်လိုအားသာချက်ရှိလဲဆိုတော့ ခုနပြောတဲ့ Retail banking ပေါ့။ သူတို့နဲ့လည်း အန်ကယ်လ်တို့ က ချိတ်ဆက်ထားတယ်။ KBZ ဆိုရင် ဂျပန်ဘဏ်နဲ့ Partnership Agreement ခေါ်တာပေါ့။ လက်မှတ်ထိုးထားတယ်။ တချို့ဘဏ်တွေနဲ့လည်း ရှိတယ်။ အန်ကယ်တို့ဆိုလည်း Microsoft ရဲ့ System တွေ သုံးတယ်။ အကုန်လုံးကတော့ အဆင်ပြေအောင်တော့ ချိတ်ဆက်နေတာပေါ့။ ဘဏ်ချင်း ချိတ်ဆက်မယ်။ နိုင်ငံခြားက အရေးကြီးတဲ့ Software System  တွေနဲ့ ချိတ်ဆက်တာတွေလုပ်နေတာပေါ့။ ဒီလိုတော့ ကြိုးပမ်းနေပါတယ်။ မလုပ်တာတော့ မဟုတ်ပါဘူး။

ခုနပြောတဲ့ ငွေပင်ငွေရင်း ရင်းနှီးရတဲ့နေရာမှာတော့ အကန့်အသတ်တော့ ရှိပါတယ်။ ဒီတိုင်းပြည်ကလည်း နှစ်ပေါင်း ၅၀ လောက်နောက်ကျနေတော့ လောလောဆယ် အခက်အခဲတော့ရှိတာပေါ့။ Institutional  Rating အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ ဘဏ်တွေ ဘာ Rating ရှိပြီလဲ။ ကမ္ဘာမှာအသိအမှတ်ပြုနေတဲ့ Rating တွေဒီမှာမရှိသေးဘူး။ Credit bureau  မရှိသေးဘူး။ နိုင်ငံခြားဘဏ်လာရင် အန်ကယ်လ်ပြောတယ်။ မင်းတို့လာတာဟုတ်ပြီ။ ငွေချေးလို့ရှိရင် ခင်ဗျားတို့ ဘာကိုအားပြုမလဲ။ သူများနိုင်ငံမှာက ပိုက်ဆံနည်းနည်းပေးလိုက်ရင် ဒီလူအကြောင်းသိချင်တယ်ဆို ချက်ချင်းရတာ။ ဒီမှာက လုပ်တုန်းကိုင်တုန်းရှိသေးတယ်။ Credit Guarantee Corporation  လည်း မရှိသေးဘူး။ အာမခံပေးမယ့်သူ။ ဒီပုဂ္ဂိုလ်က စိတ်ချရတယ်။ အရေးအကြောင်းဖြစ်လာတော့ အာမခံချက်ရှိလားဆိုတော့ ဒါလည်းမရှိသေးဘူး။ နိုင်ငံခြားဘဏ်တွေကလည်း ဘယ်လိုထဲထဲဝင်ဝင် လာပါ့မလဲဆိုတာ အန်ကယ်လ်တော့ တော်တော်လေး သံသယဖြစ်တယ်။ သူတို့နဲ့လည်း ဆွေးနွေးကြည့်ပြီးပြီ။ လောလောဆယ်တော့ စောင့်ကြည့်နေတုန်းပဲရှိသေးတယ်။ ဒါပေမဲ့ လာတော့လာမှာပါ။ မလာဘူးတော့ မဟုတ်ပါဘူး။ ဘာပဲပြောပြော ဒီမှာက အခွင့်အလမ်းတွေက ရှိနေတယ်။ လိုအပ်ချက်တွေကလည်း အကုန်ရှိတယ်။ A To Z ထိကို လိုနေတာပဲ။ ဒီလိုဖြစ်နေတဲ့နိုင်ငံ မှာ သူတို့ကမလာဘဲမနေဘူး။ လာမှာပဲ။ လုပ်မှာပဲ။ ငွေချေးလုပ်ငန်းတွေလည်း လုပ်မှာပဲ။ သေချာတယ်။ ခုနပြောတဲ့အခက်အခဲတွေတော့ ကြုံရမယ်။

The Voice Journal – ဗဟိုဘဏ်ရဲ့ ဖြေလျော့မှုကရော သင့်လျော်တဲ့ အခြေအနေ၊ အချိန်အခါ ဖြစ်ရဲ့လားဗျ။

UTL – အဲဒါဖြေဖို့ဆိုရင် သင့်လျော်တဲ့အချိန် ဟုတ် မဟုတ်ဆိုတာထက် ဒီဖြေလျော့မှုက ပြတ်ပြတ်သားသားဖြစ်ဖို့လိုတယ်။ နိုင်ငံခြားဘဏ်တွေကို ဒါတွေဒါတွေ ဖြေလျော့မယ်။ ဒါတွေတော့ မလုပ်ရဘူးဆိုတာမျိုး။ ဖြေလျော့တာကလည်း ဘယ်အချိန်အချိန်မှာ စပေးမယ်ဆိုတာမျိုး အချိန်ကန့်သတ်ချက်တို့ ဘာတို့ ဒါလေးတွေဖြစ်စေချင်တယ်။ အခုဖြေလျော့မှုပေးလိုက်တာက ယေဘုယျသဘောဖြစ်နေတယ်။ နိုင်ငံခြား ဘဏ်တွေက သူတို့လည်းတွေးပြီး သို့လော သို့လော ဖြစ်တာပဲ။ အန်ကယ်လ်တို့လည်း ဖြစ်တာပဲ။ သူတို့ (ဗဟိုဘဏ်) ကတော့ သတင်းစာရှင်းလင်းပွဲလုပ်တာပဲလေ။ တကယ်တမ်းက ဖြစ်သင့်တာက ဗဟိုဘဏ်က တစ်ခုခုလုပ်ပြီဆိုရင် အလေးအနက်စဉ်းစားရမယ်။ အတွေ့အကြုံရှိတဲ့သူတွေလိုတယ်။ ရှေ့မီနောက်မီ ပုဂ္ဂိုလ်တွေလည်း လိုတယ်။ နိုင်ငံခြားအတွေ့အကြုံရှိသူတွေလည်း လိုတယ်။ ဒါတွေအကုန်ပေါင်းစပ်ပြီးမှ ဒါတွေ လုပ်ရမယ်၊ ဒါတွေ မလုပ်ရဘူး၊ ဒါတွေကတော့ ၂ နှစ်၊ သုံးနှစ် မင်းတို့ စောင့်ဦးဆိုတာမျိုးဖြစ်ရမယ်။ အကုန်လုံးက Strategy ချပြီးလုပ်ထားရင် နိုင်ငံခြားဘဏ်တွေလည်း အထင်ကြီးတာပေါ့။ ပုဂ္ဂလိကဘဏ်တွေလည်း စိတ်သက်သာရာရတာပေါ့။ အခုက ယေဘုယျပြောလိုက်တော့ ဘာမှန်းညာမှန်းမသိဘူး ဖြစ်နေတာပေါ့။ ဗဟိုဘဏ်ပိုင်းကလည်း အလေးအနက် စဉ်းစားစေချင်ပါတယ်။ ခုနပြောတဲ့ ဗဟိုဘဏ်မှာတော့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်၊ အဓိကတော့ နိုင်ငံခြားသားဆို ပိုကောင်းတာပေါ့။ သေချာငှားပြုပြီး စနစ်တကျ မူဝါဒချ၊ Strategy ချပြီးမှလုပ်ရင် ပိုကောင်းတာပေါ့။ နိုင်ငံခြားဘဏ်အတွက်လည်း အကျိုးရှိတယ်။ ကိုယ့် ပြည်တွင်းဘဏ်အတွက်လည်း အကျိုးရှိတယ်။ ဘာမှလည်း ပြောစရာမလိုဘူး။ အများတကာလည်း ဗဟိုဘဏ်ကိုလေးစားမယ်။ ဒီတော့ ဗဟိုဘဏ်စကားလည်း နားထောင်မှာပေါ့။ အဲလိုလေးတွေ ဖြစ်စေချင်တယ်။

နောက် ပုဂ္ဂလိကဘဏ်တွေကလည်း ပေါ်လာတာ ကြာပါပြီ။ နိုင်ငံခြားဘဏ်တွေကလည်း လုပ်ပိုင်ခွင့်ပေးထားတာ ၂ နှစ်၊ သုံးနှစ်လောက်ရှိပါပြီ။ ပုဂ္ဂလိကဘဏ်တွေနဲ့ လက်ပွန်းတတီးဆောင်ရွက်နေတဲ့အနေအထားလည်းရှိတယ်။ သူတို့နဲ့ ငွေပေးငွေယူလုပ်တာလည်း ရှိပါတယ်။ ဒါတွေလည်းဖြစ်နေပြီဆိုတော့ ဘာစိုးရိမ်စရာလိုလဲပေါ့။ အန်ကယ်လ်အနေနဲ့ကတော့ နိုင်ငံခြားမှာရှိတဲ့ စင်ကာပူတို့၊ မလေးရှားတို့ ဥပမာထားပြောရင်ရတယ်။ ထိုင်းလည်း ဒီအတိုင်းပဲ။ သူတို့ဆီမှာလည်း နိုင်ငံခြားဘဏ်တွေဝင်လာရင် ဘယ်ပုံဘယ်နည်း ဆက်ဆံလဲကြည့်ရင် သူတို့လည်း ဒီလိုပဲ တစ်ဆင့်ချင်း ဖြေလျော့ပေးတယ်။ စင်ကာပူဆိုရင် ပိုသိသာတယ်။ ကောင်းတာကတော့ တစ်ဆင့်ချင်းဖြေလျော့တာက ကောင်းတယ်။ နိုင်ငံခြားဘဏ်အတွက်လည်း ကောင်းတယ်။ ပြည်တွင်းဘဏ်အတွက်လည်း ပိုအဆင်ပြေတယ်။

The Voice Journal – ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ အန်ကယ်လ်တို့ ဝိဝါဒကွဲပြီး မရှင်းဖြစ်နေတဲ့အချက်က ဘာများလဲ။ ဥပမာ တစ်ခုနှစ်ခု ပြောပြ ပါလား။

UTL – ဝိဝါဒကွဲတာတွေကို သူတို့ (ဗဟိုဘဏ်က) လည်း သတင်းစာရှင်းလင်းပွဲမှာတော့ ပြောပြီးပြီလေ။ အန်ကယ်လ်တို့မေးတာက ဒေါ်လာနဲ့ ချေးခွင့်ပြုတာလား၊ ကျပ်နဲ့ ချေးခွင့်ပြုတာလား။ သူတို့က ကျပ်နဲ့ပဲ ချေးရမယ်ပေါ့။ ကျပ်နဲ့ပဲချေးရမယ်ဆိုရင် ပြည်တွင်းဘဏ်တွေလုပ်တဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲလား။ သူ (ပြည်ပဘဏ်တွေ) ချေးနိုင်တဲ့အတိုးနှုန်းက သူလုပ်နိုင်တဲ့အတိုင်းဆိုရင် Level Playing Field  မဟုတ်တော့ဘူး။ တစ်ပြေးညီဖြစ်ရမှာ။ ပြည်တွင်းကို ဝင်လာပြီဆိုရင် ပြည်တွင်းဘဏ်စည်းမျဉ်း စည်းကမ်းအတိုင်းပဲ လုပ်ရမှာ။

အဲလိုတော့ လုပ်မယ်လို့တော့ ပြောတာပေါ့ဗျာ။ ဒါမျိုးတွေ မရှင်းမရှင်းတွေ ဖြစ်တာပေါ့ဗျာ။ နိုင်ငံခြားဘဏ်တွေကလည်း သူတို့ဘက်က ကြည့်ရင် မရှင်းလင်းတာတွေရှိပါတယ်။ သူတို့လည်း ဆွေးနွေးကြည့်ဦးမယ်ဆိုတာတွေ ရှိပါတယ်။ ဒါတွေပြီးမှပဲ ဒီလကုန်လောက် အတိအကျ (ကြေညာချက်) ထုတ်မယ်လို့တော့ (ဗဟိုဘဏ်က)ပြောတာကြားတာပဲ။ဒါလည်း ကောင်းပါတယ်။ အန်ကယ်လ်တို့က တော့ စောင့်ကြည့်ရမှာပဲ။

The Voice Journal – ဒေါ်လာကို ပြည်တွင်းက လုပ်ငန်းတွေမသုံးဖို့ ပြောနေတာ သုံးကြိမ်လောက် ရှိပြီပေါ့လေ။ အခုနောက်ဆုံးတစ်ခေါက် ကြေညာတယ်။ အခုထိလည်း သုံးနေဆဲပဲ။ ဘာ့ကြောင့် မအောင်မြင်သေးတာလဲ။

UTL – သူတို့က အဲဒါ တော်တော်လေးခက်တာပေါ့။ ထိုင်းမှာသွားရင် ဘတ်နဲ့ပဲ ငွေရတာ။ ဒေါ်လာသွားပေးလို့ မရဘူး။ တစ်ခါက အရင်ဗဟိုဘဏ်နေတုန်းက ကုန်တိုက်မှာဈေးဝယ်တော့ သူတို့ငွေကုန်သွားရော။ ဒေါ်လာပေးမယ်ဆိုတော့ လက်မခံဘူး။ အဲဒီနေရာမှာ သွားလဲမှာပါတဲ့။ လူတွေကျပ်နေတယ်၊ ကျွန်တော်အချိန်မရလို့ပါဆိုတော့ ဒါဆိုလည်း ဒီဘက်ကိုလာပါဆိုပြီး အရေးပေါ်လဲပေးတယ်။ အများကြီးတော့ မရဘူး။ ဒေါ်လာ ၂၀ ဖိုးလောက်ပေါ့။ ဘာပဲပြောပြော သူတို့ငွေနဲ့ပဲ ပေးချေရတယ်။ ဘယ်သူမှ နိုင်ငံခြားငွေနဲ့ ပေးချေရမယ်ဆိုတဲ့စနစ်ကို လုပ်မထားဘူး။ဟိုလူတွေကလည်း လိုက်နာတယ်။ ဆိုင်တွေဘာတွေကလည်း လိုက်နာတယ်။ အဲလိုလိုက်နာနိုင်အောင် ဗဟိုဘဏ်က ကြပ်မတ်ဖို့လိုတယ်။ ဦးစိုးသိန်းစကားအရတော့ ကြပ်မတ်မယ်လို့ ကြားတယ်။ အဲဒီလိုကြပ်မတ်ပြီးတော့ ပညာပေးကာလ လုပ်မယ်လို့လည်း ကြားတယ်။ အရင်ကလည်း ထုတ်ဖူးတာပဲ။ ဒါ မလိုက်နာကြဘူး။ နောက်ကွယ်ကနေ ဒေါ်လာနဲ့ပဲ အပေးအယူလုပ်နေကြတာကိုး။ တစ်ဖက်ကကြည့်ရင်လည်း အပြစ်မဆိုသာဘူး။ နိုင်ငံခြားငွေလဲလှယ်နှုန်းကလည်း အတက်အကျမြန်တော့ လူတွေ ကလည်း လန့်တယ်ဗျ။ လန့်တော့ ကျပ်နဲ့ယူပြီး ဒေါ်လာဈေးတက်ရင် ရှုံးပြီဆိုတော့ လန့်ကြတယ်။ ရှုံးတာ မြတ်တာထက် ဗဟိုဘဏ်က ကြပ်မတ်ဖို့လိုတာက ကျပ်ငွေအပေါ်မှာ ယုံကြည်ကိုးစားမှုမြင့်မားလာအောင် ဆောင်ရွက်ရမှာ။ ဆောင်ရွက်ဖို့အတွက်ကတော့ အရေးယူရမှာပေါ့ဗျာ။ ကျပ်နဲ့မပေးဆောင်ရင် ဒဏ်ငွေအကြီးကြီးသာ ချလိုက်တော့။ ဒီလိုလုပ်ပေါ့။ အားနာနေလို့တော့မရဘူး။ သူကတော့ လူကြီးသားသမီးမို့ဆိုပြီး ဒီလိုလုပ်လို့တော့မရဘူး။ ကိုယ်ကလုပ်ရင် ကြပ်ကြပ်မတ်မတ်လုပ်။ အကောင်းဆုံးကတော့ ဒဏ်ငွေချ။ ထောင်ဒဏ်ချစရာမလိုပါဘူး။ အခုပညာပေးကာလလုပ်မယ်ဆိုတာလည်း ကောင်းပါတယ်။

The Voice Journal – ကျေးဇူးတင်ပါတယ်ဗျ။

 

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *