တိုင်းပြည်ယိုပေါက် ပိုကျယ်လာခြင်း

စိမ်းနုရောင်နှစ်ထပ်တိုက် ကင်ဆာပြင်ပလူနာဌာန အဆောက်အအုံ၏ ဒုတိယထပ်ရှိ ထိုင်ခုံတစ်ခုံတွင် စွပ်ကျယ်အမည်း၊ ပုဆိုးအဝါကွက်ဝတ်ဆင်ထားသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။

ခပ်ပိန်ပိန်ဖြစ်နေသော ဘယ်ဘက်လက်ကို ဘယ်ဘက်ပေါင်ပေါ်တွင် တင်၍ ပိုက်တန်းလန်းဖြင့် ကင်ဆာဆေး သွင်းနေသည်။

သူ့အသက် ၁၉ နှစ်အရွယ်တွင် ဆေးလိပ်ကို စူးစမ်း၍ သောက်ကြည့်ရာမှ  ဆေးလိပ်သောက်သည့် သက်တမ်းအနှစ် ၂၀ ကြာချိန်တွင် သူ အဆုတ်ကင်ဆာရောဂါ စတင်ခံစားရပြီဖြစ်သည်။

ထိုသူမှာ အဆုတ်ကင်ဆာရောဂါ အဆင့်နှစ်သတ်မှတ်ခံထားရသူ ဦးမျိုးမင်းထွန်းဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင် နေထိုင်သည်။

“ငယ်ငယ် အသက် ၁၈၊ ၁၉ လောက်ကတည်းက စသောက်လာတာ။ စူးစမ်းပြီး သောက်တာ သူငယ်ချင်းတွေနဲ့။ တောက်လျှောက် သောက်ဖြစ်တယ်။ သောက်ရတာကို သဘောကျတယ်”ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။

အဆိုပါအသက်အရွယ်ကတည်းက ဆေးလိပ်ဖွာလိုက်ရင်း ခံစားရသည့် ခံစားချက်ကို သဘောကျနှစ်သက်ရာမှ ဆေးလိပ်စွဲလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်တမ်းကပြောသော တိုင်းပြည်အတွက် ဆုံးရှုံးမှု

ဦးမျိုးမင်းထွန်းကဲ့သို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စွဲလမ်းသူများမှာ တစ်စထက်တစ်စ များပြားလာနေရာမှာ နောက်ဆုံးတွင် တိုင်းပြည်နှင့်ချီသော ဆုံးရှုံးမှု ယိုပေါက်တစ်ခုလို ဖြစ်ပေါ်နေသည်။

ထိုဆုံးရှုံးမှုကို သက်သေပြသည့် သုတေသနအစီရင်ခံစာတစ်ခု ယခုလ ၁၁ ရက်နေ့ကပင် ထွက်ပေါ်လာသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသောက်သုံးမှုကြောင့် နှစ်စဉ်ကျပ်သန်းပေါင်း ၂ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ)ဆုံးရှုံးနေကြောင်း ‘WHO FCTC investment case’ သုတေသန အစီရင်ခံစာအရ သိရသည်။

အဆိုပါသုတေသနမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ၂၀၃၀ စီမံချက် (FCTC 2030 Project) မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုပမာဏမှာ တိုင်းပြည်၏ ပြည်သူလူထုအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ရရှိလာသော ရောဂါများကို ကုသရသည့် ကျန်းမာရေးအသုံးစရိတ်များအပြင် ရောဂါဝေဒနာခံစားရခြင်းနှင့် အရွယ်မတိုင်မီ သေဆုံးမှုများကြောင့် အလုပ်မလုပ်နိုင်သဖြင့် ဆုံးရှုံးသွားသော လုပ်အားတန်ဖိုးက တိုင်းပြည်၏ အသားတင်ထုတ်ကုန်တန်ဖိုး(GDP) ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ညီမျှကြောင်း သုတေသနအစီရင်ခံစာက ဆိုထားသည်။

“အထူးသဖြင့် ဆုံးရှုံးတဲ့ ပိုက်ဆံတွေကို ပြန်ကြည့်ရင် လူတစ်ဦးချင်းစီရဲ့ ဝင်ငွေကနေ စိုက်ထုတ်ပြီး သုံးရတဲ့ ဆုံးရှုံးမှုက ပိုများတယ်”ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာသန်းစိန်က ပြောကြားသည်။

‘ဆေးလိပ်သောက်လျှင်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်’ ‘နောင်တမရအောင် ကွမ်းယာကို ရှောင်’ ဆိုသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှုလျှော့ချရေး စကားရပ်များထက် ပိုမိုထိတ်လန့်စရာကောင်းသည့် တိုင်းပြည်နှင့်ချီသော ဆုံးရှုံးမှုပင်။

ထိုဆုံးရှုံးမှု၏ အခြေခံစွဲလမ်းမှုကို စတင်ကြသည့် အရွယ်မှာ အသက် ၁၇၊ ၁၈ အရွယ်က ဖြစ်သည်။

ဦးမျိုးမင်းထွန်းသည် ဆေးလိပ်စသောက်တတ်သည့် ကျောင်းသားအရွယ် ပြီးခဲ့သည့် နှစ်၂၀ ကတည်းကပင် မုန့်ဖိုးငွေများကို ဆေးလိပ်ဖိုးအဖြစ် ကုန်ကျခံခဲ့သည်။

ယင်းနောက်ပိုင်း အလုပ်လုပ်ရမည့် အရွယ်ရောက်လာချိန်တွင် ကိုယ်ပိုင်ငွေဖြင့် ဆေးလိပ်သောက်ခဲ့သည်။

“ကိုယ့်ဝင်ငွေနဲ့ ဆေးလိပ်သောက်ရလို့ ကုန်ကျစရိတ်ကို ချင့်ချိန်ဖူးတယ်။ တစ်ခါတစ်ရံတော့”ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။

ပုဂ္ဂလိကလျှပ်စစ်ပြုပြင်ရေးအလုပ်ကို လုပ်ကိုင်သူအတွက် ပုံမှန်ဝင်ငွေမရှိဘဲ အလုပ်ရှိလျှင် လုပ်ခ ငွေသုံးလေးထောင်ခန့် ရတတ်သည်။

တစ်နေ့ကို ဆေးလိပ်ခြောက်လိပ်အထိ သောက်သောကြောင့် ဦးမျိုးမင်းထွန်း တစ်ယောက် တစ်နေ့လျှင် ငွေခြောက်ရာ ခန့်သုံးရသည်။ တစ်လလျှင် တစ်သောင်း ရှစ်ထောင်မှာ ဆေးလိပ်အတွက် သူ ကုန်ကျ ရသည်။ တစ်လလျှင် ဝင်ငွေအဖြစ် ကျပ် နှစ်သိန်းကျော်ရသော ဦးမျိုးမင်းထွန်း အတွက် ဆေးလိပ်ကြောင့် ကုန်ကျငွေမှာနှစ်သောင်းနီးပါး ရှိသည်။

ကျန်းမာရေး ပြဿနာမပေါ်ခင်က ပုံမှန်ဝင်ငွေဖြင့် သားသုံးဦးနှင့် ဇနီး စုစုပေါင်းမိသားစုငါးဦးအတွက် လုံလောက် ခဲ့သည်။

သို့သော် ယခုကျန်းမာရေး မကောင်းချိန်တွင် ကိုမျိုးမင်းထွန်းမှာ  အလုပ်ပင် မလုပ်နိုင်သည့်အတွက် ဝင်ငွေမရသည့် အပြင် ထွက်ငွေကိုပင် အနီးအနားက ယူသုံးနေရသည့် အခြေအနေ ဖြစ်သည်။

ကင်ဆာဆေးနှစ်ကြိမ်သွင်းပြီးပြီ ဖြစ်သောကြောင့် ဆေးတစ်ခါလာသွင်းလျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းအထိ ကုန်ကျသည်။

“အရင်က ပုံမှန်ဝင်ငွေရှိတယ်။ ပုံမှန် နေထိုင်နိုင်တယ်။ အကြွေးတင်တာ မရှိဘူး။ အခုတော့ မဟုတ်တော့ဘူး”ဟု ဦးမျိုးမင်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်မိုးက သက်ပြင်းချရင်း ဆိုသည်။

စွဲလမ်းမှုမှသည် သေဆုံးသည်အထိ ဖြစ်ပွားလာမှု

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စမ်းသပ်သောက်သုံးရာမှ ဖြတ်မရသည်အထိ စွဲလမ်းခဲ့ပြီး အသက်ပေးသွားသူများမှာ တစ်ကမ္ဘာလုံးတွင် နှစ်စဉ်လူဦးရေ ခုနစ်သန်းခန့် ရှိနေသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးရောဂါမှာ အဆုတ်ကင်ဆာ၊ ခံတွင်း ကင်ဆာ၊ ပြင်းထန်သွေးတိုးရောဂါ၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်းနှင့် ခြေပုပ်လက်ပုပ်ရောဂါများ ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင်ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သေဆုံးမှုမှာ နှစ်စဉ် ၆၄,၀၀၀ ခန့် ရှိနေကြောင်းလည်း FCTC ၏ သုတေသနရလဒ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာဆေးရွက်ကြီး ထိန်းချုပ်ရေးကွန်ဗင်းရှင်း (Framework  Convention On Tobacco Control-FCTC) တွင်၂၀၁၇ မတ်လမှ စတင်၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးပြဿနာကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဗာဂျီးနီးယားနှင့် မြန်မာဆေးရွက်ကြီး နှစ်မျိုးကို စိုက်ပျိုးပြီး ကွမ်းစားဆေးနှင့် ဆေးပေါ့လိပ်အဖြစ် အသုံးပြုမှုများသည်။ ဗာဂျီးနီးယားထက် မြန်မာဆေးရွက်ကြီးမှာ လူ့ခန္ဓာကိုယ် အတွက် အဓိကအန္တရာယ်ဖြစ်စေသော နီကိုတင်းဓာတ် ပိုမိုပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ ဆေးစပ်ခြင်းအပေါ်မှာ မူတည်ပြီး ဓာတုဗေဒပစ္စည်းများ ပိုမိုပါဝင်သည့်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီး မည်သည့်အမျိုးအစားမဆို ကျန်းမာရေးကို ထိခိုက်စေသည်။

“နည်းနည်းများများပါခြင်းသည်ပင်လျှင် လူကို ဒုက္ခပေးတယ်။ ဘယ်လောက် ရာခိုင်နှုန်းပါပါ” ဟု ဒေါက်တာသန်းစိန်က ပြောကြားသည်။

နီကိုတင်းအပြင် စီးကရက်တွင် ပါဝင်သည့် Tar ခေါ် ကတ္တရာစေးမှာလည်း မီးညှိလျှင် ထိုကတ္တရာစေးက လောင်ကျွမ်းပြီး လူကို အန္တရာယ်ဖြစ်စေသည်။

နီကိုတင်းပါဝင်သော ဆေးရွက်ကြီးပါသည့် ကွမ်းယာသည်လည်း ဆေးလိပ်ကဲ့သို့ပင် စွဲလမ်းစေတတ်သည်။

ကွမ်းကို အနှစ်သုံးဆယ်နီးပါး စာသုံးလာသူ ဦးဌေးအောင်မှာ ခံတွင်းအနာကြောင့် နေရပ်ညောင်ဦးမြို့မှတစ်ဆင့်  ပခုက္ကူဆေးရုံသို့ လာရောက်ဆေးကုသခဲ့ရသူဖြစ်သည်။ သူ့အခြေအနေမှာ ပိုမိုဆိုးရွားကာ ကင်ဆာအဆင့် ၄ သို့ ရောက်ရှိနေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပင် ရောက်ရှိလာခဲ့သည်။

ရန်ကုန်ရှိ တူတော်စပ်သူ အိမ်တွင် နေကာ ဆေးရုံသို့ သွားရောက်ပြသရသဖြင့် သွားစရိတ်၊ စားစရိတ် မကုန်သော်လည်း ရောဂါစတင်ခံစားရချိန်မှစ၍ ဆေးကုသရသည့် ကုန်ကျစရိတ်မှာ သိန်းချီပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့နယ် ၅၂ မြို့နယ်၏ မကူးစက်တတ်သော ရောဂါများ စစ်တမ်းတွင် အသက်၂၅ နှစ်မှ ၆၄ နှစ်အရွယ်ရှိသူများထဲမှ ဆေးရွက်ကြီးထည့်ထားသည့် ကွမ်းယာစားသုံးသူမှာ ၄၃ ဒသမ ၂ ရာခိုင်နှုန်းရှိနေကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ စာရင်းများအရ သိရသည်။

ထိုအချိန်က အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် ကွမ်းယာစားသုံးမှု အဆင့် တစ်နေရာတွင် ရှိခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) ၏ ၂၀၁၄ ခုနှစ်စာရင်းများအရ ကွမ်းစားသုံးသူ လူအယောက် ၁၀၀ တွင် ၃၄ ယောက်မှာ ခံတွင်းကင်ဆာ ဖြစ်ပေါ်လျက်ရှိနေသည်။

လက်ရှိတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများကို အခွန်ကောက်ပြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) ထောက်ခံချက်ပါမှ တင်သွင်းခွင့်ပြုသည်။ ယင်းအပြင် အထူးကုန်စည်ခွန် ဥပဒေအရ ကွမ်းစားဆေးအမျိုးမျိုးကို အခွန် ၈၀ ရာခိုင်နှုန်းဆောင်ပြီးမှသာ တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။

ထို့အတွက် တရားဝင်တင်သွင်းပါက ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တရားမဝင် တင်သွင်းကာ ရောင်းချကြသည်။

ကွမ်းစားဆေးများတွင် ဗမာဆေးအဖြစ် ဆေးအနက်၊ ဆေးအဝါ ရှိသည်။ အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် ကွမ်းစားဆေးများမှာ နိုင်တီတူး၊ ဟန်ဒရက်၊ ဘုရင်မ၊ နှပ်ဆေး၊ ဆေးပေါင်း၊ ဘာဘာ၊ မြေပုံနှင့် ဆင်ဂနယ်လ်တို့ ဖြစ်သည်။ ကွမ်းစားဆေးအမျိုးအစား ၁၀ မျိုးကျော်မှ ၂၀ နီးပါးခန့် ရှိသည်။

မှိုလိုပေါက်နေသည့် ကွမ်းယာဆိုင်များကိုလည်း လိုင်စင်ဖြင့်သာ ဖွင့်ခွင့်ပြုရန် ဆေးလိပ်နှင့် ဆေးရွက်သောက်သုံးမှု ထိန်းချုပ်ရေးဆောင်ရွက်နေသော အဖွဲ့အစည်းများက အကြံပြုခြင်းများလည်း ရှိသည်။ သို့သော် လက်ရှိအခြေအနေထိ ထူးမခြားနားပင်။

ထိုကဲ့သို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးပြဿနာမှာ မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဥပဒေနှင့် တားနိုင်မည်လော

ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် ရောဂါဖြစ်ပွားမှုကို လျှော့ချရန်အတွက် ၂၀၀၆ ခုနှစ် မေလတွင် မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

အဆိုပါဥပဒေ၏ ပုဒ်မ ၆ နှင့် ပုဒ်မ ၇ အရ အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၊ ရုံးဌာန၊ ကျောင်း၊ ဟိုတယ်၊ မိုတယ်၊ အားကစားရုံ၊ အများပြည်သူအပန်းဖြေနေရာ စသဖြင့် နေရာများကို ဆေးလိပ်မသောက်ရနေရာများအဖြစ် သတ်မှတ်ထားသည်။

ဆေးလိပ်မသောက်ရဟု သတ်မှတ်ထားသော နေရာတွင် ဆေးလိပ်သောက်သုံးခြင်း သို့မဟုတ် မီးညှိထားသည့် ဆေးလိပ်ကိုင်ဆောင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ်အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ ချမှတ်ရမည်ဟု ဆိုထားသည်။

“ဆေးလိပ်သောက်တဲ့သူကို မသောက်နဲ့လို့ ပြောတာမဟုတ်ဘူး။ ကိုယ်သောက်တဲ့ ဆေးလိပ်ငွေ့ကြောင့် တခြားသူတွေကိုပါ ရောဂါရစေနိုင်လို့ တားမြစ်တာ။ သောက်လို့ သတ်မှတ်တဲ့ နေရာမှာ သောက်နိုင်တာပဲ”ဟု ဒေါက်တာသန်းစိန်က ပြောကြားသည်။

ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရသူများအတွက်လည်း အန္တရာယ်ရှိသည့်အတွက် တားမြစ်ခြင်း ဖြစ်သည်။

သို့သော်ပြည်သူများနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများကအစ ဥပဒေကို မသိရှိကြ။ သိရှိလျှင်လည်း လိုက်နာရန်မှာ အဘက်ဘက်က လိုအပ်ချက်များရှိနေဆဲ ဖြစ်သည်။

ယင်းကိစ္စတွင်သာမက လက်ရှိအချိန်အထိ ဆေးလိပ်ကို အလိပ်လိုက် ဖြည်မရောင်းရန် သတ်မှတ်ချက်ကိုပင် လိုက်နာခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြဆဲဖြစ်သည်။

“ဥပဒေက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် တော်တော်များများပြည့်စုံအောင်လုပ်ပေမယ့် အားနည်းချက်တော့ ရှိတယ်။ ဒဏ်ငွေပိုင်းပဲ ကြည့်မလား။ ဥပဒေကိုယ်၌ကလည်း အားနည်းချက်တွေ ရှိတယ်” ဟု မကူးစက်တတ်သော ရောဂါများ ထိန်းချုပ်ရေး ဌာနခွဲ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းစီမံချက် မန်နေဂျာညွှန်ကြားရေးမှူး ဒေါက်တာမြလေးနွယ်က ပြောကြားသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။

ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ကဏ္ဍပေါင်းစုံလုပ်ကိုင်နေရသည့်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး လုပ်ငန်းများမှာ အခြားသော ဦးစားပေးလုပ်ငန်းများထက် လူနှင့်ငွေအင်အားနည်းပါးသည်။

ထို့ပြင်ဥပဒေကို ထိရောက်စေမည့် နည်းဥပဒေလည်း မရှိသေး။ သို့သော် အမိန့်ညွှန်ကြားချက်ဖြင့် ထိန်းချုပ်မှုများကို ထိရောက်စွာလုပ်ဆောင်၍ ရသည်ဟု ဒေါက်တာသန်းစိန်က ဆိုသည်။

လတ်တလောတွင်မူ အများပြည်သူနေရာများတွင် ဆေးလိပ်သောက်သုံးနေမှုများက ရှိနေဆဲပင်။

ဈေးကွက်တွင်း အလုံးအရင်းဝင်ရောက်နေမှု

မြန်မာပြည်ရှိဈေးကွက်အတွင်း ထိပ်ဆုံးနေရာ၌ ရှိနေသည့် အမျိုးအစား လေးခုမှာ တစ်ဘူးလျှင် ၉၀၀ မှ ၁၀၀၀ ကျပ်နီးပါးသာ ရှိသော  Virginia ကုမ္ပဏီက ထုတ်လုပ်သည့် Red Ruby ဖြစ် သည်။ ၎င်းနောက်တွင် British American Tobacco ကုမ္ပဏီကထုတ်လုပ်သည့်  London နှင့် Lucky Straight တံဆိပ်စီးကရက်များ ဖြစ်သည်။

သူတို့နောက်တွင် ရှိနေသည်က Japan Tobacco ကုမ္ပဏီကထုတ်လုပ်သည့် Mevius ၊ Winston နှင့် Camel အမှတ်တံဆိပ် စီးကရက်များ ဖြစ်သည်။ ထို့နောက်တွင်မှ တရုတ်စီးကရက်ကုမ္ပဏီ ဖြစ်သည့် Global Cigarette Factory  ကထုတ်လုပ်သည့် Xing Xing တံဆိပ်စီးကရက်တို့ ဖြစ်သည်။

တခြားသောစီးကရက်များက ဈေးကွက်အတွင်း ၁၈ ရာခိုင်နှုန်းသာ နေရာယူထားသည်။

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သော အချက်အလက်များအရ မြန်မာနိုင်ငံတွင် ဆေးလိပ်ထုတ်လုပ်သည့် စက်ရုံ ၁၅ ခုမှ ဆေးလိပ်အမျိုးအစားပေါင်း ၉၀ ကျော်ကို ထုတ်လုပ်လျက်ရှိနေသည်။

ဆေးလိပ်ထုတ်လုပ်မှုပမာဏမှာ  တစ်နှစ်လျှင် အလိပ်ရေပေါင်း ၁၀ ဘီလီယံရှိပြီး ဆေးပေါ့လိပ်မှာ နှစ်ဘီလီယံမှ သုံးဘီလီယံအထိ ထုတ်လုပ်နေသည်။

ထို၁၀ဘီလီယံကျော် ထုတ်လုပ်နေသည့် စီးကရက်နှင့် ဆေးပေါ့လိပ်သောက်သုံးသူမှာလည်း ထိုပမာဏနီးနီး ရှိနေနိုင်သည်။

စီးကရက်ကို ပြည်ပမှ တင်သွင်းသော ကုန်ကြမ်းနှင့် ပြည်တွင်းမှာ ထုတ်လုပ်ခြင်းဖြစ်ပြီး ပြည်ပဧည့်သည်များအတွက် Duty Free ဖြင့် ရောင်းချခွင့်ပြုသည်ကလွဲ၍ စီးကရက်အလိပ်လိုက် တင်သွင်းခွင့် မရှိချေ။

ဒီမိုကရေစီအစိုးရအဖြစ် ပြောင်းနေချိန်ဖြစ်သော ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ဆေးလိပ်ထုတ်လုပ်မှုလုပ်ငန်းတွင် ပြည်ပကုမ္ပဏီများဝင်ရောက်လာမှု မြင့်တက်လာသည်။

“အဓိကဆေးလိပ်ကုမ္ပဏီလေးခုလောက်က ဈေးကွက်ကို ထိန်းထားတယ်။ ပြည်တွင်းထုတ်စီးကရက်ကတော့ နည်းတယ်။ ဆေးပေါ့လိပ်ကတော့ ပိုများတယ်” ဟု ဒေါက်တာသန်းစိန်က ကောက်ယူထားသည့် အချက်အလက်များအပေါ် အခြေခံ၍ ပြောကြားသည်။

ဆေးရွက်ကြီးကိုလည်း ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သလို ပြည်ပမှလည်း ဝယ်ယူတင်သွင်းမှု ရှိနေသည်။    

ပြည်တွင်းတွင် ဆေးရွက်ကြီးထုတ်လုပ်မှုမှာမူ ၂၀၁၄ ခုနှစ်တွင် ကောက်ယူထားသော စာရင်းများအရ တန်ချိန် ၁၆  သန်း ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာဆေးရွက်ကြီးထိန်းချုပ်ရေးကွန်ဗင်းရှင်း (FCTC) တွင် ပါဝင်သည့်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကို လျှော့ချရန် မဟာဗျူဟာခြောက်ခုကို ကျင့်သုံးလျက် ရှိသည်။

ထို မဟာဗျူဟာခြောက်ခုထဲမှ အခွန်ကောက်သည့် စနစ်မှာ မြန်မာနိုင်ငံအနေနှင့် လိုအပ်ချက်များ ရှိနေသည်ဟု ဆေးလိပ်နှင့် ဆေးရွက်ထိန်းချုပ်ရေးအဖွဲ့အစည်းများက ပြောကြားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန်စ္စည်းများကို ပြည်ထောင်စုအခွန် ဥပဒေတွင် ပါဝင်သော အထူးကုန်စည်အခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ထဲမှ အထူးကုန်စည်အခွန်အောက်တွင် ထည့်သွင်းကောက်ခံသည်။

သို့သော် အခွန်ကောက်ယူသည့် စနစ်မှာလည်း လိုအပ်ချက်များ ရှိနေသောကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူများက တာဝန်ရှိသူများနှင့် ပြန်လည်ဆွေးနွေးလျက်ရှိသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို အခွန်ကောက်ရာတွင် ကုန်ပစ္စည်းတန်ဖိုးအပေါ် မူတည်ကာ ကောက်ခံခြင်းကြောင့် တန်ဖိုးမြှင့်ထုတ်လုပ်လျှင် အခွန်မြင့်မြင့်ပေးရပြီး တန်ဖိုးနည်းသော ကုန်ပစ္စည်းများအတွက် အခွန်မှာလည်း လျော့နည်းသည်။

“အခွန်ကောက်တဲ့ စနစ်ကို ပြင်ရမှာ။ ဈေးကွက်ထဲမှာ ရောက်တော့မှ အမြင့်ဆုံးဟာဆိုရင် ဘယ်လောက်နည်းနည်း  နိမ့်တာဆို ဘယ်လောက်ဆိုတာမျိုး ကောက်တာ။ တစ်သမတ်တည်း မဟုတ်ဘူး” ဟု ဒေါက်တာသန်းစိန်က အကြံပြု ပြောကြားသည်။

ထို့ကြောင့် တန်ဖိုးနည်းသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးကုန်ပစ္စည်းများကို လူတိုင်းက အလွယ်တကူလက်လှမ်းမီကာ သုံးစွဲလာနိုင်ကာ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်လာသည်။

ထုတ်ကုန်ပစ္စည်းများအားလုံးကို အခွန်နှုန်းထားတစ်ပြေးညီသတ်မှတ်၍ ကောက်ခံသင့်ပြီး နှစ်စဉ်အခွန်ရာခိုင်နှုန်းကို တိုးပေးသင့်ကြောင်း ဒေါက်တာသန်းစိန်က အကြံပြုပြောကြားသည်။

လက်ရှိတွင် ဆေးလိပ်တစ်လိပ်ကို ဈေးကွက်ထဲရှိ ရောင်းချသောနှုန်းထားဖြင့် အခွန်ကောက်ကာအမြင့်ဆုံး ဈေးနှုန်းရှိသည့် ဆေးလိပ်တစ်လိပ်လျှင် အခွန်ငွေမှာ ၁၆ ကျပ်ဖြစ်ပြီး အနည်းဆုံးဈေးနှုန်းရှိသည့် ဆေးလိပ်တစ်လိပ်လျှင် အခွန်ငွေ ၄ ကျပ်သာ ရှိသည်။ ၂၅ ကျပ်တန်ဆေးပေါ့လိပ်တစ်လိပ်အတွက် အခွန်မှာ ပြား ၅၀ သာ ရှိသည်။

ကွမ်းစားဆေးဘူးတစ်ဘူးကိုလည်း ၈၀ ရာခိုင်နှုန်း အခွန်ကောက်ခံသည်။

“အခွန်များများကောက်ရင် တန်ဖိုးကြီးတယ် (ဈေးမြင့်မယ်)။ တန်ဖိုးကြီးရင် သုံးစွဲမှုလျော့တဲ့အတွက် ကျန်းမာရေးအတွက် အမြတ်ရတယ်။ နိုင်ငံတော်အတွက် အမြတ်ရသလို တစ်ဦးချင်းမှာလည်း အမြတ်ရတဲ့အတွက် ပိုပြီးတော့ အခွန်တိုးကောက်သင့်တယ်။ အခွန်တိုးကောက်တဲ့ စနစ်က သင့်တော်တဲ့ မဟာဗျူဟာဖြစ်တယ်”ဟု ဒေါက်တာသိန်းစိန်က ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ လတ်တလောထွက်ပေါ်လာသည့် သုတေသနရလဒ်များအရ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှုကြောင့် နောက်ဆက်တွဲရရှိလာသော ဆိုးကျိုးက အထင်းသားပင်။

ထိုဆုံးရှုံးမှုများကို ထိန်းချုပ်ရန် ဆေးလိပ်သောက်သုံးသူများက ဆင်ခြင်ပါမည်လော။ ထိန်းချုပ်ရန် ချမှတ်ထားသည့် ဥပဒေများက မည်သည့်အချိန်တွင် ထိရောက်မည်လော။

ဦးမျိုးမင်းထွန်းကတော့ ယခုရောဂါခံစားရချိန်မှ ဆေးလိပ်ပြတ်သည်။ ရောဂါကုသရသည့် အကြွေးအပြင် နောင်တများကိုပါ သူ ခံစားရရှိနေလေပြီဖြစ်သည်။

“ဆေးလိပ်ကြောင့် နောင်တရမိတယ်။ အချိန်အကြာကြီးသောက်လာလို့ ဒီရောဂါဖြစ်လာတာပဲ”ဟု ဦးမျိုးမင်းထွန်းက လေးလေးတွဲ့တွဲ့ဖြင့် နောင်တစကားဆိုသည်။

မေသက်ဇင်၊ ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *