၂၀၁၈ မှတ်တိုင်များ – စီးပွားရေး

ယခုနှစ်သည် လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတစ်လျှောက် မည်သည့်အချိန်ကာလနှင့်မျှ မတူအောင် ပြည်တွင်း၊ ပြည်ပဖိအား၊ ပြဿနာများဖြင့် ရင်ဆိုင်နေရသည့်အတွက် ယခုနှစ်အတွင်း ကြုံခဲ့သမျှ မှတ်တိုင်အကြောင်းအရာအများစုမှာလည်း နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် ကြီးမားလေးလံလွန်းလှသည်။

လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာတစ်ခုအနေနှင့် ဖြတ်သန်းလာခဲ့သော ၂၃ နှစ်တာကာလအတွင်း မြန်မာ့အရေး ကိစ္စများ သို့မဟုတ် သမိုင်းဖြစ်ရပ်များကို နှစ်စဉ် မှတ်တမ်းတင်ပေးခဲ့သည့်အတိုင်း ယခုနှစ်အတွင်း ကြုံခဲ့ရသည့် အကြောင်းအရာ အဖြစ်အပျက်များကိုလည်း တတ်နိုင်သမျှ အစွဲအလမ်းကင်းနိုင်သမျှ ကင်းစေရန်ကြိုးစားကာ တတိယလူ ရှုထောင့်မှ မှတ်တမ်းတင်ဖော်ပြထားခြင်း ဖြစ်ပါသည်။

အလှုပ်အယမ်းခပ်ကြမ်းကြမ်း ဒေါ်လာဈေးနှင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးရောက်သွားသည့် မြန်မာ့ရွှေဈေး

လက်ရှိအစိုးရလက်ထက်တွင် ဒေါ်လာငွေလဲနှုန်းမှာ မကြုံဖူးလောက်အောင်ပင် အတက်အကျကြမ်းတမ်းခဲ့ပြီး မြန်မာ့ရွှေဈေးမှာလည်း ဒေါ်လာငွေလဲနှုန်းနှင့်အတူ ကျွဲကူးရေပါမြင့်တက်ရာမှ စံချိန်တင်ဈေးဖြစ်ခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း ထူးထူးခြားခြား မှတ်တမ်းတင်စရာ ဖြစ်ခဲ့သည်။

ယခုနှစ် ဧပြီလတွင် ဒေါ်လာငွေလဲနှုန်းမှာ ဗဟိုဘဏ်ရည်ညွှန်းနှုန်းနှင့် ပြင်ပဈေးကွက်ပေါက်ဈေးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၂၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး နှစ်နှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ်ခဲ့သည်။

ယင်းနောက် သုံးလအကြာတွင် ဒေါ်လာငွေလဲနှုန်းမှာ ၁၄၂၅ မှ ၁၄၃၀ ကျပ်ဝန်းကျင်၊ ၈ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး ဩဂုတ်လ ၁၃ ရက်နေ့တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းသတ်မှတ်ချက်ဘောင်ကို ပယ်ဖျက်ပေးလိုက်သည်။

အကျိုးဆက်အနေဖြင့် ဒေါ်လာငွေလဲနှုန်း ဆက်လက်မြင့်တက်ခဲ့ပြီး ဈေးကစားလိုသူအချို့၏ လုပ်ရပ်ကြောင့် စက်တင်ဘာလတွင် အမေ ရိကန်တစ်ဒေါ်လာလျှင် ၁၆၅၀ ကျပ်အထိ ပြင်ပဈေးကွက်တွင် ဈေးပေါက်ခဲ့သည်။

ထို့ကြောင့် ဒေါ်လာငွေလဲနှုန်းမှာ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ၃၃၀ ကျပ် ထိုးတက်သွားပြီး တစ်နည်းအားဖြင့် မြန်မာ ကျပ်ငွေတန်ဖိုးမှာ ခြောက်လအတွင်း ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တရားမဝင်ငွေကြေးဈေးကွက်အတွင်း ငွေဈေးကစားနေသူများကို စက်တင်ဘာလကုန်တွင် အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ခေါ်ယူမေးမြန်းပြီးနောက် ငွေဈေးကစားသူငါးဦးကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ယင်းမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် အရေးယူခြင်းလည်းဖြစ်သည်။

ငွေရေးကြေးရေးဈေးကွက်၏ အဓိကသော့ချက်မှာ ဈေးကွက်တည်ငြိမ်ရေးဖြစ်ပြီး မျှခြေပျက်နေသည့် ဈေးကွက်မှာ နိုင်ငံတကာရေးရာ များနှင့် ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲကြားတွင် နာလန်မထူဖြစ်ခဲ့ရသည်။

ယင်းအခြေအနေကို ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လုပ်ဆောင်လျက်ရှိရာ ယခင်နှစ်များကထက် ပိုမိုတက်ကြွလာပြီး အရေးကြီးဖြစ်ရပ်တစ်ခုဖြစ်တိုင်း တုံ့ပြန်အရေးယူဆောင်ရွက်မှု ယခင်ထက် များစွာမြန်ဆန်လာခြင်းမှာ ယခုနှစ်အတွက် အဆိုးထဲက အကောင်း အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ဒေါ်လာငွေလဲနှုန်းကဲ့သို့ပင် အရှိန်နှင့်ထိုးတက်သွားသည်က ပြည်တွင်းရွှေဈေးဖြစ်သည်။

ကမ္ဘာ့ရွှေဈေး၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့နှင့် ချိတ်ဆက်တွက်ချက်ရသော ပြည်တွင်းရွှေဈေးမှာလည်း ဒေါ်လာငွေလဲနှုန်းနှင့်အတူတူပင် ဈေးခေါင်ခိုက်သွားပြီး ယခုနှစ်အတွက် မှတ်ကျောက်အသစ် ရေးထိုးလိုက်သည်။

နှစ်စဉ်ဆက်တိုက် ပြည်တွင်းရွှေဈေး မြင့်တက်လာရာမှ ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာ ငွေလဲနှုန်းရိုက်ခတ်မှုကြောင့် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားကို ကျပ်ဆယ်သိန်းကျော်သည်အထိ စံချိန်တင်သွားသည်။

ယမန်နှစ် စက်တင်ဘာလတွင် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်သလို ပြည်တွင်းရွှေဈေးလည်း ယင်းနှစ်၏ အမြင့်ဆုံးစံချိန်အဖြစ် ကျပ်ကိုးသိန်းခွဲသို့ ရောက်ခဲ့ပြီး ယခုနှစ်တွင် ထိုစံချိန်ကို ထပ်မံချိုးဖျက်လိုက်ခြင်းဖြစ်သည်။ ယခုနှစ်အတွင်း ကျပ်ငွေတန်ဖိုးမှာ ၂၀ -၂၅ ရာခိုင်နှုန်း ကျဆင်းသွားချိန်တွင် ပြည်တွင်း ရွှေဈေးမှာ ၅ – ၈ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။

ရုန်းကန်နေရဆဲ စတော့ဈေးကွက်

တစ်နှစ်ထက် တစ်နှစ် စတော့ရှယ်ယာအရောင်းအဝယ် တဖြည်းဖြည်း နည်းပါးလာသော်လည်း စတော့ဈေးကွက်ဖွံ့ဖြိုးရေးအတွက် စတော့ အိတ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) တို့၏ လုပ်ဆောင်ချက်များ ယခုနှစ်အတွင်း ပိုမို သွက်လာသည့်အတွက် မှတ်တမ်းတင်စရာ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက်စတင်ခဲ့သည်မှာ ၂ နှစ်ခွဲကျော်၊ သုံးနှစ်နီးပါးရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ စာရင်းဝင်ကုမ္ပဏီအရေအတွက်မှာ ငါးခုသာ ရှိသေးသည်။

ယခုနှစ်တွင် TMH ဆက်သွယ်ရေးအများပိုင်ကုမ္ပဏီတစ်ခုသာ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာပြီး ဈေးကွက်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ပမာဏမှာ ကျဆင်းနေဆဲဖြစ်သည်။

စတော့ဈေးကွက်စတင်သည့် ၂၀၁၆ ခုနှစ်တွင် ရှယ်ယာအစုပေါင်း ၂ ဒသမ ၅၆ သန်း အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၇၀ ဘီလီယံခန့်ရှိခဲ့ကာ ၂၀၁၇ ခုနှစ်တွင် ရှယ်ယာအစုပေါင်း ၂ ဒသမ ၇၂ သန်း၊ တန်ဖိုးအားဖြင့် ကျပ် ၂၂ ဘီလီယံခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်။

ယခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ရှယ်ယာအစု ၂ ဒသမ ၂၇ သန်း၊ တန်ဖိုး ကျပ် ၁၁ ဘီလီယံခန့် သာရှိပြီး ယမန်နှစ်ထက် တစ်ဝက်ခန့် လျော့နည်းကျဆင်းသွားသည်။

စတော့အညွှန်းကိန်းမှာလည်း ယခုနှစ်စ ဈေးကွက်ဖွင့်ချိန်တွင် ၄၆၃ ဒမ ၈၁ ရှိခဲ့ပြီး အမြင့်ဆုံး ၄၇၄ ဒသမ ၅၇၊ အနိမ့်ဆုံး ၄၀၃ ဒသမ ၈၁ အထိ ထိုးဆင်းခဲ့ရာမှ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ၄၂၀ ဒသမ ၁၂ ဖြင့် ဈေးကွက်ပိတ်ခဲ့သည်။

ယခုနှစ်တွင် ရှယ်ယာဈေးနှုန်းများနှင့် အရောင်းအဝယ် ကျဆင်းနေသော်လည်း စတော့ဈေးကွက်ကို ပြည်သူလူထုစိတ်ဝင်စားမှု မြင့်တက် လာစေရန်နှင့် စာရင်းဝင်ကုမ္ပဏီအရေအတွက် တိုးပွားလာရန် စတော့အိတ်ချိန်းနှင့် SECM တို့ ပိုမိုပူးပေါင်းလုပ်ဆောင်လာကြသည်။

အထူးသဖြင့် စတော့ရှယ်ယာအရောင်းအဝယ် ပြုလုပ်နိုင်သည့် အကြိမ်အရေအတွက်ကို နှစ်ကြိမ်မှ လေးကြိမ်သို့ တိုးမြှင့်ခြင်း၊ အွန်လိုင်း မှတစ်ဆင့် စတော့ရှယ်ယာရောင်းဝယ်ခွင့်ပြုခြင်း၊ အရောင်းအဝယ် ပြုလုပ်ရာတွင်ပေးရသည့် ကော်မရှင်ခကို လျှော့ချပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် စတော့ရှယ်ယာဈေးကွက်အကြောင်း အသိပညာပေးမှုများကို ယမန် နှစ်ကထက် ပိုမိုလုပ်ဆောင်လာခြင်းတို့မှာ ယခုနှစ်အတွင်း ထူးခြားချက် များဖြစ်သည်။

မပြောင်းလဲသောဥက္ကဋ္ဌနှင့် ပြောင်းလဲသွားသော ဗဟိုဘဏ်

အထနှေးသည်ဟု ဝေဖန်ခံရလေ့ရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ ၂၀၁၈ ခုနှစ်အတွင်း ယခင်နှစ်များနှင့်မတူ တက်ကြွလှုပ်ရှားသက်ဝင်လာပြီး ယခုနှစ်အတွင်း ဖြေလျှော့မှု၊ အရေးယူဆောင်ရွက်မှုများစွာကို လုပ်ဆောင်နိုင်ခဲ့ခြင်းသည်လည်း ၂၀၁၈ ခုနှစ်အတွင်း ဘဏ်လောက၏ ထူးခြားမှုအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက ပြည်တွင်းလုပ်ငန်းရှင်များ၏ ဘဏ်အတိုးနှုန်း လျှော့ချပေးရေး အင်တိုက်အားတိုက်တောင်းဆိုမှုကို မြန်မာ့စီးပွားရေး လက်ရှိအခြေအနေနှင့်မကိုက်ညီဟုဆိုကာ ပယ်ချခဲ့ပြီး ဗဟိုဘဏ်၏ အတိုးနှုန်း သတ်မှတ်ချက်ဘောင်အတွင်း ပုဂ္ဂလိကဘဏ်များက အတိုးအလျှော့ လုပ်ဆောင်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။

တစ်ဖန် ယခုနှစ်ဧပြီလတွင် စကားထွက်ပြောခဲလှသော မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဗဟိုဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများကို နိုင်ငံပိုင်သတင်းမီဒီယာမှတစ်ဆင့် ရှင်းလင်းပြောကြားခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေးနှင့် ဆက်စပ်လုပ်ငန်းများကို ထိန်းချုပ်တားမြစ်မည် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော် ယင်းနှင့်ပတ်သက်၍ ယခုအချိန်ထိ ထုတ်ပြန်ချက် တစ်စုံတစ်ရာမထွက်လာပေ။

ယခုနှစ် ဇူလိုင်လကုန်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို အခြားသော အဆိုပြုပုဂ္ဂိုလ်များ ရှိနေသည့်ကြားက လက်ရှိတာဝန်ထမ်းဆောင်နေ သော ဦးကျော်ကျော်မောင်ကိုပင် ပြန်လည်ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သက်တမ်းရှည်ဥက္ကဋ္ဌအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယင်းနောက် ဩဂုတ်လလယ်တွင် ပုဂ္ဂလိကဘဏ်များကို ကန့်သတ် ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ချက်ဘောင်ကို ပယ်ဖျက် ခဲ့ပြီး ဒေါ်လာငွေလဲနှုန်း အတက်ကြမ်းလာချိန်တွင် ကာလတို ငွေကြေးလဲလှယ်မှုအစီအစဉ် (Currency Swap) ကို စတင်ခဲ့သည်။

ပုဂ္ဂလိကဘဏ်များ ဒေါ်လာလိုအပ်ချက်မြင့်ချိန်တွင် ဗဟိုဘဏ်က ကာလတို ဒေါ်လာထုတ်ချေးပြီး ဘဏ်များထံမှ ကျပ်ငွေကို အပေါင်ဖြင့်ယူထားမည့် အစီအစဉ်ဖြစ်သည်။

ယခုနှစ်အတွက် အကြီးမားဆုံးအပြောင်းအလဲမှာ ဘဏ်ခွဲဖွင့်ခွင့်ရထားသော နိုင်ငံခြားဘဏ်များကို ပြည်တွင်းလုပ်ငန်းများသို့ ကျပ်ငွေ နှင့် ဒေါ်လာငွေကြေးနှစ်မျိုးလုံးဖြင့် ချေးငွေထုတ်ချေးခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

အများပြည်သူ၏အပ်နှံငွေဖြင့် တစ်ဖက်တွင် ရင်းနှီးသူမိတ်ဆွေ၊ လုပ်ငန်းမိတ်ဖက်၊ မိသားစုဆွေမျိုးများနှင့်သာ သံသရာလည်နေပြီး ဈေးကွက်ကျဉ်းမြောင်းနေသော ပြည်တွင်းဘဏ်များကို နိုင်ငံခြားဘဏ်များနှင့် မဖြစ်မနေ ယှဉ်ပြိုင်စေရန် ဗဟိုဘဏ်က တွန်းအားပေးလိုက်ခြင်း မှာ ယခုနှစ်အတွက် ထူးခြားသည့် အပြောင်းအလဲဖြစ်ခဲ့သည်။

မြန်မာ့ဖွံ့ဖြိုးရေးမှတ်တိုင် MSDP

မြန်မာနိုင်ငံ ရှေ့ဆက်သွားမည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို ဖော်ပြထားသော Myanmar Sustainable Development Plan  (အတိုကောက် MSDP) သည် ၂၀၁၈ ခုနှစ်အတွင်း ထွက်လာသဖြင့် လက်ရှိအစိုးရ၏ နိုင်ငံအပေါ်ထားသည့်ရည်မှန်းချက်များ၊ ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် နည်းဗျူဟာများကို မြင်တွေ့ရသည်။ စီးပွားရေးမူဝါဒ ၁၂ ချက်ဖြင့်သာ နှစ်ပါးသွားနေခဲ့ရရာမှ ယခုကဲ့သို့ ပြည့်ပြည့်စုံစုံဖြင့် စီမံချက်ထွက်လာခြင်းမှာ ယခုနှစ်အတွက် ကြိုဆိုမှတ်တမ်းတင်ရမည့် အကြောင်းအရာ ဖြစ်ခဲ့သည်။

MSDP သည် တစ်ကမ္ဘာလုံးအတွက် ကုလသမဂ္ဂက ဖော်ထုတ်ထားသည့် Sustainable Development Goals ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက် (SDG) များနှင့် ချိတ်ဆက်ထားသည်။

MSDP သည် SDG များ၊ စီးပွားရေးမူဝါဒ ၁၂ ချက်နှင့် လက်ရှိ ဆောင်ရွက်ချက်များကို ရောမွှေရေးသားထားသည်ဟု သုံးသပ်ချက်များ ရှိသည်။

အစိုးရဘယ်ကိုသွားနေသည်ကို သိလိုသည့် ပြည်သူများအတွက်ရော အစိုးရမူဝါဒ မည်သည်ဆိုသည်ကို သဘောပေါက်ဟန်မတူသော ထိပ်ပိုင်းပုဂ္ဂိုလ်အချို့အတွက်ပါ အကျိုးရှိမည်။

MSDP ကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ လူသားများနှင့်ကမ္ဘာမြေဟု မဏ္ဍိုင်သုံးရပ်ဖြင့် အခြေခံထားသည်။ Peace and Stability ၊ Prosperity and   Partnership၊ People and Planet ။

ပထမမဏ္ဍိုင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွင် ရည်မှန်းချက်နှစ်ရပ်ပါသည်။ ပန်းတိုင် ၁ သည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး။ ပန်းတိုင်၂ သည် စီးပွားရေးတည်ငြိမ်ရေးနှင့် အားကောင်းသော မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှု။ ဒုတိယမဏ္ဍိုင် သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ရည်မှန်းချက် တစ်ရပ်ပါဝင်သည်။ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဦးဆောင်သော စီးပွားရေးတိုးတက်မှု။ တတိယမဏ္ဍိုင် လူသားများ နှင့် ကမ္ဘာမြေတွင် ရည်မှန်းချက် နှစ်ရပ်ပါသည်။ ၂၁ ရာစု လူမှုအဖွဲ့အစည်း အတွက် လူ့စွမ်းအားရင်းမြစ်နှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှု၊ သာယာဝပြောရေးအတွက် သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်။ စုစုပေါင်း ရည်မှန်းချက် ငါးရပ်။ ထိုစီမံချက်တွင် အနှစ်ချုပ်အားဖြင့် မဏ္ဍိုင်သုံးရပ်၊ ရည်မှန်းချက်ငါးခု၊ မဟာဗျူဟာ၂၈ ရပ်နှင့် အကောင်အထည်ဖော်ရေး အစီအစဉ် ၂၃၈ ခု ပါဝင်သည်။

MSDP အောင်မြင်ရေးတွင် စာရွက်ပေါ် စီမံကိန်းရေးဆွဲသည့်အဆင့်သာ အရေးကြီးသည်မဟုတ်ဘဲ အကောင်အထည်ဖော်သည့်အပိုင်း ပါ အရေးကြီးသည်။ Timeline ခေါ် အကြမ်းဖျင်းအချိန်ဇယား အရေးကြီးသည်။ ဦးစားပေးရည်မှန်းချက်များကို ဆွဲထုတ်ရန်လိုသည်။

အားလုံး ပြိုင်တူ၊ အားလုံးအရေးကြီးသည် ဆို၍မရပါ။ အကောင်အထည်ဖော်ရေးအတွက် ငွေကြေးရမည့်နေရာ၊ ပမာဏတို့သည် အဓိကကျသည်။

MSDP အောင်မြင်ရေးသည် အုပ်ချုပ်ရေးယန္တရား၏ စွမ်းဆောင်ရည်ပေါ်တွင်သာမကဘဲ နိုင်ငံရေးပေါ်တွင်ပါ မူတည်နေသည်။ ငါးနှစ် တစ်ကြိမ် ရွေးကောက်ပွဲနှင့် ခေါင်းဆောင်မှုလဲသည့်ခေတ်ဖြစ်သည့်အတွက် MSDP သည် အစိုးရအပြောင်းအလဲဒဏ်ကို ခံနိုင်ရန်လိုသည်။ အစိုးရတစ်ခါပြောင်းတိုင်း မူဝါဒလုံးဝပြောင်းမသွားအောင် နည်းလမ်းရှာကြံသင့်သည်။

MSDP သည် ၂၀၁၈ အတွက် မှတ်တိုင်သာမက မြန်မာ့ဖွံ့ဖြိုးရေးအနာဂတ်ကို ဖော်ဆောင်မည့်မှတ်တိုင်ဖြစ်သည်။

ခရက်ဒစ်ဗျူရို

ငွေချေးယူသူများ၏ သတင်းအချက်အလက်များကို စုဆောင်းရယူမည့် Myanmar Credit Bureau Limited ကို ဗဟိုဘဏ်က လုပ်ငန်းလိုင်စင် ချပေးလိုက်ခြင်းသည် မြန်မာ့ငွေကြေးလောကအတွက် မှတ်တိုင်ဖြစ်သည်။ ငွေချေးယူသူများ၏ သတင်းအချက်အလက်များကို ရရှိခြင်းဖြင့် ငွေချေးယူမည့်သူများ၏ ချေးငွေထိုက်တန်မှုကို ငွေထုတ်ချေးမည့်အဖွဲ့အစည်းများက အကဲဖြတ်နိုင်စွမ်း တိုးတက်လာမည်ဖြစ်ပြီး ငွေထုတ်ချေးသူများ ရင်ဆိုင်ရသည့် ဆုံးရှုံးမှုအန္တရာယ်ကိုပါ လျှော့ချနိုင်မည်။ လုပ်ငန်းချဲ့ထွင်ရန် ချေးငွေလိုအပ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ချေးငွေရယူနိုင်စွမ်း မြင့်မားလာမည်ဖြစ်သည်။ Credit Bureau အလုပ်လုပ်လာနိုင်သည်နှင့်အမျှ နောင်တွင် ငွေချေး ယူမည့်သူများကို ချေးငွေထိုက်တန်မှုအလိုက် အတိုးနှုန်းများ လွတ်လွတ်လပ်လပ် သတ်မှတ်ပေးသွားနိုင်ရန် လမ်းပွင့်သွားမည်ဖြစ်သည်။

ပုဒ်မ ၂၅ သို့မဟုတ် ပွဲဆူဆန္ဒခွန်

ပြည်ထောင်စုအခွန်အကောက်ဥပဒေမူကြမ်းကို ယခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလာချိန်၌ ထောက်ခံသူ၊ ကန့်ကွက်သူများနှင့် ပွဲဆူခဲ့သည့်အပြင် ပြည်သူများအကြား ဒွိဟဖြစ်စေခဲ့သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၅ သည် ၂၀၁၈ နှစ်အတွင်း မှတ်တမ်းတင်စရာ အကြောင်းအရာဖြစ်ခဲ့သည်။

အဆိုပါပုဒ်မ ၂၅ တွင် အခွန်စည်းကြပ်နှစ်များအတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်၊ လစ်ဟင်းခဲ့သော သို့မဟုတ် အခွန်ရှောင်ကာ လျော့နည်းပေးဆောင်ခဲ့သော ကိစ္စရပ်များအတွက် အခွန်နှုန်းထားလျှော့ပေါ့ခြင်းနှင့် ယင်းကဲ့သို့ အခွန်မဆောင်၊ အခွန်ရှောင်မှုများအတွက် ဒဏ်ကြေးမရိုက်ရန် ဖော်ပြထားသည်။

ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသား တာဝန်မကျေခဲ့သည့် အခွန်မဆောင်၊ အခွန်ရှောင်သူများကို ဒဏ်မရိုက် သည့်အပြင် အခွန်နှုန်းထားကို လျှော့ပေါ့ပေးဆောင်စေမည့်သဘော ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကမူ ယခုတစ်ကြိမ် လျှော့ပေါ့ပေးမှုသည် နောက်ဆုံးအကြိမ် လက်ကမ်းခြင်းဖြစ်ပြီး ထို့နောက်တွင် တိတိကျကျ ဥပဒေအတိုင်း အရေးယူဆောင်ရွက်မှုများ လိုက်ပါလာမည် ဖြစ်ကြောင်း ဆိုထားသည်။ ထိုဥပဒေပုဒ်မကို သောင်းသောင်းဖြဖြ ထောက်ခံကြိုဆိုကြသူများက ဆောက်လုပ်ရေးနှင့် အိမ်၊ ခြံ၊ မြေကဏ္ဍမှ လုပ်ငန်းရှင်များဖြစ်သည်။

သို့ရာတွင် ယင်းပုဒ်မသည် ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းလဲပေးမည့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ပုံမှန်အခွန်ထမ်းဆောင်နေသည့် နိုင်ငံသားများ အပေါ် မျှတမှုမရှိကြောင်း ဝေဖန်ထောက်ပြသူများလည်း ရှိသည်။ အခွန်မဆောင်၊ အခွန်ရှောင်သူများကို ယခုလို အခွန်သက်သာခွင့်ပေးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၁၉၉၀ ပြည့်နှစ်မှစတင်ကာ ၁၉၉၄ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ် လုပ်ဆောင်ခဲ့ဖူးသည်။

နိုင်ငံသားတာဝန်ကျေပွန်စွာ ပုံမှန်အခွန်ထမ်းဆောင်နေသူများအတွက် မမျှတသည့် ယင်းဥပဒေပုဒ်မ ၂၅ ကို ဥပဒေအတည်ပြုချိန်တွင် ဖြုတ်ချခဲ့ပြီး သီးခြားဥပဒေတစ်ရပ်ဖြင့် ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်မည် ဖြစ်သည်။

အဆိုပါ အခွန်သက်သာခွင့်တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သော တရားမဝင်ငွေကြေးနှင့် ပိုင်ဆိုင်မှုများအတွက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိသာ အခွန်ပေးဆောင်ရန် မူကြမ်းရေးဆွဲထားပြီး ယင်းနှုန်းထားကို ပုံမှန်အခွန်ထမ်းပြည်သူများနှင့် ပညာရှင်များက သဘောမတူ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ဗီဇာကင်းလွတ်ခွင့်

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံသားများကို ဗီဇာအခမဲ့ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ပြီး အိန္ဒိယ၊ တရုတ်နိုင်ငံသား (ဟောင်ကောင်နှင့် မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံသားများအပါအဝင်) များကို ဆိုက်ရောက် ဗီဇာဖြင့် စတင်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ဆောင်ချက်အဖြစ် ယခုနှစ်အတွက် မှတ်တမ်းတင်ထိုက်သောကိစ္စပင်ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် မီးခိုးတိတ်စက်ရုံတစ်ဖြစ်လဲ ခရီးသွားကဏ္ဍတစ်ခုလုံးမှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၇ တစ်နှစ်လုံးတွင် ၃ ဒသမ ၄ သန်းရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် စက်တင် ဘာလမှ ဇူလိုင်လအထိ ခရီးသွားဦးရေမှာ ၁ ဒသမ ၈၉၃ သန်းသာ ရှိခဲ့သည်။

အနောက်နိုင်ငံခရီးသွားများအကြား မြန်မာ့ပုံရိပ်ကျဆင်းခဲ့မှုက ယင်းကိုအမှီပြုနေသည့် ခရီးသွားလုပ်ငန်းအပေါ် ကြီးစွာခြိမ်းခြောက်ခဲ့သည်။ ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် အနောက်မျှော်ခရီးသွားလုပ်ငန်းအစား အရှေ့မျှော်မူဝါဒဖြင့် ခွင့်ပြုခြင်းလည်းဖြစ်သည်။ ဗီဇာကင်းလွတ် ခွင့်စတင်သောနေ့တွင်ပင် ခရီးသွားဂျပန်နိုင်ငံသား ၁၈၀၊ တောင် ကိုရီးယား ၁၈၀ နှင့် တရုတ်နိုင်ငံသား ၁၄၀ ဝင်ရောက်ခဲ့သည်။

ဗီဇာကင်းလွတ်ခွင့်စနစ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တစ်နှစ်တာ စမ်းသပ်လုပ်ဆောင်မည်ဖြစ်ရာ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အပြောင်းအလဲတစ်ခု အနေနှင့် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ပြိုင်ဆိုင်မှုမြိုင်လာသည့် ဆက်သွယ်ရေးဈေးကွက်

စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ Mytel ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းသည် ၂၀၁၈ ခုနှစ် မြန်မာ့ဆက်သွယ်ရေး လောကအတွက် မှတ်တမ်းတင်စရာ အခြေအနေဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်မှစတင်ပြီး မြန်မာဆက်သွယ်ရေးလုပ်ငန်း ပြုပြင်ပြောင်းလဲခဲ့မှုများစတင်ခဲ့ရာ နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကို အော်ပရေတာလေးခုခွင့်ပြုရန် အစိုးရက စီစဉ်ဆောင်ရွက်ခဲ့သည်။

ပြုပြင်ပြောင်းလဲမှု စတင်ခဲ့သည့်နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တစ်ခုတည်းက လက်ဝါးကြီးအုပ် စိုးမိုးထားသည့် မြန်မာ့ဆက်သွယ်ရေးဈေးကွက်အတွင်း ပြည်ပဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် ကာတာအခြေစိုက် အူရီဒူးနှင့် နော်ဝေအခြေစိုက် တယ်လီနောတို့ ဝင်ရောက်လာခဲ့သည်။

Mytel သည် မြန်မာ့ဆက်သွယ်ရေးဈေးကွက်အတွင်း နောက်ဆုံးဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၉ ရက်တွင် တစ်နိုင်ငံလုံးသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးခဲ့သည်။

Mytel ကို ဗီယမ်နမ်စစ်တပ်ပိုင် Viettle ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း၊ မြန်မာ့တပ်မတော်ပိုင် Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်းနှင့် ပြည်တွင်း အများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် MNTH Public Limited တို့ ဖက်စပ်ဆောင်ရွက်ပြီး အမေရိကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

Mytel ဈေးကွက်အတွင်း ဝင်ရောက်လာပြီးနောက် မြန်မာဆက်သွယ်ရေးဈေးကွက်သည် အတောင်အလက်စုံလင်လာပြီး ဈေးကွက်ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့သည်။ ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခ နှုန်းထားများ အပြိုင်အဆိုင်လျှော့ချကြပြီး အရောင်းမြှင့်တင်ရေး ပရို မိုးရှင်းများစွာကို ဆက်သွယ်ရေးကုမ္ပဏီများက မိတ်ဆက်ခဲ့ခြင်းကြောင့် အသုံးပြုသူများအတွက် ရွေးချယ်စရာပိုစုံလာခဲ့သည်။

ယခင်က ပုံမှန်ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ်ရှိခဲ့ရာမှ ၂၃ ကျပ်အထိ ဈေးကျသွားပြီး Package အဖြစ်ရောင်းချသည့် ဖုန်းခေါ်ဆိုခ သည် တစ်မိနစ်လျှင် ၁၀ ကျပ်အောက် ဈေးကျလာခဲ့သည်။ အင်တာနက်အသုံးပြုခနှုန်းထားသည် တစ်မဂ္ဂါဘိုက်လျှင် တစ်ကျပ်အထိဈေးကျခဲ့ရာ ဆက်သွယ်ရေးကဏ္ဍအတွက် မှတ်တမ်းတင်စရာ ဖြစ်ခဲ့သည်။

မြန်မာ့သမိုင်းကို ပြောင်းလဲစေမည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ

၂၀၁၈ ခုနှစ်အတွင်း မြန်မာတရုတ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော်မည့် မြန်မာတရုတ် စီးပွားရေးစင်္ကြံသည် မြန်မာ့သမိုင်း၊ မြန်မာ-တရုတ် ဆက်ဆံရေးသမိုင်းကို ပြောင်းလဲသွားစေမည့် မှတ်တိုင်ဖြစ်သည်။

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ China-Myanmar Economic  Corridor သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ အချစ်တော်စီမံကိန်း ဖြစ်သည့် ခါးပတ်လမ်းစီမံကိန်း (Belt and Road Initiative BRI) ၏ အစိတ်အပိုင်းဖြစ်သည်။

၂၀၁၇ နိုဝင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံသို့ ရောက်လာခဲ့စဉ်က BRI ၏ အစိတ်အပိုင်း၊ တရုတ်မြန်မာ စီးပွားရေးစင်္ကြံလမ်းမကြီးကို စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး ထိုစင်္ကြံသည် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူတို့နှင့် ဆက်စပ်ပေးလိုသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မန္တလေး-မူဆယ် ရထားလမ်းတို့သည် စင်္ကြံတွင်း ထင်ရှားသော စီမံကိန်းများဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ပြီး သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင်သော ‘The Belt and Road’  အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ရာ ‘The Belt and Road’  အဆိုပြုချက်အောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးအပေါ် မြန်မာနိုင်ငံ၏ တက်ကြွသည့်သဘောထားကို အပြည့်အဝဖော်ပြနိုင်ပါသည်’ ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာ ၂၈ ရက်နေ့တွင် ယင်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထို The Belt and Road   (အတိုကောက် BRI)ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြောင်းကို ပြည်တွင်းရှိ အများအပြား သတိမထားမိကြဘဲ တရုတ်သံရုံးက ထုတ်ပြန်သည့်အခါမှ သတိထားမိကြခြင်းဖြစ်သည်။

‘နှစ်နိုင်ငံ အခြေခံအဆောက်အဦ အပြန်အလှန်ချိတ်ဆက်ရေးနှင့် ကုန်ထုတ်စွမ်းရည်၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ငွေရေးကြေးရေး၊ ခရီးသွားလာရေး၊ ‘ဒစ်ဂျစ်တယ်ပိုးလမ်းမကြီး’၊ နယ်စပ်စီးပွားရေးဇုန် စသည့် လုပ်ငန်းကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်း မှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု နေထိုင်မှုဘ၀ ကောင်းမွန်လာစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုတိုးမြှင့်၍ ဒေသအခြေအနေတည်ငြိမ်ရေးကို အထောက်အကူပြုကာ တစ်ချိန်တည်း၌ တရုတ်နိုင်ငံအနောက်ပိုင်းဒေသ၏ တံခါးဖွင့်လှစ် တိုးတက်ရေးကိုလည်း မြှင့်တင်ပါမည်’ ဟု တရုတ်မြန်မာစီးပွားရေးစင်္ကြံကို မြန်မာနှင့် တရုတ်အကောင်အထည်ဖော်မည့်ပုံကို တရုတ်သံရုံး က ထုတ်ပြန်ခဲ့သည်။

One-belt-one-road ဟုလည်း ခေါ်ကြသည့် Belt and  Road Initiative အတိုကောက် BRI သည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်စီမံကိန်းကြီးဖြစ်သည်။ ယခင်က ကျော်ကြားသည့် ပိုးလမ်းမကြီးကိုအစွဲပြုပြီး ခေတ်သစ်ကုန်းရေ ပိုးလမ်းမစီမံကိန်းကြီးအဖြစ် တင်စားကြသည်။ BRI သည် တရုတ်ကိုဗဟိုပြုကာ ကမ္ဘာအရပ်ရပ်ကို ကုန်းကြောင်း ရေကြောင်းတို့မှ ဖြန့်ကြက်သွားမည့် စွမ်းအင်၊ အခြေခံ အဆောက်အဦ စီမံကိန်းကြီးဖြစ်သည်။ BRI ဖြတ်သွားမည့် နိုင်ငံများတွင် စွမ်းအင်စီမံကိန်းများ၊ အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများကို တည်ဆောက်သွားမည်။ စီးပွားရေးအရ တရုတ်နိုင်ငံ နောက်တစ်ဆင့်ကိုခုန်မည့် ခြေလှမ်းဖြစ်သည်။ နိုင်ငံရေးအရ အမေရိကန်ကို ကမ္ဘာ့ဩဇာအကြီးဆုံးနိုင်ငံအဖြစ်မှ ဖယ်ရှားနိုင်ခြေရှိသည့် စီမံကိန်းဖြစ်သည်။ ထို့ကြောင့် BRI ကို နိုင်ငံရေး၊ စီးပွားရေးအရ ဆန့်ကျင်မှုများရှိနေပြီး အမေရိကန်၊ ဂျပန်တို့က သတိအထားဆုံးဖြစ်သည်။

မြန်မာနိုင်ငံသည် BRI ဖြတ်သွားမည့် နိုင်ငံများတွင် ပါဝင်နေပြီး မြန်မာ့စီးပွားရေးတိုးတက်ရန် ရထားလမ်း၊ ကားလမ်း၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စသည့် အခြေခံအဆောက်အဦလိုအပ်ချက် ကြီးမားစွာရှိနေသည်။ BRI က ရထားလမ်း၊ ကားလမ်း၊ စွမ်းအင် ထုတ်လုပ်ရေး စသည့် အခြေခံအဆောက်အဦစီမံကိန်းများကို အဓိက ဖော်ဆောင်မည်။ ထို့ပြင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲတွင် ပါဝင်သည့် မြန်မာသည် ပြည်တွင်းတွင် စီးပွားရေးအခက်အခဲကို ကျော်လွှားရန် လိုနေသည်။ ရခိုင်အရေး ပြည်ပဖိအားလည်းရှိသဖြင့် တရုတ်၏ အကာအကွယ်ကို ယူနေရသည့်အတွက် စီးပွားနှင့် အကာအကွယ် နှစ်ခုလုံးရနိုင်သည့်၊ အခြားနိုင်ငံများလည်း တပ်မက်မောနေသည့် BRI ကိစ္စ နှစ်နိုင်ငံတောက်လျှောက်ဆွေးနွေးနေခဲ့ရာမှ ယခုနှစ်အစောပိုင်းတွင် နားလည်မှုစာချွန်လွှာ ထိုးခဲ့ခြင်းဖြစ်ပုံရသည်။ BRI သည် မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအဖြစ် ပုံပေါ်လာမည်ဖြစ်သည်။

သတိထားအကောင်အထည်ဖော်နိုင်မှသာ မြန်မာ့အကျိုးစီးပွား တရုတ်အကျိုးစီးပွား နှစ်ဖက်လုံး မျှမျှတတရနိုင်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို သဘောတူလိုက်ခြင်းသည် မြန်မာ့အနာဂတ်အတွက် ကြီးမားသော ဆုံးဖြတ်ချက်မှတ်တိုင်ဖြစ်သည်။

၂၀၁၈ ရန်ကုန်စည်ပင် ဥပဒေသစ်

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ၂၀၁၈ YCDC ဥပဒေအရ လမ်းဘေးဈေးရောင်းချလျှင် ဒဏ်ငွေသုံးသိန်းပေးဆောင်ရမည်ဖြစ်ပြီး စည်ကမ်းမဲ့အမှိုက်ပစ်လျှင် ထောင်ဒဏ်တစ်နှစ်ကျ ခံရမည်ဖြစ်သည်။ ထိုဥပဒေတွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်တစ်နှစ်နှင့် ဒဏ်ငွေကျပ် သိန်း ၅၀ အထိ ပါဝင်သည်ဖြစ်ရာ ယခုနှစ်အတွင်း သိသာသော အပြောင်းအလဲအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ပြင်းထန်သည့် ထောင်ဒဏ်၊ ငွေဒဏ်များပါသည့်အတွက် စည်ပင်က သုံးလပညာပေးဆောင်ရွက်ခဲ့သော်လည်း ယင်းဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုပေါင်း ၃၀ နီးပါးရှိနေပြီးဖြစ်သည်။

သို့သော်လည်း အဆိုပါဥပဒေတွင် စည်ကမ်းမဲ့ ကွမ်းတံတွေးထွေးလျှင် ဒဏ်ငွေကျပ်ငါးသောင်းပေးဆောင်ရန် ပြဋ္ဌာန်းထားသော်လည်း YCDC ရုံးစိုက်ရာမြို့တော်ခန်းမ အဆောက်အအုံ ပတ်ဝန်းကျင်တွင်ပင် ကွမ်းတံတွေးများ တွေ့နိုင်သည်။ ထိုကြောင့် စည်ပင်ဥပဒေအရ ချမှတ်ထားသည့် စည်းကမ်းများကို မည်သူကစောင့်ကြည့်၍ မည်သူက ပြစ်ဒဏ်များ ချမှတ်မည်နည်းဆိုသည့် မေးခွန်းများရှိနေဆဲဖြစ်သည်။

လမ်းပေါ်နှင့် စင်္ကြံပေါ်တွင် ကားရေဆေးခြင်း၊ ညအိပ်ရပ်နားခြင်း၊ စည်ကမ်းမဲ့ အမှိုက်ပစ်ခြင်းတို့အတွက် ဒဏ်ငွေသိန်းနှင့်ချီ၍ ချမှတ်ရန် ပြဋ္ဌာန်းထားသော်လည်း စည်ကမ်းမဲ့ရပ်နားသည့် မော်တော်ကားများနှင့် စည်ကမ်းမဲ့ အမှိုက်ပစ်သူများကို ရန်ကုန်မြို့လယ်တွင်ပင် တွေ့ရှိနိုင်သည်။ ထို့ပြင် ပုံမှန်မသိမ်းဆည်းသဖြင့် အမှိုက်များပြည့်လျှံနေသည့် အမှိုက်ပုံးများလည်း ရှိနေသေးသည်။ စည်ပင်ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခဲ့သော်လည်း နည်းဥပဒေမရှိသေးခြင်း၊ လွှတ်တော်၏တွန်းအားပေးမှု အရှိန်နည်းခြင်း၊ အာဏာရပါတီ ခေါင်းဆောင်အချို့၏ မျက်နှာသာပေးမှုရရှိနေခြင်း၊ လုပ်ငန်းအတွေ့အကြုံရင့် စည်ပင်ဌာနမှူးကြီးများ၏ ဩဇာသက်ရောက်မှုများနေဆဲဖြစ်ခြင်း၊ မန္တလေးမြို့ကဲ့သို့ ပြည်သူရွေးချယ်သည့် ဒုတိယ မြို့တော်ဝန်အပါအဝင် ပြည်သူကိုယ်စားလှယ်များ မရှိခြင်းတို့ကြောင့် ဥပဒေသစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ပိုမိုတောက်ပြောင်လာစေရန် စွမ်းဆောင်နိုင်ခြင်းမရှိသေးပေ။

ယာဉ်လိုင်းပေါင်း ၁၀၀ ပြည့်သွားသည့် YBS

ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ရှိသည့် မ.ထ.သ (မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ဗဟိုကော်မတီ) စနစ်ကို ဖျက်သိမ်း ၍ ယာဉ်လိုင်းပေါင်း ၆၀ ကျော်ဖြင့် ရန်ကုန်အများပြည်သူ သယ်ယူပို့ ဆောင်ရေးစနစ် (YBS) သို့ ပြောင်းလဲခဲ့မှုသည် ၂၀၁၈ ခုနှစ်တွင် ယာဉ်လိုင်းပေါင်း ၁၀၀ ပြည့်သွားခြင်းသည်လည်း ယခုနှစ်အတွက် မှတ်တမ်းတင်ရမည့် အကြောင်းအရာဖြစ်သည်။

၁၀၀ ခုမြောက် YBS ယာဉ်လိုင်းကို G. Y. C. T Public Co., Ltd., က ဩဂုတ်လအတွင်း စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကာ ဒဂုံမြို့သစ်တောင်ပိုင်း မင်းရဲကောင်းပုံလမ်း (ကျီစု) မှ ဗိုလ်တထောင် (လင်းစဒေါင်း) သို့ရောက်ရှိသည့် ယာဉ်လိုင်းဖြစ်သည်။ ကျီစုသို့ ပထမဆုံး ပြေးဆွဲသည့် YBS ယာဉ်လိုင်းလည်းဖြစ်သည်။

ခရီးစဉ်လမ်းကြောင်း လိုအပ်ချက်များအရ ယာဉ်လိုင်းပေါင်း ၁၀၀ အထိ တိုးချဲ့ပြေးဆွဲခဲ့သော်လည်း ယနေ့တိုင် နှစ်ဆင့်မှ သုံးဆင့်အထိ ပြောင်းစီးရခြင်း၊ ယာဉ်စီးခ ကျပ် ၂၀၀မှ ၃၀၀နှင့် ၅၀၀ အထိ သတ်မှတ်ပြေးဆွဲခြင်းတို့ကြောင့် ခရီးစရိတ် ပိုမိုကုန်ကျနေဆဲဖြစ်သည်။ ထို့ပြင် ယနေ့ အချိန်အထိ မ.ထ.သ ဘတ်စ်ကားများကဲ့သို့ပင် ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်း၊ အချို့ဆင်ခြေဖုံးမြို့နယ်များသို့ ဘတ်စ်ကားမရောက်ခြင်း၊ ငွေပုံးအတွင်းသို့ အကြွေထည့်စီးရသည့်စနစ်ကြောင့် ငွေအကြွေရှားပါးခြင်းကဲ့သို့ ပြဿနာများရှိနေဆဲဖြစ်သည်။ ထို့အတူပင် ကတ်စနစ်ကိုလည်း အကောင်အထည် မဖော်နိုင်သေးပေ။

သို့သော် မ.ထ.သ စနစ်ကကဲ့သို့ ခရီးသည်များကို ရိုင်းပြစွာဆက်ဆံသည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည့် ယာဉ်နောက်လိုက်များ မရှိ တော့ခြင်း၊ အဲကွန်းတပ်ဆင်ထားသည့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကား အသစ်ကြီးများကို ငွေ ၂၀၀ ကျပ်ဖြင့် စီးနင်းရသည့်အပြင် ၂၄ နာရီ ပြေးဆွဲသည့် ယာဉ်လိုင်းများ ရှိလာသည့်အတွက် သဘောကျနှစ်သက်သူများလည်းရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ စီမံကိန်းများထဲတွင် YBS စီမံကိန်းသည် စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ နာမည်အကြီးဆုံးနှင့် ဝေဖန်မှုအများဆုံးဖြစ်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ရန်ကုန်တိုင်းဒေသကြီး၏ စာရင်းစစ်ချုပ် အစီရင်ခံစာတွင်လည်း တိုင်းအစိုးရ ကျပ်ဘီလီယံ ၇၀ ရှယ်ယာထည့်ဝင်ထားသည့် YBS ဘတ်စ်ကားကုမ္ပဏီနှစ်ခု အရှုံးပေါ်နေသည်ဆိုသည့် ဖော်ပြချက်ကြောင့် ဝေဖန်မှုများကြုံခဲ့ရသည်။

ယာဉ်လိုင်းပေါင်း ၆၀ ကျော်၊ မော်တော်ယာဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့်စတင်ပြေးဆွဲခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ခရီးသည်ပို့ဆောင်ရေးတွင် ၂ နှစ်ခန့်အကြာ ယာဉ်လိုင်း ၁၀၀ နှင့် ယာဉ်အစီးရေ ၆ç၀၀၀ နီးပါးဖြင့် တိုးတက်ပြေးဆွဲလျက်ရှိနေသည့် အခြေအနေမှာ မှတ်တမ်းတင်စရာ ဖြစ်ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း

သမ္မတ ဦးသိန်းစိန်လက်ထက်မှသည် သမ္မတ ဦးထင်ကျော်လက်ထက်တိုင် ရန်ကုန်တိုင်းလွှတ်တော်တွင် ပွဲဆူစေခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရန် တရုတ်နိုင်ငံက စိတ်ဝင်စားလာခြင်းမှာ ၂၀၁၈ ခုနှစ်အတွက် မှတ်တမ်းတင်စရာဖြစ်ခဲ့သည်။

ထို့အတူ မြို့သစ်တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါဝင်သော ကုမ္ပဏီထောင်၍ ဦးသိမ်းဝေကဲ့သို့ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင်က ဦးစီးလုပ်ကိုင်ခြင်းမှာလည်း အများစိတ်ဝင်စားမှု မြင့်တက်သွားစေခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ထားသော်လည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်အမည်စာရင်း တင်သွင်းခန့်ထားသော ရန်ကုန်တိုင်းအစိုးရက ငွေကျပ် ၁၀ ဘီလီယံ မတည်၍ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC) ကို ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပထမအဆင့်ကို ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးရန် ရှေ့တိုးဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ မြေဧက ၂၀,၀၀၀ ပေါ်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေလျက်ရှိပြီး စီမံ ကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြသည်။

ထိုပြင် နိုဝင်ဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၇ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံမှုတွင် ရန်ကုန်မြို့သစ်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့သစ် စီမံကိန်းတွင်ပါဝင်မည့် တရုတ်ကုမ္ပဏီ China Communications Construction Company Ltd. (CCCC)   အပြင် တရုတ်အစိုးရသည် ရန်ကုန်မြို့သစ်စီမံကိန်းကို စိတ်ဝင်စားမှုရှိနေခြင်းမှာ ထူးခြားချက်ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *