“ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက လူတွေရဲ့ Culture ကို ပြောင်းမှဗျ”

YBS စနစ်သို့ပြောင်းလဲခဲ့သည်မှာ လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။ ၂ နှစ်ပြည့် YBS ၏ အခြေအနေ အကဲဖြတ်ချက်များကို Power Eleven ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းနှင့် The Voice Weekly က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ရပါသည်။

The Voice Journal – လာမယ့် ဇန်နဝါရီ ၁၆ ရက်မှာ YBS ၂ နှစ်ပြည့်တော့မယ်။ YRTA က ပွဲလုပ်ဦးမှာလားခင်ဗျ။ ဘယ်လိုသိထားပါသလဲ။

UTTW – ဒီနေ့အစည်းအဝေးကို အခြေခံပြီး ပြောရမှာပဲ။ ဒီနေ့ ၁၀ နာရီ YRTA စည်းကမ်းထိန်းသိမ်းရေးဌာနမှာ လုပ်တာ။ YBS ၂ နှစ်ပြည့်လုပ်မယ်။ ၂၀၁၉ ဇန်နဝါရီလ ၁၆ မှာ။ မနှစ်ကလုပ်တဲ့ ဟိုတယ်မှာပဲ။ ဒီနှစ်ကတော့ သေချာလုပ်မယ်ပေါ့။ မီဒီယာတွေလည်း နေရာစနစ်တကျလုပ်မယ်ဆိုပြီး ပြောသွားပါတယ်။

The Voice Journal – ၂ နှစ်ပြည့်တဲ့ အချိန်မှာ YBS ကုမ္ပဏီတွေရဲ့ စည်းကမ်းပိုင်းက ဘယ်လိုရှိလဲ။

UTTW – ၂ နှစ်ပြည့်တဲ့အချိန်မှာ ကုမ္ပဏီတွေရဲ့အခြေအနေကို YRTA က ထုတ်ပြန်မယ်လို့ပြောတယ်။ သူတို့က ဒီကုမ္ပဏီတွေကို အမှတ်ပေးစနစ်နဲ့ လုပ်ဖို့ဆိုတဲ့ ဝန်ကြီးချုပ်လမ်းညွှန်ချက်ရှိတယ်။ တစ်နှစ်တစ်ခါတော့ အကောင်အထည်ဖော်ရမှာ။ အခုတော့ ၂ နှစ်ပြည့်မှ အကောင်အထည်ဖော်ဖြစ်တယ်။

The Voice Journal – ဒါဆို ကုမ္ပဏီတွေကို အမှတ်ပေးစနစ်မှာ ဘာတွေပါလဲ။

UTTW – ဥပမာ – ကုမ္ပဏီတွေကို အရင်ဆုံး အမှတ် ၁၀၀ ပေးထားတယ်။ ယာဉ်တိုက်မှုများရင် အမှတ်လျှော့မယ်။ တိုင်စာများရင်လျော့မယ်။ နောက် ဝန်ဆောင်မှုညံ့တာ၊ ကားတွေရဲ့ ပုံရိပ် မကောင်းတာ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံ အဲဒါတွေကို အကဲဖြတ်တာ။ ၂ နှစ်ပြည့်ရင် ထုတ်ပြန်မယ်လို့ ပြောတယ်။ ထုတ်ပြန်ပြီး ဆုပေး၊ ဒဏ်ပေးသွားမယ်လို့ ပြောတယ်။

The Voice Journal – YBS ကတ်စနစ်ရော ဘယ်လိုအခြေအနေရှိလဲ။ ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးကြသေးလား။

UTTW – ကတ်စနစ်ကတော့ YRTA ဘက်ကကို အသံမထွက်တာဗျ။ သူ့ သက်ဆိုင်ရာကုမ္ပဏီနဲ့စကားပြောကြည့်တော့ ကုမ္ပဏီကတော့ MIC ကို တင်ထားတယ်တဲ့။ MIC ခွင့်ပြုရင် သွင်းလို့ရပြီလို့ ပြောတယ်။ ကတ်တွေသွင်းဖို့တော့ သူတို့ကုမ္ပဏီက စီစဉ်နေတယ်။

The Voice Journal – အခု ၂ နှစ် ပြည့်တဲ့အခါ YBS ကို အကဲဖြတ်ကြည့်ပေးပါ။ ဘယ်လိုအခြေအနေရှိလဲ။

UTTW – ကျွန်တော်ကတော့ အလွယ်လေးပဲလုပ်ထားတာ။ YBS စနစ်ကို လေးပိုင်း ပိုင်းထားတာ။ အခုက စနစ်ပြောင်းတယ်။ စနစ်ပြောင်းတာနဲ့ ကားသစ်တွေဖြစ်သွားတာက ၂၅ ရာခိုင်နှုန်းတိုးတက်တယ်လို့ ကျွန်တော်က ယူဆတယ်။ နောက် ယာဉ်ရပ်နားဝင်းတို့၊ လမ်းတံတားတို့က Infrastructure က ၂၅ ရာခိုင်နှုန်း၊ နည်းပညာက နောက် ၂၅ ရာခိုင်နှုန်း၊ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက လူတွေရဲ့ Culture ကို ပြောင်းမှဗျ။ စနစ်ဘယ်လောက်ပြောင်းပြောင်း လူတွေရဲ့အမူ အကျင့်တွေမပြောင်းရင် မဖြစ်နိုင်ဘူး။ ဥပမာပြောရင် ကားခအပြည့်မထည့်တာမျိုးပေါ့ဗျာ။ တချို့ကလည်း ပြတ်ပြတ်သားသားအရေးယူဆိုပြီး ပြောတာရှိတယ်။ ပြီးတော့ ခရီးသည်မှမဟုတ်ဘူး။ ကားသမားတွေမှာလည်း ရှိတယ်။ တချို့ကားသမားက စည်းနဲ့ကမ်းနဲ့ မောင်းပေမယ့် တချို့ကားသမားတွေက မထသစရိုက်မျိုး နဲ့ မောင်းနေတာမျိုးပေါ့ဗျာ။ 

 

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *