ပြောင်းလဲချိန်တန် ဗ-၀-တ

ဗ-၀-တ ဟု ခေါ် ကြသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များသည် မှိုင်းတိုက်သည့်ဝါဒများ ဖြန့်ဝေသည့်နေရာမဟုတ်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဆိုလိုက်သည်။

“ကျောင်းဟာ တစ်စုံတစ်ဦးရဲ့ လွှမ်းမိုးမှုအောက်မှာရှိတဲ့ကျောင်း မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ မူဝါဒတွေကိုပဲ သင်ကြားပေးရတဲ့ ကျောင်းပါ” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအတွင်းဝန် ဦးမြင့်ဆွေက ပြောကြားသည်။

“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ပါတီတစ်ခုအတွက် ကျောင်းမဟုတ်ပါဘူး” ဟု ၎င်းကဆက်ပြောပြသည်။

နိုင်ငံ့ဝန်ထမ်းများကို တစ်နှစ်လျှင် အနည်းဆုံး ရှစ်သုတ်ခေါ်ယူ၍ လေ့ကျင့်သင်ကြားပေးသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များသည် စစ်အာဏာရှင်စနစ်ကို တည်တံ့အောင် သင်ကြားပေးသည့်နေရာဟု နာမည်ကြီးခဲ့သည်။ အစိုးရဝန်ထမ်းများကို ဝါဒအလွဲအမှားများ မှိုင်းတိုက်သွင်းသည်ဟု ဆိုသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူပြီး ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံကိုတည်ထောင်မည်ဟုဆိုရာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပထမဆုံးကျောင်းမှာ ရန်ကုန်မြို့နှင့် မိုင် ၅၀ ခန့်အကွာ၊ လှည်းကူးမြို့၏မြောက် ဘက် ၁၈ မိုင်ရှိ ဖောင်ကြီးကျေးရွာအနီး မြေဧက လေးထောင်နီးပါးပေါ်တွင် ဗဟိုပြည်သူ့ဝန်ထမ်းကျောင်းအမည်ဖြင့် ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့်ကျောင်း ဖြစ်သည်။

နိုင်ငံရှိ ဌာနအသီးသီးမှ ဝန်ထမ်းများကို ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအတွက် လေ့ကျင့်ပေးရန် အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် တည်ထောင်ခဲ့သည့် ကျောင်းဖြစ်သည်။

၁၉၇၇ ခုနှစ် မေလ ၅ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး ဖောင်ကြီးကျေးရွာအနီးရှိသဖြင့် ဖောင်ကြီးသင်တန်းကျောင်း၊ ဖောင်ကြီးတက္ကသိုလ်ဟု အမည်တွင်သည်။

နောက်ထပ် ၃၄ နှစ်အကြာတွင် အလားတူကျောင်းမျိုးကို မန္တလေးနှင့် ၂၄ မိုင်ခန့်အကွာတွင်ရှိသည့် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီးရှိ မြေဧက တစ်ထောင်ကျော်ပေါ်တွင် တည်ဆောက်ခဲ့ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) အဖြစ် ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်မှစ၍ အစိုးရဝန်ထမ်းများကို ဖောင်ကြီးဆင်း၊ ဇီးပင်ကြီးဆင်းဟူ၍ ခွဲခြားခေါ်ဝေါ်ခဲ့ကြသည်။

အထက်မြန်မာပြည်ရှိ ဝန်ထမ်းများသည် ဇီးပင်ကြီးသို့ သွားကြရပြီး အောက်မြန်မာပြည်ရှိ ဝန်ထမ်းများမှာ ဖောင်ကြီးသို့ သွားကြရသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်တို့၏ ဦးတည်ချက်မှာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးသည့် ဝန်ထမ်းတက္ကသိုလ်ဖြစ်စေရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုကို အထောက်အကူ ဖြစ်စေရန်၊ ပြည်သူကို အကျိုးပြုမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန်ဖြစ်သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဆိုသည်။

နိုင်ငံတော်တွင် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလျှင် ဈေးကွက်စီးပွားရေးနှင့် ပတ်သက်သည်များကို သိရှိရန် သင်ကြားပေးသည်။ မဆလခေတ် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ပြောင်းလဲသွားသည့်စနစ်ကို ပြောင်းလဲမှန်းသိစေရန် ဝန်ထမ်းများကို သင်ကြားပေးသည်။

လက်ရှိ ဒီမိုကရေစီစနစ် ပြောင်းလဲသည့်အချိန်တွင်လည်း ဒီမိုကရေစီ၏ အပြောင်းအလဲကို ဝန်ထမ်းများသိရမည်ဖြစ်သည့်အတွက် သင်ကြားပေးသည်။ စီးပွားရေးတွင် နိုင်ငံတော်၏ မူဝါဒနှင့်အညီ မည်သည့်အရာများ လုပ်ဆောင်နေသည် စသည့် သိသင့်သိထိုက်သည်များကို သင်ကြားပေးသည်ဟု တာဝန်ရှိသူတို့က ဆိုသည်။

“အခုနောက်ပိုင်းကတော့ ဝါဒမှိုင်းတိုက်ဖို့သက်သက်ခေါ်တဲ့ သင်တန်းတော့ မဟုတ်ပါဘူး” ဟု စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တက္ကသိုလ်ကျောင်းဆရာတစ်ဦးက သူ့အမြင်ကို ပြောပြသည်။

“သင်ကြားတဲ့ ဆရာတွေနဲ့လည်း ဆိုင်ပါမယ်။ တချို့ဆရာတွေ သင်ကြားတာက တော်တော်ဆိုးဆိုးဝါးဝါးတွေရှိပေမယ့် ခံယူတဲ့သူရဲ့ နိုင်ငံရေးရေချိန်ကလည်း ဆိုင်တာကိုး” ဟု သူသင်ကြားခဲ့သည့် ဇီးပင်ကြီးကျောင်း၏ အခြေအနေအချို့ကို ပြောပြသည်။

ယခင်တုန်းကတော့ ဗ-၀-တ များသည် အစိုးရယန္တရား လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းလုပ်သားများ မွေးထုတ်ပေးသည့်စက်ရုံဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်အောက်တွင် ယူနီဖောင်းမြင်လျှင် ကြောက်ရွံ့စိတ်ပေါ်အောင် လေ့ကျင့်ပေးသည့်ကျောင်းများဖြစ်ခဲ့သည်ဟု တက်ရောက်ဖူးသူများက ဆိုကြသည်။

“အဲဒီတုန်းက စစ်ရေးပြဘာသာရပ်မှာ သင်ထားတာ တစ်ခုရှိပါသေးတယ်။ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ဝန်းအတွင်း ယူနီဖောင်းဝတ်လာသူမှန်သမျှကို သင်တန်းသားတွေက ဘယ်နေရာမှာတွေ့တွေ့ အလေးပြုရတယ်။ အလေးမပြုရင် အပြစ်ပေးအရေးယူမယ်လို့ အမိန့်ထုတ်ထားပါတယ်” ဟု စာရေးဆရာ ဝင်းသိန်းဦးက ‘ထိပ်ထိပ်ကြဲ မန်နေဂျာ ဖြစ်လိုသော်’ စာအုပ်တွင် သူ့အတွေ့အကြုံကို ရေးပြထားသည်။

ရဲယူနီဖောင်း၊ စစ်ယူနီဖောင်းဝတ်လာသူများကို အလေးပြုရသည်မက အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ် စသည်ဖြင့် မည်သည့်ယူနီဖောင်းကို ဝတ်လာသည်ဖြစ်စေ၊ အရာရှိ၊ အခြားအဆင့် မခွဲခြားတော့ဘဲ အလေးပြုကြရသည်။ ထိုအကျင့်များက သင်တန်းဆင်းပြီး မိခင်ဌာနသို့ ပြန်ရောက်ချိန်တွင် ရုံးပေါက်ဝစောင့်နေသည့် ရဲတပ်သားလေးကို မြင်လျှင်ပင် အလိုလိုအလေးပြုချင်စိတ် ဖြစ်ပေါ်ခဲ့သည်ဟု စာရေးဆရာ ဝင်းသိန်းဦး က ဆိုသည်။

ဝန်ထမ်းတက္ကသိုလ်ဟုဆိုသည့်အတိုင်း အစိုးရဝန်ထမ်းများသာ တက်ရောက်ခွင့်ရှိပြီး ပြင်ပပုဂ္ဂလိက ဝန်ထမ်းများ၊ စိတ်ဝင်စားသူများ တက်ရောက်ခွင့် မရှိပေ။ (ယခုမူ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ အမည်ဖြင့် ပြင်ပကုမ္ပဏီဝန်ထမ်းများပါ တက်ရောက်နိုင်ရန် ၂၀၁၆ ခုနှစ်မှစ၍ စီစဉ်ထားပြီး အပတ်စဉ် ၅ အထိ ရောက်ရှိနေပြီဟု သိရသည်။)

အစိုးရဝန်ထမ်း အရာရှိများ၊ အရာရှိမဟုတ်သည့် အခြားအဆင့်များ အားလုံးတက်ရောက်ကြရပြီး အရာရှိများအတွက် ဇေယျတပ်ခွဲ၊ အရာရှိမဟုတ်သူများအတွက် ဗလတပ်ခွဲ ရာထူးအလိုက် ခွဲခြားတက်ကြရသည်။

အထွေထွေအုပ်ချုပ်ရေးဌာန အရာရှိများအတွက်မူ အောင်ဆန်းတပ်ခွဲ၊ ရဲအရာရှိများအတွက် စည်သူတပ်ခွဲဟု ဌာနအလိုက်ခွဲခြား၍ တက်ရသည်လည်း ရှိသည်။

အချို့ဆိုလျှင် ထိုသင်တန်းများကို တစ်ကြိမ်တည်းသာမဟုတ်၊ နှစ်ကြိမ်အထိ တက်ကြရသည်လည်း ရှိသည်။ အရာရှိမဖြစ်သေးချိန်တွင် ဗလတပ်ခွဲသို့ တက်ခဲ့ရပြီး အရာရှိဖြစ်ချိန်တွင် ဇေယျတပ်ခွဲသို့ တက်ကြရသည်။ သင်တန်းတွင် ဆရာ၊ ဆရာမများက သင်တန်းတက်သူများကို ရဲဘော်တို့ဟု ခေါ်ဝေါ်သုံးစွဲကြောင်း တက်ရောက်သူများထံမှ သိရသည်။

သင်ကြားရေးပိုင်းပညာရေးဌာနခုနစ်ခု ရှိသည်။ စီမံခန့်ခွဲမှု၊ စီးပွားရေး၊ နိုင်ငံရေး သိပ္ပံ၊ လူမှုရေးသိပ္ပံ၊ ဥပဒေ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ အင်္ဂလိပ်ဘာသာတို့ကို သင်ကြားပို့ချပေးနေပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာရှိ ဝန်ထမ်းကျောင်းများနည်းတူ စစ်သင်တန်း သင်ကြားရမှုများမရှိတော့ဟု ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဆိုသည်။

ဗ-၀-တတွင် ဖွင့်လှစ်သင်ကြားပေး နေသည့် သင်တန်းများမှာ ပုံမှန်သင်တန်းနှင့် အထူးမွမ်းမံသင်တန်းများ ဖြစ်သည်။ ပုံမှန်သင်တန်း အမျိုးအစား ရှစ်ခုရှိသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကို သင်ကြားပေးသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း (၈ ပတ်)၊ ညွှန်ကြားရေးမှူးတို့ကို သင်ကြားပေးသည့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း (၈ ပတ်)၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးတို့ကို သင်ကြားပေးသည့် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း (၂၀ ပတ်)၊ ပြန်တမ်းဝင်အရာရှိတို့ကို သင်ကြားပေးသည့် အရာထမ်းအခြေခံသင်တန်း (၁၂ ပတ်) တို့ ဖြစ်သည်။

ယင်းအပြင် ဒုတိယဦးစီးမှူးတို့ကို သင်ကြားပေးသည့် အရာထမ်းငယ် အခြေခံသင်တန်း (၈ ပတ်)၊ ရုံးအုပ်၊ ဌာနခွဲစာရေးတို့ကို သင်ကြားပေးသည့် စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း (၈ ပတ်)၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေးတို့ကို သင်ကြားပေးသည့် စာရေးဝန်ထမ်း အခြေခံသင်တန်း(၈ ပတ်)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ထားသော ဦးစီးအရာရှိ၊ ပုဂ္ဂလိကဝန်ထမ်းများကို သင်ကြားပေးသည့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၆ ပတ်) တို့လည်း ပါဝင်သည်။

အထူးမွမ်းမံသင်တန်းအဖြစ် (၁) တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ (၂) အခြေခံပညာ ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်း၊ (၃) နယ်စပ်ဒေသများရှိ မူလတန်းပြဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ (၄) အရာထမ်းလောင်း အခြေခံ (အထူး) သင်တန်း၊ (၅) အကောက်ခွန်အရာရှိများ အထူးသင်တန်း၊ (၆) မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိများ အထူးမွမ်းမံသင်တန်း၊ (၇) အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသင်တန်း၊ (၈) အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးမှုသင်တန်းတို့ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပထမအကြိမ်တွင် စစ်သင်တန်းများ သင်ကြားခဲ့ရသော်လည်း နောက်တစ်ကြိမ်တွင်မူ စစ်သင်တန်းမပါတော့ကြောင်း ဇီးပင်ကြီးကျောင်းသို့ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် သင်တန်းတက်ခဲ့ရသည့် ကလေးမြို့မှ တက္ကသိုလ်ဆရာတစ်ဦးက ဆိုသည်။

“စစ်သင်တန်းတုန်းက ပိုပင်ပန်းတာပေါ့။ ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ဘာသာရပ်လေ။ နိုင်ငံရေးသိပ္ပံတို့ကတော့ ကိုယ်စိတ်ဝင်စားတဲ့အတွက် အကျိုးရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် သင်ကြားပေးသည့် ဘာသာရပ်ခုနစ်ခုအနက် လူပြောများသည့် ဘာသာရပ်များ နိုင်ငံရေးသိပ္ပံဘာသာရပ်များ သင်ကြားသည့်အချိန် ဖြစ်သည်။ ယင်းအချိန်များတွင် ဝါဒမှိုင်းများ သွတ်သွင်းသည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် နှစ်များအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံခေါင်းဆောင်ဘ၀ဖြင့် လှည်းကူးမြို့ဘက်သို့ စည်းရုံးရေး ခရီးစဉ်တစ်ခုတွင် ဖောင်ကြီးသင်တန်းကျောင်းကို ဝေဖန်ပြောဆိုခဲ့သည်။

ယင်းကျောင်းတွင် တက်ရောက်ခဲ့သူတို့၏ ပြောပြချက်အရ မဆိုင်သည်များကို သင်ကြားပေးနေသည်ကို တွေ့ရကြောင်း၊ ဂျပန်သို့ ပညာသင်သွားမည့် ဆရာဝန်ကို သေနတ်ပစ်သင်ခိုင်းခြင်း၊ တက္ကသိုလ်ဆရာမကို စပါးစိုက်သင်ကြားပေးခြင်းတို့ဖြင့် ဥပမာပြု၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တကယ်လိုအပ်တဲ့ဟာတွေ မသင်ပေးဘဲနဲ့ ဘာတွေ လျှောက်သင်ပေးနေသလဲဆိုတာ တော်တော် စဉ်းစားစရာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဝါဒမှိုင်းများ တိုက်ခြင်းမရှိဟု ငြင်းဆိုထားသော်လည်း ဒုတိယအတွင်းဝန် ဦးမြင့်ဆွေ၏ ပြောဆိုချက်တစ်ခုတွင် ဝါဒမှိုင်းတိုက်သည်ကို လက်ခံသည့်အသွင် တွေ့ရသည်။

“ဝါဒမှိုင်း တိုက်တယ်ဆိုတဲ့ဟာကလည်း ဒီမှာ လာသင်ကြားတဲ့ ၉၉ ရာခိုင်နှုန်းက ဘွဲ့ရတဲ့သူတွေပါ။ တစ်စုံတစ်ဦး တစ်ယောက်က ဘယ်လိုပဲပြောပြော သူတို့ မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘယ်လိုပဲဖြစ်ဖြစ် ဒီခေတ်က ပိုဆိုးပါတယ်။ အကုန်လုံးက မျက်စိပွင့် နားပွင့်ပြီးသား။ မှန်တယ်ဆိုရင် လက်ခံ၊ မမှန်ဘူးဆိုရင် လက်မခံပါဘူး။ ကောင်းတာပဲယူ၊ မကောင်းတာ ပယ်မှာပါ။ ဒီခေတ်ကြီးမှာ ပုံစံခွက်တစ်ခုတည်း သွင်းပြီးတော့ ကျွန်တော်တို့ လုပ်လို့ မရပါဘူး” ဟု ၎င်းကပြောသည်။

မိမိဌာန၏ လုပ်ငန်းအကြောင်းကို ပိုမိုနားလည်အောင် သင်ကြားပေးသည့်အပြင် မဆိုင်သည့်အကြောင်းအရာများကို သင်ကြားခြင်းများလည်း ပါဝင်ကြောင်း၊ သို့သော် မိမိလက်မခံသည့် အကြောင်းအရာဆိုလျှင် ခေါင်းထဲသို့ မထည့်ကြောင်း ဇီးပင်ကြီးကျောင်းသို့ တက်ရောက်ခဲ့ဖူးသည့် ကလေးမြို့ရှိ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

သို့သော် သင်တန်းသားတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပို့ချချက်များတွင် လက်ရှိအစိုးရအပေါ် တိုက်ခိုက်ဝေဖန်သည့် သဘောတရားများကို ပြောဆိုမှုများ ရှိနေသည့်အပေါ် လက်မခံလိုသူများလည်း ရှိခဲ့သည်။ ယင်းအထဲတွင် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာ စိုးသူရဇော်လည်း ပါဝင်သည်။

၂၀၁၇ နှစ်ကုန်ပိုင်းက ဇီးပင်ကြီးကျောင်းတွင် သင်တန်းတက်ရောက်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို သင်တန်းတက်ပြီး တစ်နှစ်ခန့်အကြာတွင် ဇီးပင်ကြီးစစ်တမ်းအမည်ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သည်။

သင်တန်းတက်ရောက်ရာတွင် လိုက်နာရသည့် နေမှုထိုင်မှုများအကြောင်း ဝေဖန်ထားခြင်း၊ ဝန်ထမ်းသတ်၍ အစိုးရသေခြင်း ဟုသော ခေါင်းစဉ်ဖြင့် သင်ကြားသူ ဆရာဆရာမများအပေါ် ဝေဖန်ထားခြင်း၊ ပလုံ ပလုံမြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီး တည်ထောင်တော်မူခဏ်းခေါင်းစဉ်ဖြင့် စည်းကမ်းနှင့် နည်းစနစ်များကို ဝေဖန်ထားသည့် အကြောင်းက ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီး ရေးသားမှုများသည် မှန်ကန်ကြောင်း ပြောဆိုသူ များပြားခဲ့သည်။

မဆလခေတ်မှစ၍ အုပ်ချုပ်သူ စစ်အာဏာရှင်တို့၏ အာဏာတည်တံ့ရေးအတွက် ပြောဆိုပို့ချမှုများကြောင့် ဝါဒမှိုင်းသွတ်သွင်းသည်ဟု ဆိုကြခြင်းဖြစ်ပြီး ယင်းကဲ့သို့သော အပြုအမူများက ဒီမိုကရေစီစနစ် ကျင့်သုံးနေချိန်အထိဆောင်ရွက်နေဆဲဟု ဒေါက်တာစိုးသူရဇော်၏ အတွေ့အကြုံက သက်သေပြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရေးသားမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခုံဖွဲ့စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းသို့ ရေးသားမှုအပေါ် အရေးယူရန်မရှိဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက မီဒီယာများသို့ ပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်ကို အကြောင်းပြု၍ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မီဒီယာများ သို့ ရှင်းလင်းရန်အတွက် ဇီးပင်ကြီးကျောင်း တာဝန်ရှိသူများက စီစဉ်ခဲ့သော်လည်း ပွဲစခါနီးတွင် အထက်အမိန့်ကြောင့်ဟုဆိုကာ ပွဲပျက်ခဲ့သည်။

တစ်စုံတစ်ယောက်၏ ခံစားချက်ဖြင့် ပြောဆိုမှုများသည် ကျောင်းအပေါ်တွင် ရိုက်ခတ်မှုရှိခြင်းကို စိတ်မကောင်းကြောင်း၊ အဖြစ်မှန်ကို သိစေချင်သဖြင့် ရှင်းလင်းရန် စီစဉ်ခဲ့သော်လည်း ယခုလိုဖြစ်စဉ်ကြောင့် ရှင်းပြသည်ဟု ထင်မြင်မည်စိုးသဖြင့် ရှင်းလင်းပွဲမလုပ်တော့ဘဲ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝက်ဘ်ဆိုက်တွင်သာ တင်ပေးရန် ဆုံးဖြတ်လိုက်သည်ဟု ယင်းအဖွဲ့ကဆိုသည်။

“ဝက်ဘ်ဆိုက်မှာတော့ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာတွေ တစ်ခုချင်းအလိုက် တင်ထားပါတယ်။ အများထင်ကြေးပေးတဲ့ဟာအတိုင်း မဟုတ်ဘူးဆိုတာ သိစေချင်တာ။ အပိုင်းလေးပိုင်းနဲ့ တင်နေပါတယ်” ဟု ဦးမြင့်ဆွေက ထပ်လောင်းရှင်းပြသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ယခင်ကသင်ရိုးဇယားများအတိုင်းမဟုတ်တော့ဘဲ ၂၀၁၆ ခုနှစ်မှစ၍ အသစ်ပြောင်းလဲထားပြီးဖြစ်ကာ ပညာရေးဘက်မှ ပါမောက္ခချုပ်များ၊ အငြိမ်းစားပါမောက္ခများ၊ ဒုဝန်ကြီး အငြိမ်းစားများ ပါဝင်သည့် တက္ကသိုလ်ပညာရပ်အဖွဲ့ဖြင့် သင်ကြားမည့် သင်ရိုးများတွင် ဖြုတ်သင့်သည်၊ သင်ကြားသင့်သည်ကို အမြဲရွေးချယ်စိစစ်ပေးနေသည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောသည်။

ဝန်ထမ်းများကို မိခင်ဌာနတွင်သာ လေ့ကျင့်သင်ကြားပေးလျှင် ရနိုင်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်များမရှိသင့်ဟု ထင်မြင်သူများလည်း ရှိသည်။ သို့သော် အစိုးရဌာနတိုင်းတွင် ဌာနတွင်း သင်တန်းပေးသည့်ကျောင်းများ မရှိသေးပေ။

“အဲဒီမှာ သူတို့နဲ့ ပတ်သက်တာ သူတို့သင်လို့ရတယ်။ ဒါပေမဲ့လို့ စီမံခန့်ခွဲမှုတို့ ရုံးလုပ်ငန်းတို့၊ နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒတွေကိုတော့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေမှာကော၊ ပြည်ထောင်စုရာထူးဝန် ဥပဒေမှာကော ကျွန်တော်တို့ ကျောင်းတွေမှာ သင်တန်းတက်ရမယ်။ တက်ပြီးရင် အဆင့်အလိုက် ရာထူးတိုးပေးတဲ့အခါမှာလည်း ထည့်စဉ်းစားရမယ်လို့ သတ်မှတ်ထားတာရှိတယ်” ဟု ဦးမြင့်ဆွေ က ရှင်းပြသည်။

ဖွဲ့စည်းပုံအရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အောက်တွင် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာန၊ ဝန်ထမ်းရေးရာဦးစီးဌာနတို့ရှိပြီး ယင်းအောက်တွင်မှ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တို့ ရှိနေသည်။

ယင်းအပြင် ဌာနတွင်း သင်တန်းကျောင်းများသည် အမြဲတမ်းသင်ကြားပေးနေခြင်းမဟုတ်သဖြင့် ဝန်ထမ်းလစာ၊ အဆောင်အယောင်များ မလိုအပ်ဘဲ ကုန်ကျနိုင်ကြောင်း၊ တစ်နေရာတည်းတွင် စုပြီးသင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်း ဝန်ထမ်းလေ့ကျင့်ရေးကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန်ယူထားရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ကုန်ကျစရိတ်လည်း ကျဉ်းမြောင်းသွားကြောင်း ၎င်းကဆိုသည်။

ဗဟိုဝန်ထမ်း တက္ကသိုလ်များမရှိသင့်ဟု ယူဆသူများရှိသလို အဆိုပါကျောင်းများသည် ဝန်ထမ်းများအတွက်ရှိသင့်ပြီး သင်ရိုးဇယားများ ပြုပြင်ပြောင်းလဲခြင်း၊ သင်ကြားပေးသူများ ပြုပြင်ပြောင်းလဲခြင်းတို့ လုပ်နိုင်လျှင် နိုင်ငံတော်အတွက် အကျိုးများမည်ဟု ထင်မြင်သူများလည်း ရှိသည်။

“Subject တစ်ခုကို ဦးတည်ပြီးသင်တာ မဟုတ်ပါဘူး။ ဘာသာရပ်ခုနစ်ခုပေါင်းပြီး စီမံခန့်ခွဲတတ်ဖို့ပါ။ နိုင်ငံခြားကကျောင်းတွေ ပညာရှင်တွေနဲ့လည်း အပြန်အလှန် ပူးပေါင်းလေ့လာပြီး ပိုကောင်းအောင် လုပ်နေပါတယ်။ နိုင်ငံ့ဝန်ထမ်းဆိုတာ အမြဲတမ်းရှိနေမှာဖြစ်တဲ့အတွက် ဒီလူတွေကောင်းမှ၊ ဒီလိုတွေ ခံယူချက်ရှိမှ အစိုးရယန္တရားကလည်း အောင်အောင်မြင်မြင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဗဟိုဝန်ထမ်းတက္ကသိုလ်များကို အုပ်ချုပ်နေသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအတွင်းဝန် ဦးမြင့်ဆွေက ရှင်းပြသည်။

လက်ရှိတွင် စစ်သင်တန်းများ မသင်ကြားတော့ခြင်းအပြင် သင်ရိုးဇယားများ ပြောင်းလဲထားခြင်း၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွင် ပြင်ပပုဂ္ဂလိကဝန်ထမ်းများ လာရောက်သင်ကြားနိုင်ခြင်း စသည့် ပြောင်းလဲမှုများကို NLD အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်ထားပြီးကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဆိုသည်။

သို့သော်လည်း ဗ-၀-တ ကျောင်းများကို တည်ထောင်ခဲ့သည့် စစ်အာဏာရှင်တို့အလိုကျ ဝါဒမှိုင်းတိုက်သည့် ပို့ချမှုများရှိနေခြင်းမျိုးကိုလည်း ပြောင်းလဲပစ်ရန်လိုသည်။ ဒီမိုကရေစီစနစ်သို့ သွားနေသည့်အချိန်တွင် အရင်လူကို လွမ်းဆွတ်သည့်လေသံများ မပြောရန်လိုအပ်သည်။

သင်ရိုးဇယားပြောင်းသော်လည်း ဆရာအဟောင်းများဖြင့် မသင့်လျော်တော့ပေ။

“လက်ရှိ မြန်မာနိုင်ငံက ဝန်ကြီးဌာနအားလုံးနီးပါးမှာ စီမံခန့်ခွဲနေကြတဲ့ ဝန်ထမ်းများဟာ ဒီတက္ကသိုလ်ကျောင်းဆင်းများပဲဖြစ်ပါတယ်။ စွမ်းဆောင်ရည် မြင့် မမြင့်၊ ဝန်ထမ်းကောင်း ဖြစ် မဖြစ်ကတော့ ပြည်သူအားလုံးသိနေကြပြီးသားပါ။ ဒါက စနစ်ဟောင်းပုံစံခွက်ထဲက အတွေးအခေါ် သင်ရိုးတွေနဲ့ ပို့ချခံထားရလို့ဖြစ်ပါမယ်။ နောင်သင်တန်းဆင်းတွေ ဒီလိုမဖြစ်အောင် ပုံစံခွက်တွေ ပြောင်းလဲဖို့ လိုပါတယ်” ဟု မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက နိုဝင်ဘာလအတွင်းက ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ထောက်ပြပြောဆိုခဲ့သည်။

လက်ရှိ သင်တန်းကျောင်းနှစ်ကျောင်းတွင် အုပ်ချုပ်သည့်ပါမောက္ခချုပ်များသည်လည်း တပ်မတော်အရာရှိအငြိမ်းစားများ ဖြစ်နေသေးသည်။ သို့သော် အရပ်သား ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးနေသည်ဟု ဆိုသည်။

“စစ်တပ်ကနေ လာပြီးသင်တာ မရှိပါဘူး။ ဟိုတုန်းကတော့ စစ်ပညာပါတဲ့အတွက် ရဲတပ်ဖွဲ့က လာသင်ပေးတာ ရှိပါတယ်။ စစ်တပ်နဲ့တော့ မဆက်စပ်ပါဘူး” ဟု ဦးမြင့်ဆွေက ဆိုလေသည်။ 

 

မြတ်(ကလေး)

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *