Twitter CEO ကိစ္စ

Stuff.co.nz

ထိပ်တန်းလူမှုမီဒီယာ Twitter ၏ CEO အမှုဆောင်အရာရှိချုပ်  Jack Dorsey မြန်မာပြည်သို့ လာလည် တရားအားထုတ်သည့် အကြောင်း Twitter တွင် သူတင်သည့်ကိစ္စ ရခိုင်အရေးမပါဟုဆိုကာ  ဝိုင်းကန့်ကွက်သူများ မနည်းသဖြင့် Twitter ပေါ်တွင်ရော ကမ္ဘာ့မီဒီယာလောကတွင်ပါ ဆူဆူညံညံ ဖြစ်ကုန်သည်။ ထိုကိစ္စ မီဒီယာအချို့က မေးပါသည်။ ကျွန်တော့်အဖြေက ဤသို့။ ‘သူ တရားလာ အားထုတ်တယ်၊  မြန်မာအကြောင်းကို သူမြင်တာ သူရေးတယ်။ ဒါဘာမှ မမှားဘူး။ သူက နိုင်ငံရေးသုံးသပ်သူလည်း မဟုတ်ဘူး။ သူ့ရဲ့ တစ်ကိုယ်ရေခံစားချက်ပဲ’။  ဆက်ရှင်းပါဦးမည်။

Twitter အမှုဆောင်အရာရှိချုပ်က မြန်မာပြည်သည် လှပသာယာကြောင်း ပြောသည်။ အစားအသောက်ကောင်းကြောင်း ပြောသည်။ ယင်းသည် ခရီးသွားတစ်ဦးက သူ သွားလည်ခဲ့သောနေရာ အကြောင်း ပြောနေကျပုံစံမျိုးသာဖြစ်သည်။ ယင်းကို ဝိုင်းဝန်း ကန့်ကွက်သဖြင့် ကြီးကျယ်သွားခြင်းဖြစ်သည်။ 

မြန်မာပြည်ကို အရေးယူပိတ်ဆို့ခြင်း၊ ခရီးမသွားခြင်း စသည်ကို စာရေးသူအနေနှင့် ဟိုးယခင်ကတည်းက မကြိုက်ပါ။ ယခုလည်း မကြိုက်ပါ။ မြန်မာပြည်ကို တိုးတက်စေချင်လျှင် ဝိုင်းလက်တွဲခေါ်မှရမည်။  မြန်မာပြည်အကြောင်း သိချင်လျှင် မြန်မာပြည်ကို လာလည်မှရမည်။  ယခု ဝိုင်းလက်တွဲကြသဖြင့် မြန်မာနိုင်ငံသည် အဘက်ဘက်တွင် တက်လာသည်။ နာဂစ်ဖြစ်ရပ်ကို ကြည့်ပါ။ နှေးကောင်းနှေးမည် တက်လာသည်ကား  အမှန်ဖြစ်သည်။ သို့သော် အများကြီးလျှောက်ရဦးမည်။ 

ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်၏ အမြင်၊ လူမှုမီဒီယာ Platform အကြီးကြီးကို ခန့်ခွဲနေသူ၏ အမြင်သည် အခြားသူများကို လွှမ်းသွားမည် စိုးသည့်အတွက် Jack Dorsey ကို  အခြားသူများက ဝိုင်းပြောကြခြင်းကို နားလည်ပါသည်။ သို့သော် မြန်မာကို ပြုပြင်ပြောင်းလဲစေချင်လျှင် မြန်မာနှင့် လက်တွဲအလုပ်လုပ်ကိုင်ခြင်းဖြင့်သာ ပြောင်းလဲစေနိုင်မည်။  မြန်မာအကြောင်း တကယ်သိချင်လျှင် မြန်မာနိုင်ငံကို လာလည်မှ ရမည်။

အရေးယူပိတ်ဆို့မှုများ ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ခေတ်စားခဲ့သော အချိန်တည်းက အရေးယူပိတ်ဆို့မှုများကို သဘောမတူခဲ့ပါ။  နဂိုက ဒုက္ခရောက်ရသည့်အထဲ ဒုက္ခပိုပေးသည့် နူရာဝဲစွဲ၊ လဲရာသူ ခိုးထောင်း၊ ရေနစ်သူ ဝါးကူထိုးသည်ဟုသာ မြင်သည်။ ရည်ရွယ်သူမထိ သာမန်နိုင်ငံသူ နိုင်ငံသားကို ထိသည်ဟုသာ မြင်သည်။ ပြည်ပကို ပထမဆုံးထွက်သည့် ၂၀၀၆ ကတည်းက စာသင်သားသူငယ်ချင်းများနှင့် ထိုကိစ္စ အတော်လေးငြင်းခဲ့ရသည်။ ယခုထက်ထိလည်း ထိုသို့ပင် ယုံကြည်နေဆဲ ဖြစ်သည်။ စီးပွားရေးစီမံခန့်ခွဲမှုညံ့ခြင်းသည် မြန်မာ့စီးပွားရေး နိမ့်ကျခဲ့ခြင်း အကြောင်းတစ်ရပ် ဖြစ်သည်။ သို့သော် စီးပွားရေး၊ လူမှုရေး အရေးယူပိတ်ဆို့မှုသည် မြန်မာ့စီးပွားရေး၊ လူမှုရေးကို ပြင်းထန်စွာထိခိုက်စေသည်။  စိတ်ကောင်းစေတနာကောင်းနှင့် မှားသည်ပင်ဆိုဆို ထိုအမှားမျိုး  နောက်ထပ် မမှားသင့်တော့ပါ။ 

 မြန်မာ့ပုံရိပ်သည် မည်မျှထိခိုက်နေပြီကို ယခုTwitter CEO ကိစ္စတွင် မြင်နိုင်သည်။ ပုံရိပ်သည် Marketing ခေတ်ကြီးတွင် အရေးကြီးသည်။ လူအများအပြားသည် မြန်မာပြည်အကြောင်းကို အပ်ကျမတ်ကျ သိသည်မဟုတ်။ တစ်ဆင့်စကား တစ်ဆင့်နားမှရသော ပုံရိပ်ဖြင့်သာ ခန့်မှန်းစဉ်းစားကြသည်။ ယင်းသည် သူတို့ အမှားမဟုတ်။ အီရတ်၊ အာဖဂန်နစ္စတန် စသည်တို့ အကြောင်းကိုလည်း မြန်မာတို့  တစ်ဆင့်စကား တစ်ဆင့်နားဖြင့်သာ သိရှိ အကဲဖြတ်သည် မဟုတ်ပါလား။

ကျွန်တော်တို့နိုင်ငံသည် မပြည့်စုံပါသေးပါ။ အများကြီး ကျန်ခဲ့ပါသေးသည်။ သို့သော် လျှောက်လှမ်းရသည့်လမ်းကြောင်းနှင့် အချိန်ကာလကို တွက်ကြည့်သင့်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်နေသော ဒီမိုကရေစီနိုင်ငံကြီး အမေရိကန်ပြည်ထောင်စုတွင်ပင် လူဖြူများ ဘတ်စ်ကားပေါ်တက်လာလျှင် လူမည်းများ နေရာဖယ်ပေးရခြင်းမှာ မဝေးလှသော အတိတ်က ဖြစ်သည်။ ထိုအတိတ်များကို ကျော်လွှားပြီး သူတို့လျှောက်ခဲ့သော ခရီးလမ်းက ရှည်သည်၊ ခက်ခဲသည်။ သူတို့နှစ်ပေါင်းရာချီ လျှောက်ခဲ့သော ခရီးကို ကျွန်တော်တို့က ဖြတ်လမ်းဖြင့် ဆယ်နှစ်ဆယ့်ငါးနှစ်နှင့် လျှောက်ဖို့ ကြိုးစားနေကြသည်။ သို့တိုင် အမေရိကတွင် ယခုထိ အမျိုးသမီးသမ္မတ တက်မလာနိုင်သေးပါ။ ယဉ်ကျေးသော ချမ်းသာသော လူ့အသိုင်းအဝိုင်းများ ဖြစ်သည့် ဂျာမနီ၊ တောင်အာဖရိကတို့သည်လည်း ဂျူးခြောက်သန်းကို စိတ်အေးလက်အေး သတ်ခဲ့ခြင်းစသည့်  ကြောက်စရာကောင်းသည့်အတိတ် ရှိခဲ့ကြသည်သာ။ ထိုအတိတ်များမှတစ်ဆင့် တိုးတက်အောင် ထိုနိုင်ငံတို့ လျှောက်လှမ်းခဲ့ကြရသည်သာ။  အပြစ်တင်ရုံ၊ အပြစ်တင်ခံရုံဖြင့် မပြီး။ ကြိုးစားရင်း ရုန်းကန်ရင်းဖြင့်သာ  တိုးတက်ကောင်းမွန်သော အနာဂတ်ကို ရမည်ဖြစ်သည်။

မြန်မာပြည်ကို ကဲ့ရဲ့လိုက်လျှင် လူသားမျိုးနွယ်အတွက် တစ်ခုခု လုပ်ပေးလိုက်ရသလို ကျေနပ်ကောင်း ကျေနပ်ရလိမ့်မည်။ မြန်မာတို့ကို  အထင်သေးလိုက်ရလျှင် တစ်ခဏတာ စိတ်ကြည်နူးရကောင်း ကြည်နူးရလိမ့်မည်။ သို့သော် တကယ်ကောင်းစေချင်လျှင် မြန်မာတို့ရော၊ နိုင်ငံတကာကရော feel-good နှင့်တင် ရပ်မထားဘဲ do – good အထိ သွားဖို့လိုပါသည်။      

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *