စီးပွားရေး မဟာဗျူဟာ ရေးဆွဲသူများကို ဘုန်းကြီးစာချခြင်း

မြန်မာနိုင်ငံအတွက် နောင်ဆယ်နှစ် ဆယ့်ငါးနှစ်သွားမည့် စီးပွားရေး မဟာဗျူဟာကို အပြီးသတ်ရေးဆွဲနေကြပြီဖြစ်ရာ မြင်သမျှ ဝင်ပြောချင်ပါသည်။ ရေးဆွဲသူများ သတိထားမိပြီးသား အချက်များဖြစ်နိုင်သော်လည်း နိုင်ငံအတွက် အရေးကြီးသဖြင့် ‘ဘုန်းကြီးစာချ’ ‘မိကျောင်းမင်း ရေကင်းပြ’ လိုက်ရပါသည်။

အကောင်အထည်ဖော်ခြင်း

မြန်မာနိုင်ငံတွင် စီမံကိန်းများရေးဆွဲခြင်းထက် အကောင်အထည်ဖော်ခြင်းက အမြဲတမ်းပိုခက်ပါသည်။ အကောင်းဆုံး အကောင်အထည်မဖော်နိုင်လျှင် အကောင်းဆုံးသော စီမံကိန်းများသည် စာရွက်ပေါ်တွင်သာ ရှိနေမည်ဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့်၊ ပညာရေးအားနည်းခြင်းစသော အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများရေးဆွဲခြင်း Planning နှင့် အကောင်အထည်ဖော်ခြင်း Implementation တို့တွင် ကွာဟချက်သည် သမိုင်းတစ်လျှောက် ကြီးမားစွာရှိနေခဲ့သည်။ အကောင်အထည်ဖော်သည့်အခါတွင် အားနည်းချွတ်ယွင်းချက်များကို သတိထားမပြင်ဆင်နိုင်သရွေ့ မဟာဗျူဟာများသည် မဟာဗျူဟာအဖြစ်နှင့်သာ ရပ်တန့်နေမည်ဖြစ်သည်။

ခေတ်အပြောင်းအလဲ

မဟာဗျူဟာရေးဆွဲသူများသည် ခေတ်အပြောင်းအလဲကိုလည်း သတိထားသင့်သည်။ ခေတ်အပြောင်းအလဲ အနည်းဆုံး သုံးရပ်ရှိပါသည်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ပြန်ခေါင်းထောင်လာခြင်း

လွတ်လပ်စွာကုန်သွယ်ရေးအပါအဝင် တံခါးဖွင့်ရေးမူဝါဒသည် အတန်ကြာခေတ်စားခဲ့ရာမှ ယခုနှစ်ပိုင်းများတွင် ကိုယ်ကျိုးစီးပွားရေး ကာကွယ်ရေးဝါဒ ပြန်ခေါင်းထောင်လာသည် Rising Protectionism  ။ လွတ်လပ်စွာ ယှဉ်ပြိုင်ရလျှင် မည်သူ့ကိုမျှမကြောက်ဘဲ အသာစီးရနိုင်သည်ဟု ကိုယ့်ကိုယ် ကိုယ်ယုံကြည်သော အနောက်နိုင်ငံကြီးများသည် တရုတ်ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရာတွင် နောက်ကောက်ကျလာရာမှ ကိုယ်ကျိုးစီးပွားရေး ကာကွယ်ရေးဝါဒ ပြန်ခေတ်စားလာသည်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် အမေရိကန်သမ္မတ Donald Trump နှင့်တွဲပြီး လူသိများသော်လည်း တကယ်တမ်းတွင် Trump သည် ရေထဲတွင် မျောနေသော ရေခဲတောင်ကြီး၏ ထိပ်ဆုံးအချွန်လေးသဖွယ်သာဖြစ်ပြီး ထိုဝါဒကို သက်ဝင်ယုံကြည်သူများစွာရှိနေပြီး နောင်ကာလအတန်ကြာအထိ ဆက်ခေတ်စားမည့် သဘောမြင်ရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများကို ရေးဆွဲသူများသည် လွတ်လပ်စွာကုန်သွယ်ရေး၊ တံခါးဖွင့်စီးပွားရေး ထိပ်ဆုံးရောက်နေချိန်တွင် လူလားမြောက်လာသူများဖြစ်ရာ တံခါးဖွင့်စီးပွားရေးကိုရင်ခုန်သူများ ဖြစ်နိုင်သော်လည်း ကမ္ဘာကြီး၏ သွားနေသော ရေစီးကိုမူ ထည့်သွင်း စဉ်းစားသင့်ပါသည်။ ယခင်ကကဲ့သို့ သူဖွင့်ကိုယ်ဖွင့်မဟုတ်တော့ဘဲ သူပိတ် ကိုယ်ပိတ် သို့မဟုတ် သူပိတ် ကိုယ်ဖွင့် ဖြစ်လာနိုင်သည့်ခေတ်တွင် မြန်မာ့စီးပွားရေးကို နောက်တစ်ဆင့်တက်အောင် မည်သို့ဆွဲတင်မည် နည်း။ multi-lateral ခေါ် နိုင်ငံအများအပြား သဘောတူညီထားသည့် အစီအစဉ်ထက် bi-lateral ခေါ် နှစ်နိုင်ငံချင်း သဘောတူညီမှုများ ခေတ်စားလာနိုင်သည့်ခေတ်တွင် မြန်မာ့စီးပွားရေးကို မည်သို့ဖော်ဆောင်မည်နည်း၊ တွေးထားသင့်ပါသည်၊ တွေးထားလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။

နည်းပညာတော်လှန်ရေး

နောက်ထပ် အပြောင်းအလဲကြီးတစ်ရပ်မှာ နည်းပညာတော်လှန်ရေးကြီးဖြစ်သည်။ Artificial Intelligence AI နှင့် Genetic  Engineering မျိုးရိုးဗီဇအင်ဂျင်နီယာပညာရပ်တို့ ခုန်ပျံကျော်လွှား တိုးတက်လာသည့်အတွက် စီးပွားရေးနှင့် လူမှုရေးတို့ ကမ္ဘာတစ်ဝန်း အသွင်ပြောင်းလဲတော့မည်၊ ပြောင်းလည်း ပြောင်းနေပြီဖြစ်သည်။ အထူးသဖြင့် AI ၏ အခန်းကဏ္ဍ။ လက်ရှိလူများ အလုပ်လုပ်နေသော နေရာအများအပြားတွင် မဝေးတော့သော အနာဂတ်တွင် အစာမစား၊ ရေမသောက်၊ အနားမယူသည့် စက်ရုပ်များ ဝင်ရောက်လာမည်ဟု တွက်ကြသည်။ အချက်အလက်များအပြင် အပြောအဟောတို့ဖြင့် အလုပ်လုပ်ရသည့်ရှေ့နေများ နေရာတွင်ပင် စက်ရုပ်များ ဝင်ရောက်လာမည်ဟူသော သတင်းတစ်ပုဒ်ကို မကြာသေးခင်က ဖတ်လိုက်ရသေးသည်။ အလုပ်အကိုင်များ ကွယ်ပျောက်ခြင်းနှင့်အတူ အလုပ်အကိုင်သစ်များလည်း ပေါ်ထွက်လာမည်။ မြန်မာနိုင်ငံသည် လုပ်သားအများအပြား သုံးစွဲရသည့် လုပ်ငန်းများကို အခြေအနေအရ အားကိုးနေရသေးရာ မိမိရည်ရွယ်ရေးဆွဲထားသည့် စီးပွားရေးမဟာဗျူဟာအရ အလုပ်အကိုင်များ ဖော်ထုတ်ချိန်တွင် ထိုအလုပ်များ ပျောက်ကွယ်နေနိုင်သည်ကို ထည့်သွင်းစဉ်းစားထားရပါမည်။ နိုင်ငံသားများအတွက် အလုပ်သစ်များ မည်သို့ဖော်ဆောင်မည် နည်း။ နည်းပညာသစ်များအရ ကမ္ဘာ့စီးပွားရေးသည် မည်သို့ပုံပေါ်လာမည်နည်း။ မြန်မာသည် နည်းပညာခေတ်သစ်တွင် မည်သည့်နေရာတွင် ရှိမည်နည်း။ စိတ်ဝင်စားစရာအလွန်ကောင်းသော မေးခွန်းများပင်ဖြစ်ပြီး စီးပွားရေးမဟာဗျူဟာရေးဆွဲသူတို့ ကြိုးစားဖြေဆိုထားမည်ဟု ထင်ပါသည်။

ပြည်တွင်းအပြောင်းအလဲ

မဟာဗျူဟာချမှတ်သူများ သတိပြုရန်လိုသည့် နောက်ထပ်အပြောင်းအလဲကြီးတစ်ရပ်လည်း ရှိပါသည်။ ယင်းမှာ ပြည်တွင်းအပြောင်း အလဲဖြစ်သည်။ မြန်မာနိုင်ငံတွင် မဟာဗျူဟာချမှတ်သူများသည် သက်တမ်းရှည် အစိုးရများကို ရခဲ့ကြသည်။ ၁၉၄၈-၁၉၆၂ အတွင်းတွင် ဦးနုအစိုးရ၊ ၁၉၆၂-၁၉၈၈ အတွင်းတွင် ဦးနေဝင်းအစိုးရ၊ ၁၉၈၈- ၂၀၁၁တွင် တပ်မတော်အစိုးရတို့ဖြစ်သည့်အတွက် ၁၄ နှစ်နှင့်အထက် အစိုးရသက်တမ်းများဖြင့်သာ အသားကျခဲ့သည်။ ၂၀၁၁-၂၀၁၆ တွင်းတွင် ဦးသိန်းစိန်အစိုးရအပြီးတွင် ၂၀၁၆ မှစကာ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာသည်။ ငါးနှစ်တစ်ကြိမ် အစိုးရပြောင်းသည့် အပြောင်းအလဲ။ ထို့ကြောင့် ရေးဆွဲထားသည့် စီးပွားရေးမဟာဗျူဟာများသည် အစိုးရပြောင်းသွားသည့်ဒဏ်ကို ခံနိုင်ရည်ရှိရမည်။ ဆင်းသွားသည့် အစိုးရလက်ထက်တွင် ရေးဆွဲထားသော မဟာဗျူဟာသည် တက်လာသည့်အစိုးရလက်ထက်တွင် ပြောင်းပြန်လန်သွားခြင်းမဟုတ်ဘဲ ရာခိုင်နှုန်းအများစုသည် မပြောင်းလဲဘဲ အစိုးရသစ်၏ အမြင်အရ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက်သာ ပြောင်းလဲသင့်သည်။ စီးပွားရေးမဟာဗျူဟာကို မလိုအပ်ဘဲ အစက ပြန်မဆွဲ၊ ဘီးကို အစကပြန်မထွင်အောင် လက်ရှိအစိုးရနှင့် နောင်အစိုးရဖြစ်နိုင်သည့်အတိုက်အခံတို့အကြား သဘောတူညီချက် နားလည်မှုတစ်ခုခုယူနိုင်လျှင် ကောင်းမည်။

တရုတ် အမေရိကန် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း

လက်ရှိမဟာအင်အားကြီးနိုင်ငံ အမေရိကန်ပြည်ထောင်စုနှင့် မဟာအင်အားကြီးလောင်းလျာ တရုတ်တို့ ပြိုင်ဆိုင်မှုသည် နောက်တစ်ဆင့်တက်လာပြီဖြစ်သည်။ တရုတ်ထုတ်ကုန်နှင့် အမေရိကန်ထုတ်ကုန်တို့ကို အပြန်အလှန် အကောက်ခွန်မြှင့်ရိုက်ကြသည့် ကုန်သွယ်ရေးစစ်ပွဲသည် ယင်းတို့ပြိုင်ဆိုင်မှု၏ နောက်ဆုံးပေါ် ဥပမာပင်ဖြစ်သည်။ ထိုကုန်သွယ်ရေးစစ်ပွဲသည် လက်ရှိ အမေရိကန်သမ္မတ Donald Trump ၏ သက်တမ်းကိုကျော်လွန်ပြီး နောက်အစိုးရများအထိ လက်ဆင့်ကမ်းသွားမည့်သဘော မြင်ရသည်။ တရုတ်၏ နောက်ဖေးပေါက်တစ်ပေါက်အဖြစ် ယူဆခံလာရသည့် မြန်မာ၏ စီးပွားရေးမဟာဗျူဟာများ အောင်မြင်ရန်မှာ နှစ်နိုင်ငံလုံးနှင့် သင့်တင့်ရမည်ဖြစ်ရာ မဟာဗျူဟာတွင် ထိုအခြေအနေကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။ အမေရိကန်နှင့် သင့်တင့်အောင်နေလျှင် တရုတ်နှင့် ဝေးကွာမည်လား၊ တရုတ်နှင့် သင့်တင့်အောင်နေလျှင် အမေရိကန်နှင့် ဝေးကွာမည်လား၊ နှစ်နိုင်ငံလုံးနှင့် သင့်တင့်အောင်နေရင်း နှစ်နိုင်ငံလုံးနှင့် ဝေးကွာမည်လား။ တရုတ်နှင့် အမေရိကန်အကြား မျှခြေကို မြန်မာမည်သို့ဖမ်းမည်လဲ။

တရုတ်နှင့် အမေရိကန်ပြိုင်ဆိုင်မှု ပြင်းထန်လာမှုအပေါ်တွင် မြန်မာက အကျိုးအမြတ်များရနိုင်အောင်လည်း အသင့်ပြင်ထားသင့်ပါသည်။ မြန်မာအစိုးရသည် အခွင့်အလမ်းပေါ်လာသည်နှင့် ကောက်သိမ်းနိုင်စွမ်းရှိရမည် Opportunistic ။ ဥပမာ – တရုတ်ထုတ်ပစ္စည်းများကို အမေရိကန်က အကောက်ခွန် ၂၅ ရာခိုင်နှုန်းကောက်လျှင် ၁၀၀ တန် တရုတ်ပစ္စည်းသည် ၁၂၅ ကျမည်ဖြစ်သည်။ မြန်မာတွင်းသို့ တရုတ်စက်ရုံများ ရွှေ့လာလျှင် ၁၂၅ ကျမည်မဟုတ်ပါ။ ၂၅ ရာခိုင်နှုန်းအကောက်ခွန်ကို ရှောင်လိုသည့် တရုတ်လုပ်ငန်းအချို့ မြန်မာနိုင်ငံကို စိတ်ဝင်စားနေသည်ဟု ကြားရသည်။ မြန်မာတို့ကသာ ခပ်မြန်မြန်ကောက်သိမ်းနိုင်လျှင် အခွင့်အလမ်းကောင်းများစွာ ပေါ်ထွန်းလာနိုင်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်တွင် စီးပွားရေးမဟာဗျူဟာပေါင်းများစွာ ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီးပြီ။ မှန်းသလောက် မပေါက်ခဲ့သည်ကများသည်။ ယခုတစ်ခေါက် မဟာဗျူဟာကို အောင်မြင်စေချင်သည်။ 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *