ငွေစက္ကူအတုများဖြင့် ဖမ်းဆီးမိသည့် စင်ကာပူ ဇနီးမောင်နှံတွင် အမျိုးသမီးအာမခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများတွေ့ရှိမှုဖြင့် တရာစွဲဆိုခံထားရသည့် စင်ကာပူနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးတွင် အမျိုးသမီးကို အနောက်ပိုင်း ခရိုင်တရားရုံးက အာမခံပေးလိုက်ကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

အဆိုပါအမျိုးသမီးကို ကျန်းမာရေးမကောင်းခြင်း၊ အမျိုးသမီးဖြစ်နေခြင်းနှင့် အခြားအချက်များကြောင့် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်က ပြောကြားသည်။

“အဓိကကတော့ အစားအသောက်ပြဿနာပေါ့။ အဲဒါ ပြဿနာဖြစ်တော့ အစာအိမ်ကိုလာထိတာ။ အဲဒီမှာ ဆေးခန်းလည်း ပြလိုက်ရတယ်။ အာမခံပေးလိုက်တာ အဲဒါကြောင့်လည်းပါတယ်” ဟု ၎င်းက ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက် နံနက်က ရွှေတိဂုံစေတီတော်ရှိ ပြည်ပငွေကြေးကောက်ခံရေးကောင်တာသို့ အသက် ၄၀ ဝန်းကျင်ရှိ စင်ကာပူနိုင်ငံသား Mr. Lin  Bee Fun နှင့် ဇနီး Mrs. Chin Kuo  Kuang တို့သည် တစ်သောင်းတန်ငွေစက္ကူအတု သုံးရွက်ဖြင့် အခွန်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါငွေစက္ကူအတုများပေးခဲ့ခြင်းကြောင့် စေတီတော်လုံခြုံရေး ရဲကင်းအဖွဲ့က စစ်ဆေးရာ ၎င်းတို့နှစ်ဦးထံမှ တစ်သောင်းတန် ငွေစက္ကူအတု ၄၂ ရွက်ကို ထပ်မံတွေ့ရှိခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါငွေစက္ကူအတုများမှာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ် Coller Quay ဒုတိယထပ်ရှိ The  Arcade ငွေလဲကောင်တာတွင် အသက် ၄၀ အရွယ်ခန့် အိန္ဒိယလူမျိုးနှစ်ဦးထံမှ စင်ကာပူဒေါ်လာ ၄၀၀ အား မြန်မာငွေ ၄၅၀,၀၀၀ ကျပ်ဖြင့် လဲလှယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် Mrs. Chin Kuo  Kuang လုပ်ကိုင်သော Nor Star Ship Management  ပင်လယ်ကူးသင်္ဘောကုမ္ပဏီကိစ္စဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Mr. Lin  Bee Fun နှင့် ဇနီး Mrs. Chin Kuo  Kuang တို့သည့် ငွေစက္ကူအတု လက်ဝယ်တွေ့ရှိမှု၊ ငွေစက္ကူအတု ပြည်ပသို့ တင်ပို့၊ တင်သွင်းမှုတို့ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ အဆိုပါ စွဲဆိုထားသည့်အမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပါက ထောင်ဒဏ် ၁၀ နှစ်မှ
နှစ် ၂၀ အထိ ချမှတ်နိုင်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *