လွတ်လပ်ရေးနှင့် စီးပွားရေး

မနေ့တစ်နေ့ကပင် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပကြသည်။ မြန်မာတို့ ပျော်ကြသည်။ သို့သော် တကယ်လွတ်လပ်ရဲ့လား။ ရှေးယခင်က စံနှင့်ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်သည်မှာ သေချာသည်။ ယနေ့ခေတ်တွင်ရော။

ထိုမေးခွန်းကို ဖြေရန် စီးပွားရေးနှင့် ကျွန်ပြုသောအကြောင်းကို ပြောရမည်။ အဘယ်ကြောင့်နည်း။ ယနေ့ခေတ်တွင် နိုင်ငံများကို စစ်ရေးနှင့်သိမ်းပိုက်ပြီး တပ်ချအုပ်စိုးကျွန်ပြုသည့် ခေတ်ကုန်သွားပြီ။ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သိမ်းပိုက်ပြီးသာ ကျွန်ပြုကြသည်။

၁၉ ရာစု၊ ၁၈ ရာစုတွင် အခြားနိုင်ငံများ၊ ဒေသများကို သိမ်းပိုက်ခြင်းသည် ကိုယ်ထုတ်လုပ်သော ကုန်ချောများအတွက် ဈေးကွက်လိုချင်၍၊ ကုန်ကြမ်းတို့ ဈေးချိုချိုနဲ့ ရချင်၍၊ အသိမ်းပိုက်ခံနိုင်ငံတို့မှ အလုပ်ကြမ်း လုပ်သားများ လိုချင်၍ဖြစ်သည်။

၂၁ရာစုတွင် စစ်တိုက်ရန် မလိုဘဲ ထိုရည်ရွယ်ချက်တို့ ပြည့်နေပြီ။

အမေရိကန်နိုင်ငံထုတ် ကားများ၊ ရေမွှေးများ စသော ကုန်ချောတို့ ရောင်းရန် အမေရိကန်က အခြားနိုင်ငံများကို သိမ်းထားစရာ မလိုပါ။ ဆင်းရဲသော၊ သူ့လောက် ဖွံ့ဖြိုးမှုအဆင့်မရှိသော အခြားနိုင်ငံများတွင် သူ့လုပ်ငန်းများကို ထောင်ထားသည့်အတွက် ဈေးသက်သာသော လုပ်သားတို့လည်း ရနေသည်။ ၁၉ရာစုကကဲ့သို့ နိုင်ငံများကို သိမ်းထားလျှင် အုပ်ချုပ်ရဦးမည်၊ ပုန်ကန်မှုတွေ နှိမ်နင်းရမည်။ ထို့ကြောင့် အလုပ်ရှုပ်၊ ပင်ပန်း၊ ဦးနှောက်ခြောက်ရမည်။ နယ်ချဲ့နိုင်ငံဆိုပြီး နာမည်ပျက်ဦးမည်။ ယခုတော့ ထိုသို့ ဆိုးကျိုးများ မရှိဘဲ ကောင်းကျိုးများကိုသာ ဆွတ်ယူစားသုံးရုံ။ ဘယ်လောက် ပြည့်စုံလိုက်ပါသနည်း။ အမေရိကန်ကုန်ပစ္စည်း အချို့ဆိုလျှင် အမေရိကန်တွင် ထုတ်ရန်ပင်မလို၊ အခြားနိုင်ငံများတွင် ထုတ်ပြီး နာမည်တံဆိပ် Brand ကပ်လိုက်ရုံ။ Brand ကြေး စားလိုက်ရုံသာဖြစ်သည်။ ၂၁ ရာစုစနစ်က ပိုပြီး တွက်ခြေကိုက်သည်။

မြန်မာကို သိမ်းမထားသော၊ မြန်မာကသာ ယခင်က ပိုသိမ်းထားသော ထိုင်းနှင့် မြန်မာဆိုလျှင်လည်း ထိုအတိုင်း။ ထိုင်းမှ လူသုံးကုန်ပစ္စည်း၊ ကုန်ချောများ၊ တရားဝင်ရော တရားမဝင်ရော မြန်မာဈေးကွက်သို့ ဝင်သည်။ မြန်မာပြည်မှ ကျောက်၊ သစ်၊ ဓာတ်ငွေ့၊ ငါး စသော ကုန်ကြမ်းတို့ ထိုင်းသို့ ထွက်သည်။ မြန်မာပြည်မှ လုပ်သားတို့ ထိုင်းတွင် သန်းနှင့်ချီ သွားလုပ်နေကြသည်။ အများစုက အလုပ်ကြမ်း။ ၁၉ ရာစု သဘောတရားအရဆိုလျှင် ထိုင်းက မြန်မာကို ကျွန်ပြုထားသည်။ ကုန်ကြမ်းဝယ်၊ ကုန်ချောယူ။ ၂၀ ရာစု သဘောတရား၊ ၂၁ ရာစု သဘောတရားအရသာ စီးပွားရေးဆက်ဆံမှုဟု ခေါ်ကြသည်။

စီးပွားရေးအရ ကျွန်မခံချင်လျှင် မည်သို့လုပ်ကြမည်နည်း။ ဟိုး ဆိုရှယ်လစ်ခေတ်ကကဲ့သို့ ‘ဘယ်သူမှ အပြင်မထွက်ကြနဲ့၊ သူတစ်ပါးနိုင်ငံ က ပစ္စည်းတွေ မသွင်းကြနဲ့၊ တို့ဆီက ပစ္စည်းပဲ တို့စား’ လုပ်လျှင် ဆိုရှယ်လစ်ခေတ်ကကဲ့သို့ပင် ဖြစ်မည်။ လူမွေးလူတောင် ပြောင်မည်မဟုတ်။ ‘သူများတွေ မဝင်နဲ့ တို့လည်း မသွားဘူး’ ဆိုခြင်းသည် တစ်ဖက်ပိတ်အတွေးအခေါ်၊ ယခုခေတ်တွင် မရတော့။ ဆိုရှယ်လစ်ခေတ်ကပစ္စည်း မည်မျှရှားသည်၊ ကိုယ့်နိုင်ငံထုတ်ပစ္စည်းများ မည်မျှညံ့သည်၊ အရေအတွက်နည်းနည်းသာ ထုတ်နိုင်သည်ဆိုသည် ကြုံဖူးသူတိုင်း အသိ။ သို့နှင့်ပင် ဆိုရှယ်လစ်ခေတ်ကလည်း ထိုင်းမှပစ္စည်းများ မှောင်ခိုဝင်သည်သာ။ တား၍မရ။ လူများထွက်ပြီး အလုပ်မလုပ်လျှင်လည်း နိုင်ငံတွင်းတွင် ပေးထားစရာ အလုပ်ရှိသလား။ ဟိုဘက်ကအဆွဲ (ဟိုဘက်က အခွင့်အလမ်း) နှင့် ဒီဘက်က ကန်အထုတ် (အလုပ်မရှိ) Push and Pull နှစ်ရပ်ပေါင်းသည့်အတွက် ထွက်သူများခြင်းဖြစ်သည်။ ထိုသို့ထွက်သောကြောင့် အလုပ်လက်မဲ့နှုန်း ပြည်တွင်းတွင် နည်းသည့်အတွက် တစ်နည်းတစ်ဖုံ ကောင်းသည်။ သို့သော် လူငယ်လူလတ်မှန်သမျှ မြို့များ ရွာများတွင် ပျောက်သွားသည်အထိ များလွန်းလျှင်မူ တိုင်းပြည်အမွဲတွင်းမှ ထွက်မည်မဟုတ်။

စီးပွားရေးလွတ်လပ်အောင် ကိုယ့်စီးပွားရေးတိုးတက်အောင် လုပ်သည်ကသာ အဖြေ။ ကိုယ့်ကုန်များသည် အခြားနိုင်ငံများနှင့် ပြိုင်နိုင်ရမည်။ ကိုယ့်လုပ်သားများသည် အလုပ်ကြမ်းသာမက အလုပ်နုတွင်ပါ အခြားနိုင်ငံများနှင့် ပြိုင်နိုင်ရမည်။

ကိုယ့်ကုန်ချောကို ပြည်ပကို ရောက်အောင် ပို့ရမည်။ သို့မှသာ ကုန်ကြမ်းပို့သည်ထက် ဈေးပိုရမည်။ ကွန်ပျူတာများ၊ ကားများလုပ်ပြီး ပို့ရန် ပြောသည်မဟုတ်။ ဆန်ကို ယခုအတိုင်းပို့မည့်အစား ဆန်ခေါက်ဆွဲ ခြောက်လုပ်ပို့၊ သရက်သီး ဒီတိုင်းလည်းပို့ သရက်ယိုထိုပြီးလည်း ပို့။ ကုန်ကြမ်းပို့လျှင် ပုပ်လွယ်သိုးလွယ်၊ ဈေးကျလွယ်သည့်အတွက် မျက်နှာငယ်ရသည်။ ရောင်းဖို့ အားခဲကြိုးစားပြီးကာမှ ဟိုဘက်က အကြောင်းတစ်ခုခုကြောင့် မဝယ်လျှင် ကိုယ့်ပစ္စည်းများ သွားပြီ။ သို့မဟုတ်လျှင် သူခိုးဈေးသာသာနှင့် ထိုးရောင်းရမည်။ တရုတ်သို့ သွားသော ဖရဲကဲ့သို့ ကုန်များ ဥပမာသည် နီးနီးလေးဖြစ်သည်။

နိုင်ငံခြားသို့ ကိုယ့်နိုင်ငံသားများ သွားလုပ်ကြသည့်အခါ ကာယကို အားကိုးရသော အလုပ်ကြမ်းသွားလုပ်သူထက် ဦးနှောက်ကို သုံးရသော အလုပ်နုသွားလုပ်နိုင်အောင် ကြိုးစားရမည်။ အလုပ်နုသည် ကိုယ်နှင့်ပါလာသည်၊ ပညာရွှေအိုးသဖွယ်ဖြစ်သည်။ အတွေ့အကြုံများကို စုထား ဆောင်းထားနိုင်သည်။ ထိုအတွေ့အကြုံများကို မြန်မာနိုင်ငံသို့ ပြန်သယ်လာနိုင်သည်၊ မြန်မာနိုင်ငံတည်ဆောက်ရာတွင် သုံးနိုင်သည်။ အလုပ်နုနှင့် အလုပ်ကြမ်းသမားယှဉ်လျှင် အလုပ်နုသမားကို နှိမ်ရန် ပိုခက်သည်။

မြန်မာတို့ လွတ်လပ်ရေးနေ့ကို ပီပီပြင်ပြင်နွှဲလိုလျှင် မြန်မာ့စီးပွားရေးတောင့်အောင် လုပ်ရမည်။ ကုန်ချောများပို့နိုင်ရမည်။ သို့မှသာ တကယ်လွတ်လပ်မည်။ 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *