ကမ္ဘာ့သဘောတူညီချက် မြန်မာအပေါ် အန္တရာယ်ဖြစ်နိုင်လား

ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ တစ်ကမ္ဘာလုံး သဘောတူညီချက်ကြောင့် မြန်မာ့အရေး တွေးပူလာကြသည်။

တစ်ကမ္ဘာလုံးက ရွှေ့ပြောင်းသွားလာသူများနှင့် သက်ဆိုင်သည့် သဘောတူညီချက်ကို ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်ရာ လူဝင်မှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံက ထောက်ခံမဲပေးလိုက်သည်။ ယင်းအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

Global Migration Pact (ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ တစ်ကမ္ဘာလုံးသဘောတူညီချက်) ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က မဲခွဲအတည်ပြုရာ ထောက်ခံသည့် ၁၅၂ နိုင်ငံတွင် မြန်မာပါဝင်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းသွားလာသူများကို အင်အားသုံးတားဆီးပြီး မက္ကစီကိုနယ်စပ်ကို တံတိုင်းကာရန် ကြိုးပမ်းနေသည့် အမေရိကန်ပြည်ထောင်စုအပါအဝင် ငါးနိုင်ငံကမူ ကန့်ကွက်မဲပေးကြပြီး အိမ်နီးချင်း စင်ကာပူအပါအဝင် ၁၂ နိုင်ငံက ကြားနေခဲ့ကြသည်။

ဘယ်လ်ဂျီယံနိုင်ငံက ယင်းသဘော တူညီချက်ကို ထောက်ခံမှုကြောင့် ပြည်သူများက ကန့်ကွက်ဆန္ဒပြသဖြင့် ဝန်ကြီးချုပ် နှုတ်ထွက်သည်အထိ ဖြစ်ခဲ့သည်။

ခိုးဝင်ခိုးထွက်ပြဿနာများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံက ယင်းသဘောတူညီချက်ကို မည်သည့် အကြောင်းအရင်းကြောင့် ထောက်ခံရခြင်းဖြစ်သနည်း။ ယင်းအပေါ် စိုးရိမ်မှုများက မည်သို့ရှိသနည်း။

ကမ္ဘာတွင် ရွှေ့ပြောင်းသွားလာသူ ၂၅၈ သန်း ကျော်ရှိပြီး ယင်းပမာဏမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ၅၀ ရာခိုင် နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။ ရွှေ့ပြောင်းသွားလာမှုမှာ ကမ္ဘာ့လူဦးရေ တိုးနှုန်းထက်လည်း မြင့်မားသည်။

ကွဲလွဲခြင်း

သဘောတူညီချက်နှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် ကွဲလွဲမှုရှိနေသည်။

နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူမြန်မာလူမျိုးတစ်ဦးကမူ အဆိုပါသဘောတူညီချက်မှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်စသဖြင့် မည်သည့်နိုင်ငံကာ ရွှေ့ပြောင်းလာသည်ဖြစ်စေ လက်ခံရမည့်သဘောဖြစ်ကြောင်း ပြောဆိုသည်။

ထိုင်း၊ မလေရှား အပါအဝင် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် သဘောသဘာဝ မတူညီကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာနိုင်ငံ၌ မနေထိုင်လိုသဖြင့် ပြောင်းရွှေ့ခြင်းမဟုတ်ဘဲ အလုပ်အကိုင်အတွက် ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီဟာ (သဘောတူညီချက်) က ဘာအကြောင်းကြောင့် ပြောင်းပြောင်း၊ ကျွန်တော် အိန္ဒိယမှာ မနေချင်တော့ဘူး။ ဗမာပြည်သွားတော့မယ်ဆိုရင်လည်း အဲဒီဟာက အကျုံးဝင်တယ်။ ရွှေ့ပြောင်း အလုပ်သမားက ဗမာပြည်မှာမနေချင်တော့လို့ သွားတာမဟုတ်ဘူး။ ထမင်း မ၀လို့၊ အခွင့်အရေး ပိုရမယ်ထင်လို့သွားတာ။ အဲဒီနှစ်ခုက မတူဘူး” ဟု ၎င်းက ပြောဆိုသည်။

Migration Pact မှာ နိုင်ငံတစ်ခုမှ နိုင်ငံတစ်ခုသို့ စိတ်ကြိုက်ရွှေ့ပြောင်းသွားလာနိုင်သည့်အခြေအနေဖြစ်ကြောင်း အဆိုပါနိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူက မှတ်ချက်ပေးသည်။

အစိုးရ၏ ရှင်းလင်းချက်မှာ ယင်းသို့ မဟုတ်ပေ။

Global compact for Migration မှာ စာချုပ်မဟုတ်သေးဘဲ အဆိုကို ထောက်ခံသည့်အဆင့်သာရှိသေးကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေးက ပြောဆိုသည်။

ထောက်ခံရသည့် အကြောင်းအရင်းမှာလည်း စာချုပ်မဟုတ်ခြင်း၊ ဥပဒေအရ စည်းနှောင်မှု မရှိသဖြင့် မဖြစ်မနေ လိုက်နာရမည်ဆိုသည့် အခြေအနေမဟုတ်ခြင်း (Non-Binding) ၊ ပုံမှန်ရွှေ့ပြောင်းသွားခြင်းကိုသာ အားပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူ့ရဲ့ ရည်ရွယ်ချက်က ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသွားလာမှုတွေ၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှုတွေကို အားမပေးဘူး။ တရားဝင်ဖြစ်ဖို့ကို ဆိုလိုတာ။ ဒုက္ခသည်နဲ့လည်း မဆိုင်ဘူး။ ဒုက္ခသည်က Global Compact for Refugee သပ်သပ် သီးခြားရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

Global Compact for Migration နှင့် ပတ်သက်၍ ပြည်တွင်းတွင် မူဝါဒချမှတ်ခြင်း၊ ဥပဒေများထုတ်ပြန်ခြင်း စသည်တို့ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအနေနှင့် အပြည့်အဝလုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် မတိုင်မီ ဥရောပသို့ လူဦးရေတစ်သန်းကျော် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ ရွှေ့ ပြောင်းသွားလာသူများအရေးကို ဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းသွားလာသူများအတွက် လုံခြုံစိတ်ချမှုရနိုင်စေရန်၊ စီစဉ်ပေးနိုင်ရန်နှင့် ပုံမှန်ရွှေ့ပြောင်းသွားလာမှုအတွက် စာချုပ်တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းအချို့တွင် ရေးသားသည်။

၂၀၁၆ ခုနှစ်က ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နယူးယောက် ကြေညာစာတမ်းကို နမူနာယူပြီး ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းများတွင် ဖော်ပြသည်။

Global Migration Pact မှာ အရေးယူမှုလုပ်မည် မဟုတ်သော်လည်း စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအနေနှင့် နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုများနှင့် ပတ်သက်လျှင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း BBC သတင်းတစ်ရပ်တွင် ရေးသားထားသည်။

စိုးရိမ်ရသလော

မြန်မာက ထောက်ခံမှုအပေါ် စိုးရိမ်ရသည်ဟု ရှုမြင်သူများရှိပြီး အစိုးရကမူ စိုးရိမ်ဖွယ်ရာ မရှိဟုတုံ့ပြန်သည်။

အဆိုပါသဘောတူညီချက်မှာ Non-Binding ဖြစ်သည်။ အခြားတစ်ဖက်တွင် စည်းနှောင်မှုရှိသည် (Binding) ဟုလည်း ရှုမြင်သူများရှိသည်။

Non-Binding မဟုတ်သည့်တိုင် ယင်းအချက်ကို ယင်းသဘောတူညီချက်ကို ထောက်ပြကာ အခက်အခဲ အကျပ်အတည်းတွေ့အောင် လုပ်နိုင်သည်ဟု ရှုမြင်သူများလည်း ရှိသည်။ ဥပမာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ Non-Binding ဖြစ်သော်လည်း ယင်းစာချုပ်ကို ထောက်ကာ မြန်မာအပေါ် ဝေဖန်မှုမှာ လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ထိတိုင်ဖြစ်သည်ဟု ထောက်ပြကြခြင်းဖြစ်သည်။

“Non-Binding က ကြာလာရင် ကျွန်တော်တို့ နိုင်ငံကို ဒုက္ခပေးမယ်။ ဒုက္ခပေးမယ့် Pact တစ်ခုဖြစ်တယ်” ဟု နိုင်ငံတကာ ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပေးသည်။

ရွှေ့ပြောင်းဝင်ရောက်လာသူများအရေးကို ကန့်ကွက်လျှင် အမုန်းစကားဟု သတ်မှတ်မည်ဆိုသည့် အချက်လည်း ပါဝင် နေရာ ယင်းအချက်မှာ အန္တရာယ်များကြောင်း ၎င်းက ဆိုသည်။

Global Migration Pact မှာ Non-Binding ဖြစ်သော်လည်း အဆိုပါ သဘောတူညီချက်ကို ကန့်ကွက်ပြောဆိုလျှင် အမုန်းစကားမြောက်နေသဖြင့် Non-Binding လော၊ Binding လော ယတိပြတ်မပြောနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“သဘောတူညီချက်ကို ဆန့်ကျင်ပြောဆိုခြင်းဟာ Hate Speech ဖြစ်လို့၊ အဲဒီဟာက ထောင်ချောက်ပဲ”

ကန့်ကွက်လျှင် အမုန်းစကား (Hate Speech) မြောက်သည်ဆိုသည့် အချက်က Global Migration Pact ကို ဆန့်ကျင်၍ မရအောင် လုပ်ထားခြင်း ဖြစ်သဖြင့် Binding ဟုလည်း ဆိုနိုင်ခြင်းဖြစ်ကြောင်း အဆိုပါ နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူက ဆိုသည်။

“ဒီ Global Migration Pact ကို ဆန့်ကျင်လိုက်တာနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ Hate Speech နဲ့ သွားငြိတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် မဖြစ်မနေလိုက်နာရမည့်အခြေအနေ (Binding) ဖြစ်သည် ဟု ၎င်းက ရှုမြင်သည်။

ရွှေ့ပြောင်းသွားလာခြင်းမှာ လူ့အခွင့်အရေးမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ပြောင်းသွားလာခြင်းတွင် လက်ခံရမည့်နိုင်ငံ၏ ခွင့်ပြုနိုင်သည့် ဥပဒေအပေါ်မူတည်ကာ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက မှတ်ချက်ပေးသည်။

“Global Migration ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ လူဝင်မှုအက်ဥပဒေကို ကျော်လွှားပြီး မရှိနိုင်ဘူး။ မရှိသင့်ဘူးလို့ပဲ ယူဆတယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ပြီး ယင်းသဘောတူညီချက်ကို ထောက်ခံမဲမပေးသည့် နိုင်ငံများပင်လျှင် Hate Speech မြောက်သည်ဟု ပြဿနာရှာခံရနိုင်ပြီး ထောက်ခံသည့်နိုင်ငံများမှာ ပိုမိုဒုက္ခရောက်နိုင်ကြောင်း နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူက ပြောကြားသည်။

မြန်မာနိုင်ငံသည် အမုန်းစကားကို ဆန့်ကျင်သည့်နိုင်ငံဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း အမုန်းစကားကို ဆန့်ကျင်ထားသောကြောင့် အခြေခံဥပဒေအရပင်လျှင် ကန့်ကွက်ပြောဆိုခွင့် ရနိုင်ခြေမရှိ ဖြစ်သွားနိုင်ကြောင်း ၎င်းက သတိပေးသည်။

မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာသူများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် မကိုက်ညီဟု ပြောဆိုလျှင်လည်း အမုန်းစကားမြောက်ပြီး Hate Speech Promoter များအဖြစ် သတ်မှတ်ခံရနိုင်ခြေရှိကြောင်း ၎င်းက ဆိုသည်။

“ဒါကို ဆန့်ကျင်ရင် Hate Speech  တိုးပွားအောင်လုပ်တဲ့သူတွေဆိုပြီး လာချည်ထားမှာ။ ကျွန်တော့်အမြင်အရတော့ ဒီဟာကြီးက တော်တော်အန္တရာယ်ရှိတဲ့ Pact လို့ ထင်တယ်”

ထောက်ခံရခြင်း အကြောင်းအရင်း

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေးကမူ လက်ရှိတွင် Principle (အခြေခံမူ) အဆင့်သာရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံအများအပြားက ထောက်ခံကြခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“နောက်ပြီး ကျွန်တော်တို့ အချုပ်အခြာအာဏာနဲ့ အပြည့်အဝလုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် ဒီမူကို ကျွန်တော်တို့နဲ့ ကိုက်ညီမှုရှိတဲ့အတွက် ပါဝင်ထောက်ခံတာ” ဟု ၎င်းက ဆိုသည်။

ကန့်ကွက်သည့် နိုင်ငံများမှာလည်း ပြည်တွင်းတွင် လက်ယာစွန်းရောက်ပါတီများက ဖိအားပေးမှု၊ ကန့်ကွက်ရာတွင် ပါဝင်သည့် ဟန်ဂေရီ၊ ပိုလန်၊ ချက်စသည့် နိုင်ငံများမှာ အစိုးရအပြောင်းအလဲဖြစ်ကာ လက်ယာစွန်း နိုင်ငံရေးသမားများ နေရာရထားသည့် အခြေအနေကြောင့်သာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအဆိုကို ထောက်ခံလိုက်မှုသည် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများအတွက် အကျိုးကျေးဇူးခံစားရမည်ဖြစ်ကြောင်း ဦးချမ်းအေးက ဆိုသည်။

“ကျွန်တော်တို့က သူ့ Principle အရ ကောင်းမွန်တဲ့ Principle ဖြစ်လို့ လက်ခံထားတာ။ တချို့ Principle တွေက ကောင်းမွန်ပေမယ့် ကျွန်တော်တို့ အချုပ်အခြာအာဏာကို လာပြီးထိပါးပြီးတော့ ကျွန်တော်တို့ လုပ်ချင်တာ လုပ်လို့မရဘူးဟာမျိုးဆိုရင်တော့ သတိထားပြီးလုပ်တာပေါ့”

အခြေခံမူအဆင့်မှာ အလွန်ကျယ်ပြန့်သဖြင့် Global Compact for Migration တွင် မပါဝင်လျှင်လည်း ထောက်ပြဝေဖန်မှုများရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းအခြေခံမူမှာ တရားမဝင်၊ ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာခြင်းကို အားမပေးဘဲ တရားဝင်ဖြစ်ရေးကို အားပေးကာ မြန်မာနိုင်ငံသည်လည်း တရားဝင်ရွှေ့ပြောင်းသွားလာမှုကို အားပေးထောက်ခံသည့် နိုင်ငံဖြစ်ကြောင်း အစိုးရက တုံ့ပြန်ထားသည်။

ထို့ကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာများကိုလည်း တရားဝင် နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်ရန် အမြဲတစေတိုက်တွန်းနေကြာင်း ဦးချမ်းအေးက ဆိုသည်။

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးနှင့် ဥရောပတို့တွင် ဖြစ်ပွားနေသည့် ရွှေ့ပြောင်းသွားလာသည့်အရေးမှာ ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာခြင်းဖြစ်ပြီး ယခုအခြေခံမူမှာ ပုံမှန်ရွှေ့ပြောင်းသွားလာခြင်းအတွက်သာဖြစ်ကြောင်း နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောကြားသည်။

ထို့ကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အကျိုးဖြစ်စေမည့် လုပ်ဆောင်ချက်သာ ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ရှင်းရှင်းပြောရင် ကိုယ့်နိုင်ငံက အလုပ်သမားတွေ ပြည်ပသွားလုပ်တဲ့အခါ ဒီလူတွေကို အကာအကွယ်ပေးနိုင်ဖို့ ဒီလူတွေရဲ့အခွင့်အရေးတွေ ရရှိနိုင်ဖို့၊ ဒါတွေအတွက် ရည်ရွယ်ပြီး ပါဝင်တာ။ အဲဒါကို တော်ရုံတန်ရုံ လူတွေက မသိတဲ့အခါ ဟိုဟာ (ဝေဖန်) ဖြစ်နေတာပေါ့” ဟု ဦးစိုးဟန်က ပြောဆိုသည်။

ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ လက်ခံထားသည့် အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း အဆိုပါအခြေခံမူကို ထောက်ခံထားပြီး ထိုင်းဆိုလျှင် ပေးဆပ်ရမည့်အရာများစွာရှိဟုလည်း ဦးချမ်းအေးက ဆိုသည်။

အခြေခံမူအဆင့်မှာ အလွန်ကျယ်ပြန့်သဖြင့် အချို့လည်း ၎င်းတို့ထင်မြင်သည့်အတိုင်း ဝေဖန်ပြောဆိုနေခြင်းဖြစ်ကြောင်း၊ အခြေခံမူကို ထောက်ခံပါဝင်လိုက်သဖြင့် မြန်မာနိုင်ငံက အလုံးစုံလိုက်လျောရမည်ဟု ဝေဖန်နေခြင်းမှာ မမှန်ကန်ကြောင်း ၎င်းက ပြောကြားသည်။

“Principle ဆိုတဲ့အတွက် အမှန်တော့ ကျွန်တော်တို့ ဝင်လိုက်တဲ့အတွက် လုပ်လို့မရတော့ဘူး။ ပေးရမယ်ဆိုတာကလည်း မှားတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ တချို့ဟာတွေ ငြင်းခုံမှု မလုပ်ချင်ဘူး။ ကိုယ့်စကားပဲ မှန်တယ်ဆိုပြီး အပြတ်မငြင်းချင်ဘူး။ Principle လို့ ပြောထားတာကို”

သို့သော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည့် အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာလျှင် ထောက်ခံမှုမှာ ပြောင်းလဲသွားနိုင်သေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိအခြေခံမူကို ထောက်ခံပါဝင်လိုက်သော်လည်း လိုက်နာကျင့်သုံးရမည့် သတ်မှတ်ချက်များ မရှိသေးကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသူများကို တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ဒီဟာဝင်လိုက်လို့ ဘာလုပ်ရမလဲဆိုတော့ ဘာမှ လုပ်စရာမလိုသေးဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းအခြေအနေအပေါ်မူတည်ပြီးတော့ အချုပ်အခြာအာဏာမှာရှိတဲ့အတိုင်းပဲ ဥပဒေတွေ မူဝါဒတွေ ကျင့်သုံးလို့ရတယ်” ဟု ဦးချမ်း အေးက ရှင်းပြသည်။

ပြည်သူကို အသိပေးပါ

နိုင်ငံတကာသဘောတူညီချက်ကို လက်မှတ်ထိုးလျှင် ပြည်သူများကို တရားဝင်အသိပေးသင့်ပြီး လက်ရှိတွင် အစိုးရက ရှင်းလင်းချက်များ ဖော်ပြခြင်းမတွေ့ရကြောင်း နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပေးသည်။

နိုင်ငံခြားဆက်ဆံရေးနှင့် ပတ်သက်သည့် သဘောတူညီချက်ဖြစ်သည့် Global Migration Pact တွင် သမ္မတဆုံးဖြတ်ချက် လုပ်ပိုင်ခွင့် ရှိမရှိ မသေချာကြောင်း ၎င်းက ဆိုသည်။

“ဥပမာဆိုပါစို့ – အမေရိကန်ဆိုရင် ဒါမျိုးလုပ်မယ်ဆိုရင် ဆီးနိတ်က သဘောမတူရင် အတည်မဖြစ်ဘူး။ သမ္မတပဲ ထိုးထိုး၊ ဘယ်သူပဲ ထိုးထိုး၊ ဆီးနိတ်က မကြိုက်ဘူးဆိုရင် အဲဒါက ပျက်ပြယ်တယ်။ မြန်မာနိုင်ငံမှာ အဲဒါနဲ့ဆင်တူတဲ့ ဖွဲ့စည်းပုံရှိပေမယ့် အခုထိအဲဒါကို မပြောသေးဘူး”

ဖြစ်သင့်သည်မှာ ပြည်ထောင်စုလွှတ်တော်တွင် အသေအချာဆွေးနွေးပြီးမှသာလျှင် လုပ်သင့်ကြောင်း ၎င်းက ထောက်ပြသည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ယာယီရွှေ့ပြောင်းသွားလာခြင်းမှာ သဘာဝကျသော်လည်း ရွှေ့ပြောင်းနေထိုင်ခွင့်ကိုမူ မည်သည့်နိုင်ငံကမျှ လက်ခံမည်မဟုတ်ကြောင်း မှတ်ချက်ပေးသည်။

ယင်းအပြင် နိုင်ငံတကာစာချုပ်စာတမ်းကို လက်မှတ်ထိုးလျှင် လွှတ်တော်၏ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး ယင်းသို့ တင်ပြလာလျှင် အသေးစိတ်ဖတ်ရှုကာ လိုအပ်လျှင် ကန့်ကွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ၎င်းက ပြောဆိုသည်။

“အချုပ်အခြာအာဏာကို အလွယ်တကူ သွားနေထိုင်ခွင့်ကတော့ ဘယ်နိုင်ငံမှ ပေးမှာမဟုတ်ဘူး” ဟု ဦးဖေသန်းက မှတ်ချက်ပေးသည်။

နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့်အခြေအနေကို မသိရသေးသော်လည်း စာချုပ်အဆင့်ဖြစ်လာလျှင် နိုင်ငံအများအပြားမှာ စာချုပ်တွင် ပါဝင်သင့်မှသာ ပါဝင်တော့မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေးက ပြောဆိုသည်။

အချုပ်အခြာအာဏာကို ခွဲဝေပေးရမည့်အခြေအနေ၊ ကန့်သတ်ခံရမည့်အခြေအနေဖြစ်လျှင် နိုင်ငံအများအပြား သတိထားလုပ်ကိုင်ကြတော့မည်ဟု ပြောဆိုပြီး ၎င်းက အောက်ပါတိုင်းလည်း မှတ်ချက်ပေးသည်။

“အသေးစိတ်လာရင်တော့ နိုင်ငံတွေက သတိထားတော့မယ်။ ကိုယ့်အချုပ်အခြာအာဏာကို ထိပါးလာမယ်ဆိုရင် နိုင်ငံအများစုက လက်ခံမှာ မဟုတ်ဘူး” 

 

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *