၂၀၁၈ မှတ်တိုင်များ- နိုင်ငံရေး

ယခုနှစ်သည် လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတစ်လျှောက် မည်သည့်အချိန်ကာလနှင့်မျှ မတူအောင် ပြည်တွင်း၊ ပြည်ပဖိအား၊ ပြဿနာများဖြင့် ရင်ဆိုင်နေရသည့်အတွက် ယခုနှစ်အတွင်း ကြုံခဲ့သမျှ မှတ်တိုင်အကြောင်းအရာအများစုမှာလည်း နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် ကြီးမားလေးလံလွန်းလှသည်။

လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာတစ်ခုအနေနှင့် ဖြတ်သန်းလာခဲ့သော ၂၃ နှစ်တာကာလအတွင်း မြန်မာ့အရေး ကိစ္စများ သို့မဟုတ် သမိုင်းဖြစ်ရပ်များကို နှစ်စဉ် မှတ်တမ်းတင်ပေးခဲ့သည့်အတိုင်း ယခုနှစ်အတွင်း ကြုံခဲ့ရသည့် အကြောင်းအရာ အဖြစ်အပျက်များကိုလည်း တတ်နိုင်သမျှ အစွဲအလမ်းကင်းနိုင်သမျှ ကင်းစေရန်ကြိုးစားကာ တတိယလူ ရှုထောင့်မှ မှတ်တမ်းတင်ဖော်ပြထားခြင်း ဖြစ်ပါသည်။

အစိုးရအဖွဲ့အပြောင်းအလဲ

၂၀၁၆ခုနှစ် မတ်လတွင် စတင်တာဝန်ယူခဲ့သည့် လက်ရှိအစိုးရ အနေနှင့် ၂ နှစ်အကြာတွင် ကြီးမားသည့် အပြောင်းအလဲအချို့ပြုလုပ်ခဲ့ခြင်းမှာ ယခုနှစ်အတွင်း မှတ်တမ်းတင်ရမည့်ကိစ္စ ဖြစ်သည်။

အကြီးဆုံးရာထူးနိုင်ငံတော်သမ္မတအပါအဝင် စီးပွားရေးကိစ္စတွင် အရေးပါသည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးတို့ အပြောင်းအလဲလုပ်ခဲ့သလို နိုင်ငံတကာနှင့် ချိတ်ဆက်မည့် စီးပွားရေးကဏ္ဍအတွက် ဝန်ကြီးဌာနသစ်တစ်ခု ထပ်မံဖွဲ့စည်းခဲ့သည်။

ယခုနှစ် မတ်လနှောင်းပိုင်းတွင် နိုင်ငံတော်သမ္မတတာဝန်မှ အနားယူသွားခဲ့သော ဦးထင်ကျော်နေရာတွင် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဦးဝင်းမြင့် ဆက်ခံခဲ့ပြီးနောက် အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီး ခြေမပေါ်သည့် သို့မဟုတ် ကိုယ်ကျင့်ပညာအားနည်းသည့် ဝန်ကြီးအချို့ကို အနားပေးခဲ့သည်။

အဆိုပါအနားပေးခံခဲ့ရသူများထဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းလည်း ပါဝင်သည်။ ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရဖွဲ့စည်းပြီး များမကြာမီကတည်းကပင် အနားပေးခံရနိုင်ခြေရှိသူ စာရင်းတွင် မကြာခဏ ပါဝင်နေခဲ့သော်လည်း ၂နှစ်ကြာအထိ တောင့်ခံသွားခဲ့သူဖြစ်သည်။ အနားမယူမီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့လည်း တိုင်ကြားခံခဲ့ရသည်။

ပြည်ထဲရေးဒုတိယဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပါအဝင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စသည်တို့မှ ဝန်ကြီးအချို့လည်း ၂၀၁၈ ခုနှစ်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့ကို တိုးချဲ့ခဲ့သေးသည်။ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations)  အမည်ဖြင့် ဝန်ကြီးဌာနအသစ်တစ်ခုကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ယခုဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တန့်နေ သို့မဟုတ် ကျသွားသည့် နိုင်ငံ၏အခြေအနေကို ကယ်တင်ရန်ကြိုးပမ်းမှု ဖြစ်သည်။

အဆိုပါဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် စီးပွားကုန်သွယ်ကိစ္စရပ်များနှင့် များစွာနီးစပ်ခြင်း မရှိသူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို တာဝန်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် လစ်လပ်သွားသည့် ၎င်းနေရာတွင် နိုင်ငံတော်သမ္မတရုံးတွင် ဒုတိယဝန်ကြီးအဖြစ် ဆောင်ရွက်နေသည့် ဦးမင်းသူနှင့် အစားထိုးခဲ့သည်။

NLD အစိုးရအနေနှင့် အစိုးရအဖြစ်တာဝန်ယူချိန်တွင် ယခင် အစိုးရဟောင်းလက်ထက်၌ ရှိခဲ့သည့် ဝန်ကြီးဌာန ၃၆ ခုကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်၍ ၂၁ ခုသာ ထားရှိခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် သုံးခုထပ်မံတိုးချဲ့ခဲ့ရာ ယခုအသစ်တစ်ခုပါ ထည့်ပေါင်းလျှင် ဝန်ကြီးဌာန စုစုပေါင်း ၂၅ ခု ရှိလာပြီဖြစ်သည်။

ယခုနှစ်အတွင်း ၂၀၁၃ ခုနှစ်ကပင် နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၈၀ အရွယ်ရှိနေပြီဖြစ်သော ဦးကျော်ကျော်မောင်ကို နောက်ထပ်သက်တမ်းတစ်ကြိမ် ထပ်မံထမ်ဆောင်ရန် သမ္မတဦးဝင်းမြင့်က အဆိုပြုခဲ့ရာ ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့ခြင်းနှင့် ပတ်သက်၍လည်း ယခုနှစ်အတွင်း ဝေဖန်ပြောဆိုမှုများပြားခဲ့သည်။

 

———————————————————————–

ဖိအားတံပိုးနှင့် ရခိုင်ပြည်နယ်အရေး

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာအပေါ် နိုင်ငံတကာ၏အကြီးမားဆုံးဖိအားပေးမှုနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဖမ်းဆီးခံရမှု၊ ပြည်နယ်ဝန်ကြီးကို လွှတ်တော်က စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့မှု၊ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှု၊ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး အသတ်ခံရမှုစသည့် ဖြစ်ရပ်များမှာလည်း ထူးခြားသည့်ဖြစ်ရပ်များအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးဟု ရည်ညွှန်းပြောဆိုကြသည့် မောင်တောဒေသက အကြမ်းဖက်မှုပြဿနာမှာ ၂၀၁၈ ခုနှစ်တွင် ထပ်မံဖြစ်ပွားခြင်း မရှိသော်လည်း ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ဘင်္ဂါလီများအရေးကြောင့် မြန်မာအပေါ် နိုင်ငံတကာဖိအား အလွန်အကျွံကျရောက်ခဲ့သည်။

သိန်းနှင့်ချီသည့် ဘင်္ဂါလီများကို မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ခေါင်းဆောင်ခြောက်ဦးကို ICC ဟုခေါ်သည့် နိုင်ငံတကာရာဇဝတ်မှုခုံရုံးသို့ တင်ပို့ခဲ့ကြသည်။ စွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ချေပချက်ကို ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ICC က မေတ္တာရပ်ခံတောင်းဆိုခဲ့သော်ငြား မြန်မာအစိုးရကမူ ICC က တရားစီရင်ပိုင်ခွင့်မရှိကြောင်း တုံ့ပြန်ခဲ့သည်။ ICC ကမူ တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

မောင်တောဒေသတွင် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်သည်ဟု ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့က အစီရင်ခံစာထုတ်ပြန်ပြီးနောက်တွင် နိုင်ငံတကာက မြန်မာအပေါ်ဖိအားပေးမှု ပိုမိုမြင့်တက်လာပြီး အရေးယူပိတ်ဆို့ရန်ကြိုးပမ်းမှုလည်း မြင့်တက်လာသည်။ ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာအပေါ် ပေးအပ်ထားသည့် ကုန်ပစ္စည်းတင်သွင်းလျှင် အခွန်ကင်းလွတ်ခွင့်ပြုထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ရုပ်သိမ်းရန်စဉ်းစားမည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းမတိုင်ခင်ကပင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စသည်တို့က မြန်မာ့တပ်မတော်ခေါင်းဆောင်အချို့အပေါ် လူပုဂ္ဂိုလ်တစ်ဦးချင်းပစ်မှတ်ထား အရေးယူထားသေးသည်။ ကုလသမဂ္ဂမျက်နှာစာတွင်လည်း မြန်မာအပေါ် အရေးယူရန် ကြိုးပမ်းခဲ့ကြပြီး တရုတ်နှင့် ရုရှားတို့၏ အကာအကွယ်ပေးမှုကြောင့် အထမမြောက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာဖိအားကို တန်ပြန်ရန် မြန်မာအစိုးရ ကြိုးပမ်းမှုနှစ်ကြိမ်စလုံး မအောင်မြင်ခဲ့ပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဇန်နဝါရီလတွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တစ်ကြိမ်ပြန်လည်လက်ခံရန် စီစဉ်ခဲ့သော်လည်း ပြန်ပို့ရန် မသင့်သေးဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးသဖြင့် အထမမြောက်ခဲ့ပေ။

——————————————————————————

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချခံရခြင်း

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ခြင်းမှာလည်း နိုင်ငံတကာဖိအားကို ဖိတ်ခေါ်ရာရောက်ခဲ့ပြီး တရားစီရင်ရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်တို့အတွက် မေးခွန်းများစွာ ထုတ်ပေးခဲ့သည့် ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

မောင်တောတောင်ပိုင်းအင်းဒင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အရပ်သား အချို့သတ်ဖြတ်ခဲ့မှုကို ဖော်ထုတ်တင်ဆက်ရန် ကြိုးပမ်းပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သို့သော်လည်း ပြစ်ဒဏ်ချရာတွင် တိုင်းတစ်ပါးအဖွဲ့အစည်းအတွက် သူလျှိုလုပ်ပြီး နိုင်ငံအပေါ် သစ္စာဖောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။

အပြစ်ရှိကြောင်း ခိုင်ခိုင်လုံလုံမပြသနိုင်ဘဲ ထောင်ဒဏ်ခုနစ်နှစ်ချသည်ဟုဆိုကာ တရားစီရင်ရေးမဏ္ဍိုင်၏ တည့်မတ်မှုမေးခွန်းထုတ်ခံရပြီး သတင်းဖော်ထုတ်ရန်ကြိုးပမ်းမှုကြောင့် ထောင်ချခံရသဖြင့် သတင်းမီဒီယာ အမှောင်ခေတ်သို့ ဦးတည်နေသည်ဆိုသည့် ဝေဖန်ချက်များလည်း ရှိနေသည်။ ရိုက်တာသတင်းထောက်နှစ်ဦးကို လွှတ်ပေးရန် နိုင်ငံတကာ၏ ဖိအားပေးမှုကလည်း ပိုမိုဇာတ်ရှိန်မြင့်လာခဲ့သည်။

 

——————————————————————-

ဒေါက်တာအေးမောင် ဖမ်းဆီးခံရခြင်း

ရခိုင်ပြည်နယ်တွင်ထင်ရှားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် စာပေဟောပြောပွဲတွင် ဟောပြောချက်ကြောင့် နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ဖမ်းဆီးခံရမှုမှာ ဥပဒေပြုရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ် ပထမဦးဆုံး ဖမ်းဆီးတရားစွဲဆိုခံရမှုအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် စာပေဟောပြောပွဲတွင် ရခိုင်လူမျိုးကို ဗမာကျွန်အဖြစ်သာ သဘောထားကာ တန်းတူအခွင့်အရေး မပေးသဖြင့် လူထုစည်းရုံးရေးနည်းလမ်း၊ လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းတို့ဖြင့် အချုပ်အခြာအာဏာကို ရယူရန်လုပ်ဆောင်ရမည်ဟု ပြောဆိုသည်ဟု အစိုးရက စွပ်စွဲကာ တရားစွဲခြင်းဖြစ်သည်။ ဒေါက်တာအေးမောင်ကမူ အဓိပ္ပာယ်ကောက်ယူမှု လွဲမှားခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၁၊ နိုင်ငံတော်အစိုးရကို ထိခိုက်စေပြီး အများပြည်သူအကျိုးစီးပွားပျက်စီးမှုကို ဖြစ်ပေါ်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ မတရားအသင်းနှင့် ဆက်နွှယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် အမှုဖွင့်ခံရပြီး ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်တွေမြို့ရှိ နေအိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဒေါက်တာအေးမောင်နှင့်အတူ ရခိုင်လူငယ်စာရေးဆရာဝေဟင်အောင်မှာလည်း ဖမ်းဆီးတရားစွဲဆိုခံနေရသည်။ ၎င်းတို့နှစ်ဦးကို ပုဒ်မ ၁၂၁၊ ပုဒ်မ ၅၀၅(ခ) တို့တွင် စွဲချက်တင်ရန် စစ်တွေခရိုင်တရားသူကြီးက စက်တင်ဘာလ ၁၀ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

———————————————————————-

မြောက်ဦး ဖြစ်ရပ်ဆိုး

မြောက်ဦးမြို့တွင် သွေးမြေကျမှုဖြစ်ရပ်ဖြစ်ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရသည်။ မြောက်ဦးမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြာသိုလကွယ်ညတွင် ရခိုင့်နိုင်ငံတော်အချုပ် အခြာအာဏာကျဆုံးမှု ဝမ်းနည်းဖွယ်အခမ်းအနား စာပေဟောပြောပွဲ တားမြစ်ခံရရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းမှာလည်း ယခုနှစ်အတွင်း မှတ်တမ်းတင်ရမည့် အကြောင်းအရာ ဖြစ်သည်။

လူစုလူဝေးဖြင့် လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရာ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းသဖြင့် အရပ်သားခုနစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်ရပ်ဖြစ်ပွားပြီး ၁၅ ရက်ခန့်အကြာတွင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် အသတ်ခံရသည်။

မြောက်ဦးသွေးမြေကျဖြစ်ရပ်ဖြစ်ပြီး သုံးရက်အကြာတွင် ဦးဘိုဘို မင်းသိုက်ကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့က စစ်တွေမြို့သို့ အပြန်လမ်းကားပေါ်တွင် အတူလိုက်ပါလာသူ သုံးဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနကမူ ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံရန် ရက္ခိုင့်တပ် (AA) က ကြိုတင်ကြံစည်ခြင်းဟု စွပ်စွဲပြီး ယင်းလုပ်ကြံမှုကိုစီစဉ်ရာတွင် ပါဝင်ကာ AA ကို ထောက်ပံ့သူဆိုသည့် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နှင့် မိသားစုဝင်သုံးဦးကို ဖမ်းဆီးခဲ့သည်။

———————————————————————————-

ရခိုင်စည်ပင်ဝန်ကြီး ဖြုတ်ချခံရခြင်း

ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ကာဖြုတ်ချမှုမှာ အရပ်သားအစိုးရ အသွင်ပြောင်းပြီးနောက် ခုနစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်၍ နိုင်ငံတော်နှင့် ပြည်သူများအကျိုးစီးပွားကို ထိခိုက်နစ်နာစေသည်ဟု ဆိုကာ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက လွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားရာမှ စွပ်စွဲပြစ်တင်မှုစတင်ခြင်း ဖြစ်သည်။ စွပ်စွဲပြစ်တင်ရာတွင် အချက်ကိုးချက်ပါသည့်အနက် အဓိကအချက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြို့ငါးမြို့၌ အကောင်အထည်ဖော်ခဲ့သော ဈေးသစ်တည်ဆောက်ရေးစီမံကိန်းများကို လွှတ်တော် မတင်ပြဘဲ မိမိသဘောဆန္ဒဖြင့် လုပ်ဆောင်သည်ဆိုသည့် အချက်ကြောင့် ဖြစ်သည်။

အစိုးရနှင့် လွှတ်တော်ညှိနှိုင်းမှုအောင်မြင်မှု မရသည့်နောက်တွင် လွှတ်တော်ကအရေးပေါ် အစည်းအဝေးခေါ်ကာ ဝန်ကြီးဦးမင်းအောင်ကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ အလားတူ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်းကိုလည်း လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

———————————————————————-

အတက်အကျများဖြင့် လှိုင်းထနေခဲ့သည့် ငြိမ်းချမ်းရေး

၂၀၁၇ ခုနှစ် တစ်နှစ်လုံးအကျဘက်တွင် ငြိမ်နေခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် တက်ရိပ်ပြလာခဲ့သော်လည်း နှစ်လယ်ပိုင်းတွင် ကျရိပ်ပြန်ပြပြီး နှစ်ကုန်ပိုင်းတွင် တစ်ဖန်တက်ရိပ်သန်းလာခြင်းတို့မှာ မှတ်တမ်းတင်စရာအခြေအနေ ဖြစ်သွားခဲ့သည်။

မွန်ပြည်သစ်ပါတီ (MNSP) နှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က NCA စာချုပ်ကို ဖေဖော်ဝါရီလတွင် ပါဝင်လက်မှတ်ရေးထိုးလိုက်ခြင်းက စောင့်ကြည့်သူတို့ကို မျှော်လင့်ချက်တက်စေခဲ့သည်။

သို့သော် ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း တပ်မတော်က လမ်းဖောက်လုပ်ရန် တပ်များ စေလွှတ်ရာမှ ဒေသခံ KNU တပ်တို့အကြား ပစ်ခတ်မှုအချို့နှင့် ရန်ငြိုးရန်စောင် အခြေအနေ တင်းမာမှုတို့ ဖြစ်ပေါ်ခဲ့ရာ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပျက်သွားမလားဟု စိုးရိမ်ဖွယ်ရာအနေအထားသို့လည်း ရောက်ရှိခဲ့သလို အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးကိစ္စတွင် ပြဿနာအချို့ပေါ်ပေါက်ခဲ့ရာ  NCA ထိုးထားပြီးသား အဖွဲ့အချို့ကို စိတ်ပျက်စေခဲ့သည်။

တစ်ဖန်နိုင်ငံ၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်ဒေသများတွင် ကချင်အပါအဝင် NCA မထိုးရသေးသည့် အဖွဲ့များနှင့် ယခုနှစ်ဦးပိုင်းမှစ၍ ပြင်းထန်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သေးရာ ပြည်တွင်းငြိမ်းချမ်းရေးသည် ရှေ့တိုးရန် မလွယ်သေးကြောင်း ပြသလျက်ရှိသည်။

ယခုနှစ် နှစ်လယ်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)ကို တတိယအကြိမ်မြောက် ကျင်းပခဲ့နိုင်သော်လည်း အရေးကြီးသည့် ဆုံးဖြတ်ချက်များ၊ ရလဒ်များကိုမူ ချမှတ်နိုင်ခြင်း မရှိခဲ့။

ထူးခြားသည့်ဖြစ်စဉ်အနေနှင့် အောက်တိုဘာလတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သီးခြားတွေ့ဆုံပွဲ တစ်ခုပေါ်ပေါက်ခဲ့သည်။ NCA စာချုပ်သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ ငြိမ်းချမ်းရေးညီလာခံသုံးကြိမ်ကျင်းပရန် လျာထားပြီး ယင်းညီလာခံတို့တွင် အရေးကြီးသည့်ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိနိုင်ငံရေးဆွေးနွေးမှု ပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်  ဖော်ဆောင်ရွက်ရေး စသည်တို့ ပါဝင်သည့် သဘောတူညီချက်တို့ကို နှစ်ဖက်ပူးပေါင်း၍ ထုတ်ပြန်နိုင်ခဲ့သည်။

ယင်းက အလားအလာကောင်းဘက်သို့ ဦးတည်နေကြောင်း ညွှန်ပြနေသော်လည်း ဆွေးနွေးမှုများတွင် ခွဲထွက်ရေး၊ မထွက်ရေးကိစ္စနှင့် တစ်ခုတည်းသော တပ်မတော်သာ ထားရှိရေးကိစ္စတွင် နှစ်ဖက်အကြား ပြန်လည်တင်းမာသွားခဲ့ကြသည်။

များမကြာမီတွင် အင်အားကြီးအဖွဲ့နှစ်ခုဖြစ်သည့် ကရင် (KNU) နှင့် ရှမ်း (RCSS) တို့က ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမှ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်လာကြရာ စိုးရိမ်ရေမှတ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် မျှော်မှန်းခဲ့သည့် ငြိမ်းချမ်းရေးညီလာခံကိုလည်း မကျင်းပနိုင်တော့။

သမ္မတ ဦးသိန်းစိန်လက်ထက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို စတင်အကောင်အထည်ဖော်ချိန်မှစ၍ ဖြစ်စဉ်ထဲတွင် မပါဝင်စေရန် ဖယ်ကျဉ်ခြင်းခံခဲ့ရသည့် မြောက်ပိုင်းသုံးဖွဲ့နှင့် အစိုးရတို့အကြား ဆက်ဆံရေးအနေအထား မီးစိမ်းပြလာခြင်းမှာ ကောင်းသည့် လက္ခဏာဖြစ်သည်။

တအာင်း/ပလောင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)  နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မည်ဟူ၍ ဒီဇင်ဘာလ ၁၂ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကိုလည်း ကြိုဆိုသလို ၎င်းတို့အနေနှင့်လည်း စစ်ရေးစစ်ရာများကို ရပ်တံ့၍ ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းတွင် ပါဝင်လိုသည်ဟု ဆိုသည်။

ယင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပင် ငြိမ်းချမ်းရေးကော်မရှင်ကလည်း ဝမ်းမြောက်ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ကာ အဆိုပါသုံးဖွဲ့နှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (Bilateral Ceasefire Agreement) သဘောတူညီချက် ရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုလိုက်သည်။

မွန်ပြည်သစ်ပါတီ (MNSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က NCA စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်သည့် ယခု ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ တိုးတက်မှုများကို ပြန်လည်မြင်တွေ့လာရခြင်း ဖြစ်သည်။

ဧပြီလ ဒုတိယပတ်အတွင်းမှစ၍ ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်၊ မန်စီ၊ နမ္မတီး၊ အင်းတော်စသည့် ဒေသများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများပင် ပြုလုပ်လာသည်အထိ ပြင်းထန်ခဲ့သည်။

KIA အပါအဝင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်၊ မြောက်ဘက်ပိုင်းဒေသများတွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့က NCA တွင် လက်မှတ်ရေးထိုးခြင်းမပြုသေးရာ အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကျပ်ရိုက်စေခဲ့သည်။

————————————————————————

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ

လစ်လပ်သွားသည့် မဲဆန္ဒနယ် ၁၃ ခုအတွက် ပြည်နယ်နှင့် တိုင်းကိုးခုတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အစိုးရ  လက်ထက် ဒုတိယအကြိမ်မြောက် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲဟု မှတ်တမ်းတင်ရမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် မဲပေးသူ ရာခိုင်နှုန်းကျဆင်းမှု၊ NLD ပါတီ၏ နယ်မြေအချို့ဆုံးရှုံးမှုတို့နှင့် ကြုံခဲ့ရခြင်းမှာ မှတ်တမ်းတင်ရမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်တိုင်းတို့နှင့် ချင်း၊ ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ခု နှင့် တစ်သီးပုဂ္ဂလခုနစ်ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

NLD ပါတီသည် နေရာစုံဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီကမူ တိုးပေါက်ရန် မလွယ်သည့် ရခိုင်ပြည်နယ်(ရသေ့တောင်) ၊ ရှမ်းပြည်နယ် (လဲချား) နှင့် ချင်းပြည်နယ် (မတူပီ) တို့ကို လက်ရှောင်ခဲ့သည်။

လစ်လပ်မဲဆန္ဒနယ် ၁၃ တွင် NLD ပါတီက ခုနစ်နေရာအနိုင်ရခဲ့ပြီး ကြံခိုင်ရေးပါတီက သုံးနေရာ အနိုင်ရကာ တိုင်းရင်းသားများက သုံးနေရာ အနိုင်ရခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD အနိုင်ရထားသည့် နေရာလေးနေရာမှာ ကြားဖြတ်ရွေးကောက်ပွဲတွင် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

သုံးနေရာကိုကြံ့ခိုင်ရေးပါတီက ရယူသွားပြီး တစ်နေရာကို ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားသဖြင့် NLD အပေါ် လူထုထောက်ခံမှုကျဆင်းလာသလော မေးခွန်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း  NLD ဘက်ကမူ မဲပေးခွင့်ရှိသူများ မဲထွက်မပေးသဖြင့် ရှုံးနိမ့်ခြင်းဟု တုံ့ပြန်ထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲထည့်သူ ဦးရေကျဆင်းခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ကိုးသိန်းကျော်အနက် သုံးသိန်းခွဲကျော်သာ မဲပေးကာ ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းကျော်သာ ရှိသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ၏ ၆၉ ရာခိုင်နှုန်းကျော် မဲပေးကြပြီး ကိန်းဂဏန်းအားဖြင့် မဲပေးခွင့်ရှိသူ ၃၄ သန်းကျော် အနက်၂၃ သန်းကျော်က မဲပေးခဲ့သည်။

———————————————————————-

၈၈ မျိုးဆက်တို့၏ ပြည်သူ့ပါတီ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ ဦးဆောင်သော ပြည်သူ့ပါတီသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် ထူထောင်လိုက်နိုင်ခြင်းမှာ ပါတီကြီးနှစ်ခုသာ ကြီးစိုးနေသည့် မြန်မာ့ပါတီနိုင်ငံရေးလောကတွင် ထပ်တိုးလာသည့် ပြိုင်ဘက်ပါတီသစ်တစ်ရပ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

နှစ်ပေါင်း ၃၀ ကျော် မြန်မာ့ဒီမိုကရေစီအရေး၊ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးတို့တွင် နှစ်ပေါင်း ၃၀ ကျော် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြပြီးနောက် ပါတီနိုင်ငံရေးလောကအတွင်း ဝင်ရောက်လာသူများ ဖြစ်ကြသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဥက္ကဋ္ဌ၊ ဦးမင်းဇေယျက ဒုတိယဥက္ကဋ္ဌအဖြစ် ယင်းပါတီကို ဦးဆောင်ကြမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးလုပ်ဆောင်ခဲ့သူ စီးပွားရေးပညာရှင်ဦးမြင့်ကို ပြည်သူ့ပါတီ၏ စီးပွားရေး အကြံပေးအဖြစ် ပါဝင်လာအောင် စည်းရုံးနိုင်ခဲ့ခြင်းကလည်း ယင်းပါတီ၏ အရှိန်အဝါအင်အား ပိုမိုတောင့်တင်းစေခဲ့သည်။

ပြည်သူ့ပါတီသည် ရှစ်လေးလုံးအရေးတော်ပုံကာလက တောင်းဆိုချက်များဖြစ်သော တစ်ပါတီအာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီပြည့်ဝသော နိုင်ငံတော်ဖွဲ့စည်းရေးတို့ကို အကောင်အထည်ဖော်ရေးတို့အတွက် ပါတီနိုင်ငံရေးထဲဝင်ရောက်လာခြင်းဖြစ်ကြောင်း ကြွေးကြော်ထားသည်။

ပြည်သူ့ပါတီသည် လက်ရှိအာဏာရ NLD ပါတီနှင့် အင်အားအကြီးဆုံးအတိုက်အခံကြံ့ခိုင်ရေးပါတီ တို့ကို ပြိုင်ဆိုင်နိုင်မည့် တတိယအင်အားစုဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

————————————————————————

အဂတိငါးကြီးများကို ဖမ်းဆီးခြင်း

သမ္မတသစ်ဦးဝင်းမြင့်တက်လာပြီးနောက်ပိုင်းတွင် အစိုးရဌာန အတွင်း နှစ်ရှည်ကြာ အမြစ်စွဲနေပြီ ဖြစ်သည့် အဂတိလိုက်စားမှုကို အဓိကထားဖြေရှင်းမည်ဟု သမ္မတမိန့်ခွန်းတွင် ပြောဆိုခဲ့သည့်အတိုင်း အဂတိတိုက်ဖျက်ရေးကို လုပ်ဆောင်လာခြင်းမှာ မှတ်တမ်းတင်ရမည့် အကြောင်းအရာ ဖြစ်သည်။

အဂတိငါးကြီးကြီးဖမ်းရာတွင် အထင်ရှားဆုံးမှာ ရန်ကုန်တိုင်း ဥပဒေချုပ်အပါအဝင် ခြောက်ဦးကို ဖမ်းဆီးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်တို့ကို ဖမ်းဆီးခြင်းမှာ အထင်ရှားဆုံးဖြစ်သည်။

ဟာသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုတွင် ဖမ်းဆီးခံရသူ သုံးဦးကို ဇူလိုင်လ ၂၅ ရက်နေ့က အမှုရုပ်သိမ်းခွင့်ပြုလိုက်သဖြင့် အဂတိလိုက်စားမှုရှိနိုင်သည်ဟု သတင်းမီဒီယာများနှင့် လူမှုကွန်ရက်များတွင် ဝေဖန်ကြပြီးနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စုံစမ်းစေခဲ့ခြင်း ဖြစ်သည်။

အမှုကို ရုပ်သိမ်းပေးခဲ့ရာတွင် သိန်းခုနစ်ရာကျော် အဂတိလိုက်စားခဲ့သည်ဟု ဆိုကာ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးကို ဖမ်းဆီးကာ ရန်ကုန်တိုင်းတရားလွှတ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စက်တင်ဘာလ ၂၅ ရက်က တရားစွဲဆိုထားသည်။

အောင်ရဲထွေးအမှုတွင် ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ အမှုကို စစ်ဆေးသည့် ဒုတိယခရိုင်တရားသူကြီးဦးအောင်ကြည်နှင့် ရဲအုပ်ချစ်ကိုကိုတို့ကို တရားစွဲဆိုထားသည်။

ထို့အပြင် FDA ဓာတ်ခွဲခန်းဆောက်လုပ်ရန် တင်ဒါရရှိခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီထံမှ ကျပ်သိန်း ၁၅၀၀ ကျော်အဂတိလိုက်စားခဲ့သည်ဟုဆိုကာ ဒေါက်တာသန်းထွဋ်ကို ဧပြီလက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည်။

————————————————————————-

Look West မှသည် Look East နိုင်ငံတကာဆက်ဆံရေး

၂၀၁၁ မှ စပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးချဲ့တည်ဆောက်ကာ အနောက်သို့ မျှော်ကြည့် Look West ခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၇ ရခိုင်အရေးအပြီး နောက်ပိုင်း အရှေ့မျှော် Look East ဖြစ်လာသည်။

အနောက်ဆိုသည်မှာ မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု ဖြစ်သည်။ အရှေ့ဆိုသည်မှာ တရုတ်နှင့် ဂျပန် ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အိန္ဒိယကို တရုတ်နှင့် ဂျပန်ခေါင်းစဉ်အောက်တွင် စဉ်းစားနိုင်သည်။ ဂျပန်နှင့် တရုတ်တို့သည် မြန်မာနိုင်ငံ ပါဝင်သော အရှေ့တောင်အာရှဒေသကို သမိုင်းတွင်ရော လက်ရှိတွင်ပါ ဩဇာအလွှမ်းမိုးဆုံးအင်အားကြီးနိုင်ငံများ ဖြစ်သည်။

၂၀၁၈ မြန်မာ့နိုင်ငံတကာဆက်ဆံရေးကို တစ်လုံးတည်းပြောလျှင် ရခိုင်အရေးဟု ပြောရမည်ဖြစ်သည်။ ရခိုင်အရေးဖြစ်ပြီးနောက်ပိုင်းတွင် အကြောင်းကြောင်းကြောင့် အနောက်ကမ္ဘာသည် မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန်ဝေဖန်သည်။ ပုဂ္ဂိုလ်အချို့ကို ဦးတည်သော အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံမှ ပို့ကုန်များခံစားနေရသော အခွန်သက်သာခွင့်ကို ရုပ်သိမ်းသင့် မသင့် စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ လာရောက်သည်။ နောက်ထပ်အရေးယူမှုများပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုက စဉ်းစားနေသည်။ အနောက်နိုင်ငံများတွင် ပုံရိပ်မြင့်မားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်သည် ရခိုင်အရေးနှင့်အတူ ကျဆင်းခြင်းကလည်း အနောက်နှင့် မြန်မာဆက်ဆံရေးကို ထင်ဟပ်သည်။

ထိုသို့ အနောက်ဖိအားများပြင်းလာချိန်တွင် ဂျပန်နိုင်ငံတွင် ကျင်းပသော ဂျပန်နှင့် မဲခေါင်ဒေသနိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက်ရေးများကို သဘောတူခဲ့သည်။ ရခိုင်အရေးတွင်လည်း ဂျပန်သည် မြန်မာကို ပိုမို နားလည်စွာရပ်တည်ခဲ့ပြီး ရခိုင်အရေးအတွက် မြန်မာကို ပိတ်ဆို့အရေး ယူမည်မဟုတ်ဟု ဂျပန်သံအမတ်ကြီးက စကားဝိုင်းတစ်ခုတွင် လူသိရှင်ကြားပြောကြားခဲ့သည်။ တရုတ်နိုင်ငံ နောက်တစ်ဆင့်တက်ရေး စီမံကိန်းကြီးဖြစ်သည့် ပိုးလမ်းမသစ်စီမံကိန်း Belt and Road Initiative ၏ အစိတ်အပိုင်းဖြစ်သည့် မြန်မာ – တရုတ်စီးပွားရေးစင်္ကြံ China-Myanmar Economic  Corridor ကို မြန်မာက သဘောတူပြီး ထိုစီမံကိန်းအကောင်အထည်ဖော်ရေးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မည့် မဟာဗျူဟာနှင့် အရှေ့ဘက်မှ ကမ္ဘာလှည့်ခရီးသွားတို့ကို မက်လုံးပေးသည့် အစီအစဉ်တို့ကို ကြည့်လျှင်လည်း Look East ကို ထင်ထင်ရှားရှားမြင်ရမည်။

အရှေ့ဘက်သို့ အခြေအနေအရ ခြေဦးလှည့်နေရသော်လည်း မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ဒီမိုကရေစီနိုင်ငံကြီးများ၏ အကူအညီကိုယူပြီး ကမ္ဘာ့မိသားစုအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရခြင်း၊ ယနေ့ကမ္ဘာ၏လှုပ်ရှားလည်ပတ်ခြင်းကို အနောက်နိုင်ငံကြီးများက ဒီဇိုင်းရေးဆွဲလည်ပတ်နေခြင်း၊ အရည်အသွေးမြင့်ဈေးကွက်များသည် အနောက်ကမ္ဘာတွင် ကြီးမားစွာတည်ရှိနေခြင်းတို့ကြောင့် မြန်မာသည် အနောက်နိုင်ငံကြီးများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားရမည်ဖြစ်သည်။

၂၀၁၈ သည် မြန်မာ့နိုင်ငံတကာဆက်ဆံရေးတွင် အနောက်မှ အရှေ့သို့ ပြောင်းမျှော်သော မှတ်တိုင် ဖြစ်သည်။

—————————————————————————-

NLD ပါတီတွင်း အပြောင်းအလဲ

အစိုးရအဖွဲ့အပြောင်းအလဲပြုလုပ်ခဲ့သည့်နည်းတူ NLD ပါတီတွင်း အပြောင်းအလဲအချို့ကိုလည်း လုပ်ဆောင်ခဲ့ခြင်းမှာ ယခုနှစ်အတွင်း မှတ်တမ်းတင်ရမည့်ကိစ္စ ဖြစ်သည်။

အစိုးရအဖွဲ့တွင် သမ္မတဦးထင်ကျော်၏ နေရာတွင် ဦးဝင်းမြင့်ကို ရွေးကောက်တင်မြှောက်လိုက်ချိန်နှင့် အချိန်ကိုက်ပင်ပါတီ၌လည်း ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် တာဝန်ပေးလိုက်သည်။ တစ်ဆက်တည်းမှာပင် ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို တာဝန်ပေးသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဖြစ်စဉ်များ ပြန်လည်ပေါ်ပေါက်လာသည့် ၂၀၁၀ နောက်ပိုင်းတွင် ပါတီ၏ ဥက္ကဋ္ဌတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်က ရယူထားခဲ့သော်လည်း ဒုတိဥက္ကဋ္ဌနေရာကို မည်သူ့ကိုမျှ တာဝန်ပေးခြင်းမရှိခဲ့ရာမှ ယခုပထမဆုံးအကြိမ်တာဝန်ပေးအပ်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီအတွင်းဩဇာကြီးမားသူဖြစ်ပြီး အတွင်းရေးမှူးအဖွဲ့ဝင်လည်း ဖြစ်သည့် ဦးဝင်းထိန်ကို သဘာပတိအဖွဲ့ထဲသို့ ပြောင်းရွှေ့ထည့်ထားလိုက်ခြင်းဖြင့် ၎င်း၏ အခန်းကဏ္ဍကို လျှော့ချလိုက်သည်။ တာဝန်မှ အနားပေးခြင်းခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီနှင့် အခြားနှစ်ဦးလည်း အဆိုပါအဖွဲ့သို့ ရောက်ရှိသွားခဲ့သည်။

သဘာပတိအဖွဲ့သည် ပါတီတွင် နှစ်များစွာတာဝန်ထမ်းဆောင်ခဲ့ပြီး အသက်ရွယ်ကြီးရင့်သူများကို ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုထားသည့် အဖွဲ့ဖြစ်ပြီး ပါတီကိုသော် လည်းကောင်း၊ အစိုးရအဖွဲ့ကိုသော် လည်းကောင်းတိုက်ရိုက်ပတ်သက်မှု၊ ဩဇာသက်ရောက်မှု မရှိတော့ပေ။ လက်ရှိထပ်တိုးလိုက်သူများ အပါအဝင် သဘာပတိအဖွဲ့တွင် စုစုပေါင်းခြောက်ဦးရှိလာမည်ဖြစ်ပြီး သူရဦးတင်ဦးက နာယကအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိုးညွန့်တို့က ပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ ဖြစ်လာသည်။ ယခင်က ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းစသည့် အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လက်ရှိသမ္မတ ဦးဝင်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့က ယင်းတာဝန်ကို ယူခဲ့ကြရာမှ အပြောင်းအလဲလုပ်လိုက်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိတွင် ပါတီကိစ္စများနှင့် ပတ်သက်၍ ဒေါက်တာမျိုးညွန့်က ဒိုင်ခံဖြေကြားလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုမူ မီဒီယာများ အလွယ်တကူ ဆက်သွယ်၍ မရပေ။

ပါတီ၏ အခြားထူးခြားသည့် အပြောင်းအလဲများအနေဖြင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင်ပါဝင်လာသည်ကို တွေ့ရသည်။ လက်ရှိတွင် NLD အနေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး၌ ဝန်ကြီးချုပ် တာဝန်ယူထားသူ ငါးဦးသာ ပါဝင်ပြီး အခြားကိုးဦးမှာ ပါဝင်ခြင်းမရှိပေ။

———————————————————————–

နိုင်ငံတကာ အရေးယူဖိအားပေးမှု

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာအပေါ် နိုင်ငံတကာဖိအားမြင့်သထက် မြင့်လာပြီး တပ်မတော်ခေါင်းဆောင်များကို ပစ်မှတ်ထား အရေးယူခဲ့သည့်အပြင် ကုန်သွယ်ရေးဆိုင်ရာအရပါ အရေးယူရန် ကြိုးပမ်းလာခဲ့သဖြင့် ၂၀၁၈ ခုနှစ်သည် အကျပ်အတည်းဆိုက်သည့် နှစ်အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းချိန်တွင် ဘင်္ဂါလီများသိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာတွင် လူမျိုးတုံးသတ်ဖြတ်ရန်ရည်ရွယ်ခဲ့သည်ဟု ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲဖိအားပေး၊ အရေးယူမှုများတိုးလာခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လက ကနေဒါနှင့် ဥရောပသမဂ္ဂတို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းယူခဲ့သူ ဗိုလ်ချုပ်မောင်မောင်စိုးအပါအဝင် တပ်မတော်နှင့် ရဲအရာရှိခုနစ်ဦးကို အရေးယူပိတ်ဆို့ခဲ့သည်။

ဘင်္ဂါလီများအပေါ် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြမ်းဖက်မှုများတွင် တာဝန်ရှိသည့်အတွက် ယင်းသို့ အရေးယူပိတ်ဆို့ခြင်းဖြစ်ပြီး ၎င်းတို့ကို ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့သို့ ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းနှင့် အဆိုပါနိုင်ငံများရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂသည် ယင်းအရေးယူပိတ်ဆို့မှုကို သက်တမ်းတိုးကြောင်း ဒီဇင်ဘာလအစောပိုင်းက ထပ်မံထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးပြန်လည်ရုပ်သိမ်းရန်လည်း စဉ်းစားခဲ့သည်။ ယင်းသို့ ရုပ်သိမ်း သင့် မသင့်ကို အောက်တိုဘာလနှောင်းပိုင်းက လေ့လာရေးအဖွဲ့များကို စေလွှတ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော အပါအဝင် လေးဦးကို ဩဂုတ်လတွင် အရေးယူပိတ်ဆို့လိုက်သည်။

နိုင်ငံတကာက မြန်မာနိုင်ငံသို့ ဖိအားပေးမှုများတွင် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့တင်ပို့ရန်လည်း ပါဝင်သည်။ ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက ကြိုးပမ်းကြခြင်းဖြစ်ပြီး ဘင်္ဂါလီများထွက်ပြေးခိုလှုံရာဖြစ်သည့် ဘင်္ဂလားဒေ့ရှ်က ICC ၏ တရားလိုရှေ့နေရုံးသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီအရေးကိစ္စကြောင့် အစိုးရနှင့် တပ်မတော်ကဲ့သို့ အဖွဲ့အစည်းများနိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသကဲ့သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ပုဂ္ဂိုလ်ရေးဝေဖန်မှုအပြင် ယခင်က ပေးအပ်ခဲ့သည့် ဆုများပါ ပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။

၂၀၁၈ ခုနှစ် မတ်လအတွင်းက အမေရိကန်ပြည်ထောင်စု  Holocaust အမှတ်တရပြတိုက်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသည့် ၎င်းတို့၏ အမြင့်ဆုံးဆုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ဒဗ္ဗလင်နှင့် အောက်စဖို့ဒ်မြို့တော်တို့၏ လွတ်လပ်မှုဆုများအပါအဝင် အခြား ဂုဏ်ထူးဆောင်ဆုများလည်း ပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။

ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် အီဒင်ဘာရာမြို့က ၂၀၀၅ ခုနှစ်တွင် ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လွတ်မြောက်ရေးဆု၊ ကနေဒါနိုင်ငံက ပေးအပ်ထားသည့် ဂုဏ်ထူးဆောင် နိုင်ငံသားဆုတို့မှာလည်း ရုပ်သိမ်းခံခဲ့ရသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ ဂုဏ်သိက္ခာအမြင့်ဆုံးဆုဖြစ်သည့် လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုပင် ရုပ်သိမ်းရန် ဖိအားပေးခံခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက်လူမှုကွန်ရက်ကုမ္ပဏီဖြစ်သည့် Facebook က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ Facebook စာမျက်နှာများအပါအဝင်  Facebook Page နှင့် Account ခြောက်ရာကျော်ကို ဖယ်ရှားခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *