မြန်မာ့ရုပ်ရှင်လောကကို အသက်ပြန်သွင်းလိုက်သည့် ခီမောင်နှံ

ယခုနှစ် မြန်မာ့ရုပ်ရှင်နှင့် ဖျော်ဖြေရေးကဏ္ဍတွင် ဆယ်စုနှစ်ကြာ မြန်မာရုပ်ရှင်ဇာတ်ကားမကြည့်ဖြစ်သည့် ပရိသတ်များကို ရုပ်ရှင်ရုံများသို့ ပြန်လည်ရောက်ရှိလာစေရန် ဆွဲဆောင်နိုင်ခဲ့သည့် အနုပညာမောင်နှံ သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို ယခုနှစ် အနုပညာလောက၏ ထူးခြားထင်ရှားပုဂ္ဂိုလ်များအဖြစ် ရွေးချယ်လိုက်ပါသည်။

မြန်မာ့ရုပ်ရှင်လောကကို ဥပါယ်တံမျဉ်ဇာတ်ကားဖြင့် လှုပ်ခါစေခဲ့ပြီး ပုံမှန်မြင်တွေ့နေကျ မြန်မာ့ရုပ်ရှင်များနှင့် ထူးခြားကွဲပြားကာ သဘာဝကျ၊ အရည်အသွေးရှိ အဆင့်မီရုပ်ရှင်အဖြစ် အနုပညာရှင်များနှင့် ပရိသတ်များက သဘောတူညီခဲ့ကြသော ခီမောင်နှံ ပါဝင်ရိုက်ကူးထားသည့် ဥပါယ်တံမျဉ်နှင့် မုဒြာခေါ်သံမှာ လက်ရှိမြန်မာ့ရုပ်ရှင်လောက၏ သမိုင်းမှတ်တိုင်သစ်များအဖြစ် အသိအမှတ်ပြုခံထားရသည်။

အဓိကအချက်မှာ ပုံမှန်ရိုက်နေကျ မြန်မာဇာတ်ကားများနှင့် ဇာတ်လမ်းတင်ဆက်ပုံ ကွဲပြားသလို မရိုက်ကူးမီ ကြိုတင်ပြင်ဆင်မှု Pre Production အပိုင်းကို သေချာပြင်ဆင်ရိုက်ကူးခြင်းနှင့် ရိုက်ကူးနေစဉ်နှင့် ရိုက်ကူးအပြီးအပိုင်းများတွင်လည်း စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်နိုင်ခြင်းကြောင့် အနုပညာအရရော ဝင်ငွေအရပါ စံချိန်တင်နိုင်ခဲ့သည်။

ဥပါယ်တံမျဉ်နှင့် မုဒြာခေါ်သံဇာတ်ကားတို့ကို ရုပ်ရှင်ရုံများကို လက်ဝါးကြီးအုပ်ထားသကဲ့သို့ဖြစ်နေသည့် နာမည်ကြီးရုပ်ရှင်လုပ်ငန်းစု ၏ ရုပ်ရှင်ရုံကြီးများတွင် ပြသခွင့်မရခဲ့သော်လည်း ရှော့ပင်းစင်တာများ၊ ပလာဇာများရှိ ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံများတွင် ပြသခွင့်ရခဲ့ရာ ဆယ်စုနှစ် တစ်စုကျော်အတွင်း ရုံတင်ရက်အများဆုံး စံချိန်ချိုးသည်အထိ အောင်မြင်မှုရခဲ့သည်။

မုဒြာခေါ်သံရုပ်ရှင်သည် ခီမောင်နှံ၏ ပထမဆုံးလက်ရာဖြစ်ပြီး ပြည်တွင်းတွင် ရုံတင်ရက်ရရန် အချိန်တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းနေစဉ်အတွင်း ပြည်ပနိုင်ငံများရှိ ရုပ်ရှင်ပွဲတော် ၁၀ ခုကျော်တွင် ပြသနိုင်ခဲ့သည့် ရှားပါးမြန်မာ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။

ခီမောင်နှံမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နေထိုင်စဉ် သရုပ်ဆောင် ဇဏ်ခီက ဂီတဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး ဇနီးဖြစ်သူ ဒါရိုက်တာခရစ္စတီးနားခီမှာ ရုပ်ရှင်အတတ်ပညာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်မှာ ဆယ်စုနှစ်တစ်ခု နီးပါးကြာမြင့်ပြီဖြစ်ပြီး ယင်းကာလများတွင် ဥပါယ်တံမျဉ်နှင့် မုဒြာခေါ်သံရုပ်ရှင်နှစ်ကားသာ ရိုက်ကူးခဲ့သော်လည်း ထိုဇာတ်ကားနှစ်ခုမှာ မြန်မာ့ရုပ်ရှင်လောကအတွက် မှတ်တိုင်သစ်များဖြစ်ခဲ့သည်။ ထိုဇာတ်ကားနှစ်ကား၏ တွန်းအားကြောင့် ရုပ်ရှင်လောကအတွင်းမှ ပြုလွယ်၊ ပြောင်းလွယ်ရှိသူ မျိုးဆက်သစ်ဒါရိုက်တာအချို့၊ ခီမောင်နှံကို ပြင်းထန်စွာဝေဖန်ခဲ့သူ နာမည်ကြီး ဒါရိုက်တာအချို့၏ လက်ရာဇာတ်ကားအချို့လည်း အရည်အသွေးပိုင်းတွင် သိသာစွာ ပြောင်းလဲတိုးတက်လာခဲ့သည်။

ဇာတ်ကားများ ရုံမတင်မီနှင့် ရုံတင်နေဆဲအချိန်တွင် မြန်မာ့ရုပ်ရှင်လောက၏ ပကတိအခြေအနေ၊ ရုပ်ရှင်ဇာတ်ကားများ၏ အရည်အသွေးကို ဝေဖန်ထောက်ပြမှုများကြောင့် ရုပ်ရှင်လောကမှ အနုပညာရှင်တချို့၏ ပြင်းထန်ကြမ်းရှသော တုံ့ပြန်ဝေဖန်မှုများခံခဲ့ရသော်လည်း ထိုဒဏ်ကို အပြုံးမပျက် ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ခြင်း၊ ထိုအချက်ကပင် ပရိသတ်များ၏ တစ်ခဲနက်အားပေးထောက်ခံမှု ပိုမိုရရှိရသွားခဲ့ခြင်းတို့ကြောင့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်လောကနှင့် ဖျော်ဖြေရေးကဏ္ဍအတွက် ခီမောင်နှံကို ထူးခြားထင်ရှားသူများအဖြစ် ရွေးချယ်ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *