“စတီးရွိုက်ပါတဲ့ဆေးတွေဆိုတော့ အကြာကြီးခတ်လို့မရဘူး။ အကြာကြီးခတ်ရင် မျက်စိက ရေတိမ်ဝင်သွားရော”

မျက်စိရောဂါများထဲမှ မျက်စိရေတိမ်ရောဂါအကြောင်းနှင့် မျက်စိကို ဂရုစိုက်ကာကွယ်ရမည့်အကြောင်းများကို ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ မျက်စိရောဂါပညာဌာနမှ လက်ထောက်ကထိက ဒေါက်တာ ခင်စန္ဒာအောင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

The Voice Journal – မျက်စိနဲ့ပတ်သက်ရင် ဘယ်လိုရောဂါအမျိုးအစားတွေ အဖြစ်များပါသလဲ။

Dr.KSDA – အစ်မတို့ မြောက်ဥက္ကလာပဆေးရုံမှာတော့ လာပြတဲ့လူနာတွေမှာ မျက်မှန်လိုတာ အဖြစ်များတယ်။ ဒုတိယကတော့ အတွင်းတိမ်ဖြစ်တာတွေ့ရတယ်။ နည်းနည်းအသက်ကြီးလာရင် အတွင်းတိမ်ဖြစ်တာပေါ့။ အသက် ၄၀ ကျော်ရင် ရေတိမ်စစ်သင့်တယ်။ ရေတိမ်မှာက မကိုက်တဲ့ ရေတိမ်ရှိတယ်။ ကိုက်တဲ့ရေတိမ်ရှိတယ်။ တော်တော်များများက မကိုက်တဲ့ရေတိမ်ကြောင့် မျက်မှန်စမ်းမယ်ဆို အာရုံကြောကို စက်တွေနဲ့စစ်လိုက်တော့မှ ရေတိမ်ကိုတွေ့ရတယ်။ လူနာက ကိုက်တာတွေ ဘာတွေမရှိဘူးပေါ့။ ရေတိမ်အများစုတွေ့ရတယ်။ နောက် ဆီးချိုအဖြစ်များလာတော့ ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောပျက်စီးမှုဆိုရင်လည်း စစ်ရမယ်ဆိုတာ သူတို့က သိပ်မသိကြဘူးလေ။ တချို့ဆို ဆီးချိုဖြစ်နေတာ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပြီ။ ဒါပေမဲ့ တစ်ခါမှလာမစစ်ဘူး။ ဆီးချိုရှိတဲ့သူ တော်တော်များများမှာမှ အကြာကြီးဖြစ်နေတဲ့သူတွေမှာ ဖြစ်တာပေါ့။ စောစောစီးစီးသိရင် လေဆာပစ်ပြီး ကုလို့ရတယ်။ လေဆာပစ်တဲ့အဆင့်မှာ မရောက်လာဘဲ မြင်လွှာပေါ်တဲ့ အဆင့်တို့၊ သွေးတွေပေါ်တဲ့အဆင့်တို့ရောက်လာရင် နှမြောစရာကြီး။ ဆီးချိုရှိတဲ့သူတွေက တစ်နှစ်တစ်ခါစစ်တာ လုပ်သင့်တယ်။ ဆီးချိုဖြစ်ရင် မျက်လုံးမှာ သွေးကြောတွေက ပုံမှန်မဟုတ်ဘဲ ပွားလာတာ။ မျက်လုံးကွယ်နိုင်တယ်။ စောစောသိရင်တော့ မကွယ်ဘူးပေါ့။ မျက်စိနာကြတယ်။ ရာသီအချိန်ဆိုရင် ပိုးကြောင့်ဖြစ်တဲ့ဟာတွေပေါ့။

The Voice Journal – မျက်စိရေတိမ်ရောဂါက ဘယ်လိုမျိုးအခြေအနေထိ ဖြစ်နိုင်ပါသလဲ။

Dr.KSDA – ရေတိမ်က ထောင့်ကျဉ်းရေတိမ်ရှိတယ်၊ ထောင့်ကျယ်ရေတိမ်ရှိတယ်။ ထောင့်ကျဉ်းကတော့ ကိုက်တာနဲ့ ချက်ချင်းရောက်လာရော။ ထောင့်ကျယ်ကျတော့ ကိုက်မှန်းမသိဘူး။ မကိုက်တော့ တော်တော်ဆိုးတော့မှ ရောက်လာတာရှိတယ်။ တချို့ကျတော့လည်း အတွင်းတိမ်က ခွဲပြီးရင် မြင်သွားရင် အဲဒီအတိုင်း ဆက်နေကြတယ်။ ဟိုဘက်က ခွဲသင့်နေပြီပြောလည်း မခွဲဘူး။ ဟိုဘက်မျက်လုံးက အတွင်းတိမ်က တအားရင့်ပြီးတော့ ရေတွေပျော်၊ ပေါင်ချိန်တွေတက် ရေတိမ်တွေဝင်။ ခွဲသင့်တဲ့အချိန်မှာ မခွဲဘဲနဲ့ မနေနိုင်မထိုင်နိုင် တအားကိုက်တော့မှ၊ ရေတိမ်ပေါင်ချိန်တွေတက်လာတော့မှ ရောက်လာတာမျိုးရှိတယ်။ အသက်ကြီးလာရင် အတွင်းတိမ်က ဖြစ်လာတယ်။ UV Light တွေ၊ နေရောင်ခြည်တွေနဲ့ အသက်ကြီးလို့ ပျက်စီးတဲ့သဘောပေါ့။ လူတိုင်းနီးပါးဖြစ်တယ်။ စောတာနဲ့ နောက်ကျတာပဲကွာတယ်။ နေရောင်ထဲမှာ အလုပ်လုပ်တာများတဲ့သူတွေဆို စောစောဖြစ်တယ်။

The Voice Journal – မျက်စဉ်းဆေးတွေကိုရော ဘယ်လိုသုံးစွဲသင့်ပါသလဲ ဆရာမ။

Dr.KSDA – မျက်စိနာတယ်ဆိုရင် ဆေးပေးလိုက်တယ်။ ဆေးပေးလိုက်ရင် တချို့လူနာတွေက မှတ်ထားတယ်။ တစ်ခုခုဖြစ်ရင် ထုတ်ထုတ်ပြီး သုံးတယ်။ အဲဒီဆေးတွေက စတီးရွိုက်ပါတဲ့ဆေးတွေဆိုတော့ အကြာကြီးခတ်လို့မရဘူး။ အကြာကြီးခတ်ရင် မျက်စိက ရေတိမ်ဝင်သွားရော။ တချို့လူနာတွေက နားမလည်ဘူး။ တချို့က ကိုယ်ခတ်တဲ့ဆေးကို မှတ်ထားပြီးတော့ သူများကို ပေးတာရှိတယ်။ အဲဒါလေးခတ်ကြည့်ပါလား ကိုယ့်တုန်းက သက်သာတယ်ဆိုပြီးတော့။ တချို့ဆို ရေတိမ်တွေက တအားကြီးကိုဆိုးတဲ့အဆင့် ရောက်နေပြီ။ မေးကြည့်လိုက်ရင် သူတို့က ဘဲနှုတ်သီးတို၊့ တယ်လီဖုန်းတို့ အဲဒီလိုဟာတွေကို ခတ်နေကြတာ။ အဲဒါတွေမဟုတ်ရင်တောင် မျက်စိနာရင်ခတ်တဲ့ဆေးကို သက်သာတယ်ဆို မှတ်ထားပြီးတော့ မျက်စိနာတာ၊ ခိုးလိုးခုလုဖြစ်နေတာဆိုရင် အဲဒီလိုမျိုးတွေခတ်တာ။ မလုပ်သင့်ဘူး။ မျက်စဉ်းဆေးဆိုရင်လည်း ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုပဲ ခတ်သင့်တယ်။ အသက် ၄၀ ကျော် ၄၅ လောက်ကနေစပြီးတော့ မျက်စိရေတိမ်ရှိမရှိကို မျက်စိဆရာဝန်နဲ့ စစ်ဆေးပြသသင့်တယ်။ နယ်ဘက်ကလူတွေဆိုရင် မျက်စိကိုဒဏ်ရာရတဲ့ဟာတွေ ရှိတယ်။ သစ်ကိုင်းတွေ ဘာတွေနဲ့ထိမိပြီး အနာရတယ်။ အချိန်မီလာပြဖို့လိုတယ်။ အဲဒါဆိုလည်း စတီးရွိုက်ပါတဲ့ဟာတွေ လျှောက်ထည့်တော့ အနာမကျက်တော့ မျက်စိပေါက်တဲ့အထိပါဖြစ်တယ်။

The Voice Journal – မျက်စိမှုန်တာ၊ ဝါးတာကတွေကရော ဘာကြောင့်ပါလဲရှင့်။

Dr.KSDA – မျက်စိမှုန်တာ၊ ဝါးတာကတော့ အမျိုးမျိုးရှိတယ်။ မျိုးရိုးလိုက်ပြီး မျက်စိမှုန်တာကတော့ ရှားရှားပါးပါးပေါ့။ တချို့ကျတော့လည်း အနီးတွေတအားကြည့်တယ်။ ကလေးတွေ ဂိမ်းတအားဆော့တယ်။ အမေအဖေတွေက ဆူတာသက်သာရင်ပြီးရောဆိုပြီး ပေးထားတယ်။ ကလေးတွေမျက်စိမှုန်တာ တွေ့ရတယ်။ မျက်စိပုတ်ခတ် ပုတ်ခတ်ဖြစ်နေတယ်ဆိုရင် ဂိမ်းတွေတအားဆော့ပြီး မျက်တောင်တောင် သိပ်မခတ်တော့ဘူး။ မျက်စိတွေ စပ်နေတာ အဲဒီလိုမျိုးတွေလည်း တွေ့ရတယ်။ အခုနောက်ပိုင်း ဖေ့စ်ဘွတ်ခ်ကလည်း တအားကြည့်တော့ ကြည့်ပါများရင် အဝေးမှုန်သွားတာရှိတယ်။ စာဖတ်တဲ့အချိန်ကျရင်တော့ ကောင်းတာက အလင်းရောင်သေချာရတဲ့နေရာမှာ ဖတ်သင့်တယ်။ လုံလောက်တဲ့ အလင်းရောင်ပေါ့။ အရမ်းကြီးမျက်စိကျိန်းတော့လည်း မျက်စိအတွက် မကောင်းဘူး။ စာဖတ်တဲ့အခါ အာရုံစိုက်ထားတော့ မျက်တောင်ခတ်ဖို့မေ့တယ်။ မီးကလည်း တအားပူရင် မျက်ရည်ခြောက်ပြီး မျက်စိစပ်တာဖြစ်လာမယ်။ အရမ်းမှောင်တဲ့အထဲမှာ ဖတ်တော့လည်း မျက်စိအားစိုက်ရရင် မကောင်းဘူးပေါ့။

The Voice Journal – အစားအသောက်အနေနဲ့ ဘယ်လိုအစားအစာတွေကို စားသောက်သင့်ပါသလဲ ဆရာမ။

Dr.KSDA – အဝါရောင်ရှိတဲ့ အသီးအနှံတွေကို များများစားပေးသင့်တယ်။ Omega 3 ပါတဲ့ Fatty Acid စားတာတို့ ကောင်းတယ်။ ဗီတာမင်အေပါတာမျိုးကိုလည်း စားသင့်တယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကတော့ အာရုံကြောကို ကောင်းစေတာပေါ့။ 

 

The Voice Journal

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *