ဂါရ၀တောစ ထိုက်သူမည်ပါ၏လော

ဓာတ်ပုံ - ဇော်မင်းနိုင်

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် ပွဲဆူစေသူတစ်ဦး ပါဝင်လာသည်။

နှစ်ပေါင်း ၃၃ နှစ်ကြာ သက်တမ်း ရှိပြီဖြစ်သော ယင်းကန်တော့ပွဲမှာ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးစာပေပညာရှင်များကို ပူဇော်ကန်တော့ခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်မှ စကာ ကျင်းပလာခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပသည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် ကန်တော့ခံအသက် ၇၉ နှစ်အထက် စာပေပညာရှင် ၂၄၅ ဦး ရှိပြီး ယင်းအနက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လည်း အပါအဝင် ဖြစ်သည်။

ကန်တော့ခံရသည့် ပုဂ္ဂိုလ်စာရင်းတွင် ဦးခင်ညွန့် ပါဝင်လာသဖြင့် ကန့်တော့ပွဲက စာရေးဆရာအချို့ ထပြန်ကြပြီး နာမည်ကြီးစာရေးဆရာအချို့မှာ ကန်တော့ပွဲကျင်းပသည့် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ချက်ချင်းနုတ်ထွက်လိုက်ကြသည်။

ယင်းဖြစ်ရပ်မှာ စာပေအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းကြား ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

ဦးခင်ညွှန့်ကို ခါးညွတ်ကာ လက်ဆွဲ နှုတ်ဆက်၊ ကန်တော့ခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုလည်း အပြင်းအထန် ဝေဖန်ပြစ်တင်သူများ ရှိသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အတွင်းရေးမှူး (၁) တာဝန်၊ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယင်းကာလက ဒီမိုကရေစီအရေးလှုပ်ရှားသည့် နိုင်ငံရေးသမား၊ ကျောင်းသား၊ စာရေးစာဆရာများ အပါအဝင် တက်ကြွလှုပ်ရှားသူများကို နှိပ်ကွပ်ရာတွင် တာဝန်ရှိသူဖြစ်နေသည်ဟုဆိုကာ ယင်းသို့ ဝေဖန်သံများထွက်လာခြင်း ဖြစ်သည်။

“ကျွန်တော့် တစ်ယောက်တည်းအတွက်ဆို လုံးဝခွင့်လွှတ်ပေးမယ်” ဟုပြောဆိုသူက နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ ဖြစ်သည်။

“ဒါပေမဲ့ အဲဒီလို လူတစ်ယောက်ကို ထိုင်ပြီးတော့ ဝပ်ချရလောက်အောင်၊ ကျွန်တော့်ရှေ့မှာ သေခဲ့တဲ့ လူတွေ၊ ကျွန်တော့်ရှေ့မှာ ထောင်ထဲမှာ ရူးသွပ်သွားတဲ့ လူတွေ၊ ကျွန်တော့် မျက်စိရှေ့မှာ ပစ်ခတ်ခံခဲ့ရတဲ့ သူတွေ၊ ဒီလူတွေအတွက် ဒီလိုလူမျိုးကို ဦးချတာတော့ ကျွန်တော် လုံးဝလက်မခံနိုင်ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါကန်တော့ပွဲတွင် ဦးခင်ညွန့် ပါဝင်ခြင်းမှာ စာအုပ်များရေးသားထားကာ အသက်အရွယ်ကြီးခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယ ဥက္ကဋ္ဌဦးချစ်နိုင် (ချစ်နိုင်စိတ်ပညာ) က ဖြေရှင်းချက်ပေးသည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်သည် မှော်ဝန်းသားဦးခင်ညွှန့် (ဗိုလ်ချုပ်ကြီးဟောင်း) ကလောင်အမည်ဖြင့် စာအုပ်ကိုးအုပ် ရေးသားထားသည်။

‘ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ (၁) နှင့် (၂)’ ၊ ‘ဥပဒေ၏အထက်မှာ သစ်လုံးတွေတောင်လိုပုံလို့’၊ ‘ကျွန်တော်ရယ် ထောက်လှမ်းရေးရယ် န၀တနှင့် နအဖရယ်’ ၊ ‘မြန်မာ့တကောင်းပျူတကောင်း’ ၊ ‘မဟာမြိုင်တောရခရီးသွားမှတ်တမ်း’၊ ‘မဟာမြိုင်တောကြီးအတွင်း ကလေးကျွန်းရန်အောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲ’ ၊ ‘အတွင်းရေးမှူး (၁)’ ၊ ‘နိုင်ငံ၏အနောက်တံခါးပေါက်က ပြဿနာ’ စသော စာအုပ်များကို ရေးသားထားသည်။

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲမှာ မူဝါဒဖြင့် ဆောင်ရွက်ခြင်းကြောင်း ဦးချစ်နိုင်က ဆိုသည်။

စာရေးဆရာဆိုသည်မှာ ကဗျာဆရာ၊ ဝတ္ထုရှည်၊ ဝတ္ထုတိုပြဇာတ်ရေးသူ Essay ရေးသူများအကျုံးဝင်ပြီး သုတေသနပြုသူ၊ ကျမ်းပြုသူ၊ မှတ်တမ်းရေးသူ၊ သမိုင်းရေးသူများအထောက်အထားများဖြင့် ရေးသူများကိုလည်း စာရေးဆရာမဟုတ်သော်လည်း စာရေးသူအဖြစ် အကျုံးဝင်ကြောင်း၊ စာအုပ်အနည်းဆုံး တစ်အုပ်မှ သုံးအုပ်ရေးနိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကြောက်လို့လည်း မဟုတ်ဘူး။ ချစ်လို့လည်း မဟုတ်ဘူး။ အခု ဘာမှ အာဏာမရှိတော့ဘူးဆိုပြီးတော့ နှိပ်ချပယ်ချဖို့လည်း မရှိဘူး။ မုန်းတဲ့သူများတယ်ဆိုပြီးတော့ ပယ်ချဖို့လည်း မရှိဘူး။ ချစ်သူရှိရှိ၊ မုန်းသူရှိရှိ ကိုယ်သတ်မှတ်တဲ့ မူနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ထည့်တာပဲ” ဟု ဦးချစ်နိုင် (ချစ်နိုင်စိတ်ပညာ) က ဆက်လက်ပြောဆိုသည်။

ယင်းအပြင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဒီမိုကရေစီအခြေခံမှုအတိုင်း ကန်တော့ခံသက်ကြီးစာပေပညာရှင်များစာရင်းတွင် ပါဝင်သင့်သူ ပါအောင်၊ မပါသင့်သူ မပါအောင် ရွေးချယ်ခဲ့ခြင်းဖြစ်ကာ အဂတိတရားမပါဝင်ကြောင်း ၎င်းက ဆိုသည်။

ဦးခင်ညွှန့်ကို ခါးညွတ်ကာလက်ဆွဲ နှုတ်ဆက်၊ ကန်တော့ခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလည်း အပြင်းအထန်ဝေဖန်ပြစ်တင်သူများ ရှိသည်။

ဓာတ်ပုံ – ဇော်မင်းနိုင်

တစ်ချိန်က ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဦးဆောင်ခဲ့သည့် တပ်မတော်ထောက်လှမ်းရေးကြောင့် ထောင်ဒဏ် ၁၅ နှစ်ကျခဲ့ရပြီး လက်ရှိတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဖြိုးမင်းသိန်းက ကန်တော့ရခြင်းအကြောင်းအရင်း ဖြေရှင်းချက်ပေးထားသည်။

“ကျွန်တော်တို့ရဲ့ အာဃတတရားကင်းစင်မှုကို အကောင်းဆုံးပြသနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်ဘ၀ရဲ့ နောက်ကြောင်းကို ပြန်ကြည့်လိုက်ရင် ကျွန်တော်ရဲ့ ငယ်ရွယ်နုပျိုမှုအားလုံးဟာ ၁၅ နှစ်တာ ထောင်ကျခဲ့ရတာပဲ ဖြစ်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးဟာ တစ်ခုခုကို ရယူဖို့ ဆောင်ရွက်နေတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်၊ လူ့အခွင့်အရေးထွန်းကားနိုင်ရန်၊ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရန် တို့အတွက် အရာအားလုံးအပေါ်တွင် မေတ္တာတရားဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ရန် တိုက်တွန်းကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ဦးဖြိုးမင်းသိန်းနှင့် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်တို့၏ အခန်းတွင်း တွေ့ဆုံမှုကလည်း ပြည်သူများအတွက် သံသယ ဖြစ်စေသည်။ အကြောင်းမှာ သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲတွင် ဝန်ကြီးချုပ်က ဦးခင်ညွှန့်ကို ဝပ်ချခဲ့သည်သာမက အခန်းတွင်းသီးသန့်ဖိတ်ကြား၍ တစ်နာရီကြာမျှ တွေ့ဆုံခဲ့သေးသည်။

ယင်း တွေ့ဆုံမှုအပေါ် စွပ်စွဲသူ အချို့ကလည်း တပ်မတော်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အကြံဉာဏ်ရယူသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းသို့ တွေ့ဆုံရန် ယခင်စစ်အာဏာရှင်များနှင့် နှီးနွှယ်သော ပုဂ္ဂိုလ်အချို့က တိုက်တွန်းခဲ့ကြသည်ဟုလည်း ဝေဖန်မှုများရှိသည်။ မည်သို့သော အကြောင်းတရားများကြောင့် ဤကဲ့သို့ တွေ့ဆုံကြသည်ကိုမူ The Voice Journal က သီးခြားအတည်မပြုနိုင်သေးပေ။

အခြားတစ်ဖက်တွင်မူ ကန်တော့ခံပုဂ္ဂိုလ်များတွင် ဦးခင်ညွန့်ပါဝင်သဖြင့် အပြင်းအထန်ပြစ်တင်ဝေန်သူများ ရှိသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ဇနီး ခင်မိမိကြွယ်ပင်လျှင် ၎င်း၏ Facebook စာမျက်နှာတွင် “ဒီနေ့ စာပေသက်ကြီးပူဇော်ပွဲကို ကန့်ကွက်ပါတယ်။ ဘ၀တွေ ပျက်ခဲ့ရတယ်။ မိသားစုဘ၀တွေ သူ့ကြောင့် ပျက်စီးခဲ့ရတယ်” ဟုကန့်တောပွဲကျင်းပသည့်နေ့က ရေးသားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင် ကလည်း ‘မည်သည့်အကြောင်းနှင့်မျှ လူသတ်ကောင်ကို ပုဂ္ဂိုလ်ကန်တော့ခံ ဖြစ်ကြောင်း မကြံကြလေနှင့်’ ဟု စာရွက်တွင် ရေးသားပြီး လက်မှတ်ထိုးကာ Facebook တွင် တင်ခဲ့သည်။

တပ်မတော်တွင် ဦးခင်ညွန့် ဘုန်းမီးနေလတောက်ပခဲ့စဉ်က ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုကြောင့် နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ စာရေးဆရာများအပါအဝင် တက်ကြွလှုပ်ရှားသူများစွာ အသက်ပေးဆပ်ခဲ့ကြရသဖြင့် ယင်းသို့ ပြစ်တင်ဝေဖန်နေကြခြင်းဖြစ်သည်။

မိသားစုဘ၀များစွာ ပြိုလဲပျက်စီးခဲ့ရသည်ဟုလည်း အပြစ်ဖို့ကြသည်။ ယင်း နာကြည်းအချက်များကြောင့်ပင် ဦးခင်ညွန့်ကို ကန်တော့ခံသက်ကြီး စာပေပညာရှင်အဖြစ် သတ်မှတ်ကာကန်တော့ခြင်းကို လက်မခံနိုင်ကြခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကန်တော့ခံစာရေးဆရာစာရင်းတွင် ထည့်သွင်းသဖြင့် စာရေးဆရာစစ်စစ်များက ထပြန်ကြ ကြောင်း၊ ယင်း လုပ်ရပ်မှာ စာရေးဆရာများကို စော်ကားခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း စာရေးဆရာသရဝဏ် (ပြည်) ကလည်း ၎င်း၏ Facebook တွင် ရေးသားထားသည်။

ဦးခင်ညွန့်ပါဝင်မှုကို မနှစ်သက်ကြောင်း စာရေးဆရာအချို့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ထုတ်ဖော်ရေးသားကြသည်။ စာရေးဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုကော်မတီဝင်အဖြစ်မှ နုတ်ထွက်သည့် နုတ်ထွက်စာကို ကန်တော့ပွဲကျင်းပသည့် နေ့တွင် Facebook တွင် တင်ခဲ့သည်။

တပ်မတော်အစိုးရလက်ထက်တွင် တန်ခိုးကြီးထွားခဲ့သည့် ဗိုလ်ချုပ်ကြီးဦးခင်ညွှန့်အပေါ် ခွင့်လွှတ်နိုင်သူများ ရှိသလို၊ ခွင့်မလွှတ်နိုင်သူများလည်း ရှိသည်။

“လက်ရှိအုပ်ချုပ်ရေးပိုင်းမှာတွေးခေါ်သွားတာကိုဘာဆန္ဒလဲဆိုတာမပြောနိုင်ဘူးပေါ့” ဟု ဦးဂျင်မီက ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကန်တော့မှုအပေါ် မှတ်ချက်ပေးသည်။

ဒီမိုကရေစီအရေးလှုပ်ရှားစဉ်က ဗိုလ်ချုပ်ကြီးခင်ညွန့် တာဝန်ထမ်းဆောင်နေစဉ် လေးကြိမ်ဖမ်းဆီးခံရပြီး လေးကြိမ်စလုံး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

“ဒါတွေကို အာဃတတွေနဲ့ ပြန်လည်း မပြောချင်ဘူး။ စိတ်ထဲမှာ အာဃတနဲ့လည်း သတ်မှတ်မထားဘူး” ဟု ဦးဂျင်မီက ဆက်လက်ပြောဆိုသည်။

အဆိုပါ နှိပ်စက်ညှဉ်းပန်းခံရမှုများကို အာဃတမထားဘဲ နိုင်ငံတိုင်းပြည်ဖွံဖြိုးရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက်ဆိုလျှင် သင်ပုန်းချေကာ ခွင့်လွှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။

အမျိုးသားစာပေဆုရထားသည့် စာရေးဆရာညီပုလေးကမူ အဆိုပါကိစ္စရပ်အပေါ် မှတ်ချက်ပေးခြင်းမရှိဘဲ စာရေးဆရာတို့၏ သဘောသဘာဝကို ရှင်းပြသည်။

“စာရေးဆရာကို အဓိပ္ပာယ်ဖွင့်ဖို့က ကိုယ်တိုင်ရေးရမယ်။ ကိုယ့်ဟာကိုယ် အားထုတ်ပြီး ရေးရတယ်။ လတ်တလောက ခေါင်းထဲ ပေါ်လာတာ၊ ကိုယ့်စာကိုယ် တာဝန်ယူရတယ်။ ကိုယ်တိုင် ရေးရတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ မနုဿကျော်ဝင်းကမူ အဆိုပါ သက်ကြီးစာပေပညာရှင်ကန်တော့ပွဲကို မင်္ဂလာတရားအရပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံရေးပွဲမဟုတ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်စိစစ်ချက်အရ ကိုက်ညီတယ်ဆိုရင် ကျွန်တော်တို့ ကန်တော့ခံစာရင်းထဲမှာ သတ်မှတ်ထားပဲ။ လူပုဂ္ဂိုလ်ရေးအရ လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့က မူအပေါ်မှာပဲ လုပ်တာ။ လူအပေါ်မှာ လုပ်တာ မဟုတ်ပါဘူး” ဟု ၎င်းက ဖြေရှင်းချက်ပေးသည်။

နတ်တော်လတွင် စာဆိုတော်နေ့အဖြစ် သတ်မှတ်ကာ သက်ကြီးရွယ်အိုစာပေပညာရှင်များကို ခေတ်အဆက်ဆက်ကန်တော့လာသည်မှာ ၃၃ နှစ်တိုင် ပြီဖြစ်သည်။ ကန်တော့ခံသက်ကြီးစာပေပညာရှင်များတွင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် ပါဝင်လာသဖြင့် ယခုတစ်ကြိမ်တွင် ပွဲဆူစေခဲ့သည်။

ကန့်ကွက်သံများညံခဲ့သော်လည်း နောင်ပြုလုပ်မည့် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲများတွင် လက်ရှိမူဝါဒအတိုင်းသာ ဆက်လက်ရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးချစ်နိုင် (ချစ်နိုင်စိတ်ပညာ) က ပြောဆိုသည်။

“နှစ်ပေါင်း ၃၃ နှစ်လုံး ဒီမူနဲ့ပဲ ရွေးချယ်စိစစ်ပြီးတော့ ကန်တော့ခံပုဂ္ဂိုလ်စာရင်းထဲ ထည့်တာပါ။ ဒီမူအတိုင်းလည်း နောက်ဆက်ပြီးတော့ သင့်တော်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် နောင်လာမည့် ကန်တော့ပွဲတွင် ဦးခင်ညွန့် ပါဝင်နိုင်သေးသလောဆိုသည့် မေးခွန်းအပေါ် ၎င်းက အောက်ပါအတိုင်း ဖြေကြားသည်။

“ဒီလောက်ဆိုရင်တော့ သဘောပေါက်မှာပေါ့”

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *