အန္တရာယ်ကြီးသော အရှေ့တောင်အာရှ လူပြိန်းကြိုက်ဝါဒ

CFR

အရှေ့တောင်အာရှနိုင်ငံများ၌ ဒီမိုကရေစီစနစ် အလျင်အမြန်ကြီးထွားဖွံ့ဖြိုးလာသော်လည်း ကျိုးလွယ်ပဲ့လွယ် ဖြစ်နေသော အခြေအနေမျိုးတွင် ဩဇာကြီးမားသော လူသန်ကြီးများ သို့မဟုတ် အာဏာရှင်စနစ်ကို ယိမ်းသည့် လူပြိန်းကြိုက်ဝါဒီမှာ လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း လွှမ်းမိုးလာတော့သည်။ ဝင်ငွေမညီမျှမှု၊ ရာဇဝတ်မှုထူပြောလာမှုနှင့် အစိုးရ၏ စွမ်းဆောင်ရည်ပျက်ယွင်းမှုများလည်း လူသန်ကြီးများ၊ လူပြိန်းကြိုက်များ လွှမ်းမိုးနိုင်စေရန် တွန်းအားပေးနေသော အရေးကိစ္စများ ဖြစ်သည်။

ဥရောပနှင့် မြောက်အမေရိကနိုင်ငံများတွင် လူပြိန်းကြိုက်ဝါဒအားကောင်းလာသလို အရှေ့တောင်အာရှနိုင်ငံများတွင်လည်း အင်အားကြီးလာသည်။ ဤနိုင်ငံများရှိ လက်ရှိအာဏာရ သို့မဟုတ် အာဏာရရန် ကြိုးပမ်းနေကြသည့် အာဏာရှင်စနစ်ကို ယိမ်းသော လူပြိန်းကြိုက်ဝါဒီများမှာလည်း ဥရောပနိုင်ငံများ ကျင့်သုံးသည့် မဟာဗျူဟာများအတိုင်း အသုံးပြုလာကြသည်။ လက်ရှိအာဏာရအီလစ်များ မဖြေရှင်းနိုင်သော ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် အာဏာစည်း အပြင်က လူများအဖြစ် ကိုယ်ကိုယ့်ကိုယ့် ပုံဖော်နေရာချထားမှု၊ ရာဇဝတ်မှုများ နှိမ်နင်းရာတွင် ရက်စက်သော နည်းလမ်းများ အသုံးပြုမှု၊ လူအဖွဲ့အစည်းအတွင်း အားနည်းသော အုပ်စုများကို ပစ်မှတ်ထားစည်းရုံးခြင်းစသည့် မဟာဗျူဟာများ ဖြစ်သည်။ အဆိုပါလုပ်ရပ်များမှာ နောက်ဆုံးတွင် ဒီမိုကရေစီကို ယုတ်လျော့အားနည်းသွားစေမည်လည်း ဖြစ်သည်။

အရှေ့တောင်အာရှစီးပွားရေး အင်အားအကြီးဆုံးခြောက်နိုင်ငံတွင် ပါဝင်သည့် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် အာဏာရှင်ယိမ်းလူပြိန်းကြိုက်ခေါင်းဆောင်များနေရာယူထားသလို အင်ဒိုနီးရှားနိုင်ငံတွင်လည်း လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး၌ လူပြိန်းကြိုက်ခေါင်းဆောင်တစ်ဦးဦး နေရာယူလာဖွယ် ရှိသည်။ ယင်းကဲ့သို့သော လူပြိန်းကြိုက်ဝါဒများ ပေါ်ထွန်းလာခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံများရှိ ဒီမိုကရေစီစနစ်ကို တိုး၍ ဖျက်ဆီးနိုင်သလို လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ပိုမိုလွတ်လပ်လာသော ဤဒေသကြီး၏ တည်ငြိမ်မှုကိုလည်း ဖယ်ရှားပစ်နိုင်သည်။

တမူထူးသည့် အရှေ့တောင်အာရှ လူပြိန်းကြိုက်ဝါဒ

အရှေ့တောင်အာရှနိုင်ငံများရှိ လူပြိန်းကြိုက်ဝါဒမှာ ဥရောပမြောက်အမေရိကနိုင်ငံများတွင် ဖြစ်ထွန်းနေသည့် လူပြိန်းကြိုက်ဝါဒနှင့် နေရာအတော်များများတွင် မတူညီပေ။ အရှေ့တောင်အာရှနိုင်ငံများ၏ လူပြိန်းကြိုက်ဝါဒမှာ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးကျဆင်းမှု၊ ကုန်သွယ်ရေးကိစ္စများတွင် သိပ် အဓိကမထား။ ယင်းနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှုမှာ အတော်အတန်အင်အားတောင့်တင်းသလို ကုန်သွယ်ရေးကိုလည်း အလွန်မှီခိုနေရသော နိုင်ငံများ ဖြစ်သည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးမှာလည်း အရေးပါသော နိုင်ငံရေးကိစ္စ မဟုတ်ပေ။ ဖိလစ်ပိုင်နိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားနှင့် ပတ်သက်၍ အဓိကကျသည့် အရင်းအမြစ်ဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်များတွင် ဖိလစ်ပိုင်နိုင်ငံသားများ သွားရောက်အလုပ်လုပ်ကိုင်မှုတွင် ရာခိုင်နှုန်းမြင့်သော နိုင်ငံတစ်ခု ဖြစ်သည်။

သို့ဖြစ်ရာ အရှေ့တောင်အာရှလူပြိန်းကြိုက်ဝါဒီများ ဘာသာရေးနှင့် လူမျိုးရေးကွဲပြားမှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အခြေခံလူတန်းစားနှင့် ဝင်ငွေနိမ့်လူလတ်တန်းစားများအပေါ် အဓိက ပစ်မှတ်ထားသည်။ အထူးသဖြင့် ဝင်ငွေနိမ့်လူလတ်တန်းစားများက ဒီမိုကရေစီကို စိတ်ပျက်လာကြသည်။ အကြောင်းရင်းမှာ ဒီမိုကရက်တစ်နိုင်ငံရေးသမားများက ဝင်ငွေမညီမျှမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိ၊ ရာဇဝတ်မှုထူပြောခြင်းကို ကိုင်တွယ်နိုင်ခြင်း မရှိ၊ သို့မဟုတ် ထိရောက်သော အစိုးရဝန်ဆောင်မှုကို မပေးနိုင်ဟု ယူဆထားခြင်းကြောင့် ဖြစ်သည်။

ဤဒေသတွင်းရှိ လူပြိန်းကြိုက်ဝါဒီများမှာ အာဏာရအပြီးတွင် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ၊ နှုန်းစံများကို သေးသိမ်အောင် ပြုလုပ်ကြသည်သာဖြစ်သည်။ အစဉ်အလာနိုင်ငံရေးပါတီများမှာ ဒီမိုကရက်တစ် စည်းမျဉ်းများအတွက် စံပြဖြစ်လေ့မရှိသော နိုင်ငံများတွင် ဤသို့ ဖြစ်တတ်သည်ကို တွေ့ရသည်။ ဒီမိုကရေစီမှာ အဆိုပါဒေသနိုင်ငံများ၌ ဖြည်းဖြည်းချင်းတိုးတက်လာသည်မှာ မှန်သော်လည်း လူပြိန်းကြိုက်အင်အားစုများ ခေါင်းမထောင်မီ အခြေအနေကတည်းကပင် ယင်းနိုင်ငံများ၏ ဒီမိုကရေစီမှာ ဥရောပ၊ မြောက်အမေရိကနိုင်ငံများလောက် အင်အားကောင်းလှသည် မဟုတ်ပါ။ အရှေ့တောင်အာရှနိုင်ငံများရှိ နိုင်ငံရေးပါတီများမှာ လူရင်းချီးမြောက်သည့် ဝါဒ(Clientelism)၊ ခေတ်သစ်သူကောင်း ပြုဝါဒ (Neopatrimonialism) ဖြင့် သာလွှမ်းထားရာ လူတစ်ဦး သို့မဟုတ် မိသားစုတစ်စုကသာ ပါတီများကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ယင်းနိုင်ငံများရှိ အခြေကျပြီးသား နိုင်ငံရေးပါတီများ၏ အဆိုပါအားနည်းချက်များကြောင့် လူပြိန်းကြိုက်ဝါဒီများ ရှင်သန်အားကောင်းရေး၊ အစဉ်အလာ နိုင်ငံရေးပါတီများအပေါ် လွှမ်းမိုးနိုင်ရေး၊ နိုင်ငံတော်အင်စတီကျူးရှင်းများကို ထိန်းချုပ်နိုင်ရေးနှင့် တစ်လွဲအသုံးချနိုင်ရေးတို့အတွက် ပိုမိုလွယ်ကူသွားစေတော့သည်။

လူလတ်တန်းစားများကို စည်းရုံးနိုင်ခြင်း

ဈေးကွက်စီးပွားရေးထွန်းသစ်စနိုင်ငံများတွင် လူလတ်တန်းစားမှာ ဒီမိုကရေစီအတွက် မဏ္ဍိုင်အဖြစ် ယူဆထားသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင်မူ ဝင်ငွေနိမ့်နှင့် ဝင်ငွေမြင့်လူလတ်တန်းစားများမှာ အာဏာရှင် သို့မဟုတ် လူသန်ကြီးများကို တိုး၍ ထောက်ခံလျက် ရှိကြသည်။

“ဒီနိုင်ငံတွေမှာ လူပြိန်းကြိုက်ဝါဒီတွေ၊ လူသန်ကြီးတွေကို လူတွေ နှစ်သက်လက်ခံကြတာက ဘယ်အပေါ်မှာ မူတည်နေသလဲဆိုရင် နဂိုကရှိနေတဲ့ စိတ်ပျက်မှုအစုအပုံကြီးကို ဒီလူတွေက ထူးထူးခြားခြား ကိုင်တွယ်အသုံးချနိုင်တဲ့ အပေါ် မူတည်နေတာပါ။ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းတွေက လူတွေရဲ့လိုလားချက်တွေ အသံတွေကို ထိရောက်အောင် မစွမ်းဆောင်နိုင်တဲ့ အခါ၊ ပြည်သူတွေအတွက် အခြေခံကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို အစိုးရအင်စတီကျူးရှင်းတွေက ထိရောက်အောင် မစွမ်းဆောင်နိုင်တဲ့ အခါ အထူးသဖြင့် ကြီးပွားအောင်မြင်စိတ် ရှိကြတဲ့ လူလတ်တန်းစားတွေရဲ့ စိတ်ပျက်မှုအစုအပုံကြီးကို သူတို့က အသုံးချနိုင်ကြ တာပါ”ဟု ဖိလစ်ပိုင်နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ရစ်ချစ်ဂျားဗတ်ဟေးဒါရီယန်က ပြောကြားထားသည်။ အရှေ့တောင်အာရှနိုင်ငံများရှိ လူလတ်တန်းစားများမှာ ဒီမိုကရေစီအပေါ် မနှစ်မမြို့ဖြစ်နေကြသည်မှာ ဆယ်စုနှစ်တစ်စုနီးပါး ရှိနေပြီလည်း ဖြစ်သည်။

ထို့အတူအထက်တန်းနှင့် ဝင်ငွေမြင့်လူလတ်တန်းစားများကလည်း ဒီမိုကရေစီကို စိတ်ကုန်လာကြသည်ကို တွေ့ရသည်။ သို့သော် နိုင်ငံရေးအာဏာကို ရယူရာတွင်မူ ဝင်ငွေနိမ့်လူလတ်တန်းစားနှင့် ဝင်ငွေမြင့် လူလတ်တန်းစား စသည့် လူတန်းစားအချင်းချင်းကြားတွင် တင်းမာမှုများ ရှိနေသည်။ ဝင်ငွေပိုမြင့်သည့် ချမ်းသာသူများက ခေါင်းဆောင်မှု အပြောင်းအလဲကို လိုလားသည့်အခါမျိုးတွင် လူပြိန်းကြိုက်ဝါဒီများထက် စစ်အုပ်ချုပ်ရေးကဲ့သို့သော လူသန်ကြီးများကို ထောက်ခံကြသည်ကို တွေ့ရသည်။ ၎င်းတို့အနေဖြင့် ဝင်ငွေမညီမျှမှု အခြေအနေနှင့် တည်ဆဲအီလစ်အနေအထားကို ထိန်းသိမ်းလိုသောကြောင့် ဖြစ်သည်။ အကယ်၍ အာဏာရှင်ဆန်သော လူပြိန်းကြိုက်ဝါဒီတစ်ဦး အာဏာရခဲ့ပါက ဝင်ငွေမြင့်လူလတ်တန်းစားများက စစ်အာဏာသိမ်းခြင်း သို့မဟုတ် နာမည် တပ်မထားသော စစ်အာဏာသိမ်းမှုပုံစံမျိုးဖြင့် လူပြိန်းကြိုက်ဝါဒီ ခေါင်းဆောင်များကို ဖယ်ရှားပစ်လေ့ရှိသည်။ ယင်းသို့သော လုပ်ရပ်မျိုးကို ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် တွေ့ရသည်။

အရှေ့တောင်အာရှနိုင်ငံများ၌ ယခင်ကထက် ပိုမိုလွတ်လပ်သော နိုင်ငံရေးနှင့် မီဒီယာများအနေဖြင့် လူမျိုးစုချင်းကြား၊ ဘာသာအချင်းချင်းကြားရှိနေသော ပြတ်ရွှေ့ကြောကြီးများနှင့် ကြုံတွေ့လာရသည်။ ယင်းကို မီးထိုးပေးနေသော အရာမှာ လူမှုကွန်ရက်မီဒီယာ ဖြစ်သည်။ အမှန်တကယ်တမ်းတွင်မူ လူပြိန်းကြိုက်ခေါင်းဆောင်များမှာ အသစ်ဖြစ်ထွန်းလာသည့် လူမှုကွန်ရက်မီဒီယာများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချသည်ကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ ယင်းမီဒီယာကြောင့်ပင် ၎င်းတို့မှာ လူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဥပမာ ပြရမည်ဆိုပါက ဖိလစ်ပိုင်သမ္မတဒူတာတေးမှာ ‘ဖေ့စ်ဘွခ်ဘလော့ဂ်ဂါနှင့် ထင်ရှားသူများတပ်ဖွဲ့’ကို ဖွဲ့စည်းထားခြင်းမျိုးကို ဆိုလိုသည်။

လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း ဒီမိုကရေစီဆုတ်ယုတ်ကျဆင်းမှုများနှင့် ရင်ဆိုင်နေရသည့် အရှေ့တောင်အာရှဒေသတွင် အင်ဒိုနီးရှားနိုင်ငံ၌ အာဏာရှင်ဆန်သည့် လူပြိန်းကြိုက်များ ထွက်ပေါ်လာခြင်းမှာ ဒေသတွင်းနိုင်ငံအားလုံးအတွက် အဆိုဝါးဆုံးနောက်ပြန်ဆုတ်မှုပင် ဖြစ်သည်။ အကယ်၍ ထိုင်းနှင့် ဖိလစ်ပိုင်ကဲ့သို့ အင်ဒိုနီးရှားတွင် လူးပြိန်းကြိုက်များ အာဏာရရှိခဲ့ပါက ၎င်းတို့၏ ပြိုင်ဘက်များမှာ အာဏာသိမ်းရန်ကြိုးပမ်းခြင်း နည်းလမ်းဖြင့် ပြန်လည်တုံ့ပြန်လေ့ရှိသည်။ ယင်း ဖြစ်ရပ်များကြောင့် အဆိုးကျော့ သံသရာလည်စေပြီး ဒီမိုကရေစီကို အပြီးတိုင်မြေမြှုပ်ပစ်နိုင်သည်အထိ အန္တရာယ်ပြင်းထန်သည်ကို တွေ့ရမည်ဖြစ်ပေသည်။

စာညွှန်း။      ။ Southeast Asia’s Populism Is Different but Also Dangerous

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *