နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းလေ့လာခြင်း

နိုင်ငံခြားရေးမူဝါဒခွဲခြမ်းလေ့လာခြင်း (Foreign Policy Analysis- FPA) ဆိုတာ နိုင်ငံတကာဆက်ဆံရေးပညာရပ်ရဲ့ အရေးပါတဲ့ဘာသာရပ်ခွဲ (Subfield) တစ်ခုပဲ ဖြစ်ပါတယ်။

ဒီ FPA ဘာသာရပ်ခွဲရဲ့ အစကတော့ ၁၉၅၀ ပြည့်နှစ်များတစ်ဝိုက်လောက်ကပါ။ အစဉ်အလာအားဖြင့် နိုင်ငံခြားရေးမူဝါဒ (ဝါ) နိုင်ငံခြား ဆက်ဆံရေးပညာရပ်နယ်ပယ်ကို ကြီးစိုးထားခဲ့ကြတာက သံခင်းရေးရာသမိုင်းပညာရှင်များ (Diplomatic Historians) တွေ ဖြစ်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက်ပိုင်းမှာမှ နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းလေ့လာခြင်းကို ဘာသာရပ်ခွဲတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ကြားမှုတွေ လုပ်လာကြတယ်။ ဒီ FPA ဘာသာရပ်ခွဲမှာ မူလဘူတနဲ့ ချဉ်းကပ်ပုံ သုံးမျိုးရှိပါတယ်။ Research Paradigm အနေနဲ့ ပြောရင်လည်း ရပါတယ်။ အချို့နေရာတွေမှာ Approach လို့သုံးသလို အချို့နေရာတွေမှာ School of Thought လို့လည်း ပြောကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ FPA subfield မှာ Three Schools  of Thought ရှိတယ်လို့ ပြောရမှာပေါ့။

တစ်ခုကတော့ Comparative Foreign Policy (CFP) ပါ။ ဒီချဉ်းကပ်လေ့လာမှုက သီအိုရီတွေထွက်ပေါ်လာဖို့ကို ရည်ရွယ်တာပါ။ Quantitative Research Method ကို အခြေခံပါတယ်။ ဘယ်အကြောင်းတရားတွေက ဘယ်လိုအကျိုးတရားကို ဖြစ်စေတယ်ဆိုတာမျိုး ကို ကျကျနန သုတေသနလုပ်တာပါ။ နိုင်ငံတွေ၊ သမိုင်းကာလတစ်လျှောက်လုံးမှာရှိတဲ့ အချက်အလက်တွေကို ပြုစုလေ့လာပြီးတော့ ဘယ်ဟာက Independent Variable လဲ၊ ဘယ်ဟာက Dependent Variable  ဆိုတာတွေကို ဖော်ထုတ်တာပါ။ နိုင်ငံတွေကို နှိုင်းယှဉ်ကြည့်ပြီး သီအိုရီဖော်ထုတ်တာဆိုတော့ Comparative Foreign Policy လို့ ဆိုပါတယ်။ ဆရာဝန်တွေ ရောဂါရှာဖွေကုသသလို ဘယ်လို ရောဂါလက္ခဏာတွေ (Symptoms) တွေ့ရင် ဘယ်လိုကုထုံး (Treatment) ပေးရမယ်ဆိုတာမျိုးကို ရည်ရွယ်တာပါ။ နောက်တစ်ခုကတော့ Foreign Policy Decision Making (FPDM)  ပါ။ ဒီလေ့လာမှုမှာတော့ ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်တွေကို လေ့လာတာပါ။ ဗျူရိုကရေစီက ဘယ်လိုပါဝင်ပတ်သက်နေတယ်၊ နိုင်ငံရေးစနစ်က မူဝါဒချမှတ်မှုလုပ်ငန်းစဉ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်။ အဖွဲ့အစည်းတွေရဲ့ ပုံမှန်လုပ်ငန်းလည်ပတ်မှုက ဘယ်လိုကန့်သတ်ချက်တွေရှိတယ် စတဲ့ကိစ္စမျိုးတွေပါ။ နောက်ဆုံးတစ်မျိုးကတော့ Foreign Policy  Context (FPC) ပါ။ ဒါကတော့ မူဝါဒချမှတ်သူတွေဟာ ဘယ်လိုအခြေအနေမှာ ဘယ်လိုအနေအထားနဲ့ စဉ်းစားဆုံးဖြတ်တယ်ဆိုတဲ့ အပိုင်းပါ။ ဆုံးဖြတ်ချက်ချသူတွေရဲ့ စိတ်နေစိတ်ထား၊ ပညာရေးနောက်ခံ၊ ကမ္ဘာ့ရှုမြင်ချက်၊ ဘ၀နောက်ကြောင်း စသည် စသည်တွေအပြင် . . . လူတစ်ဦးချင်းဟာ အုပ်စုအတွင်း ရောက်လာရင် ဘယ်လိုပြုမူတတ်တယ် ဆိုတာတွေကိုပါ လေ့လာပါတယ်။ အုပ်စုစိတ်ကူး (Groupthink) ဆိုတာ ဒီလေ့လာမှုနယ်ပယ်က အကြောင်းအရာတစ်ခုပါ။

နိုင်ငံခြားရေးမူဝါဒခွဲခြမ်းလေ့လာခြင်း (FPA) ဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ ပြည်သူ့ရေးရာမူဝါဒ (Public Policy) တို့ ပေါင်းစည်းတဲ့ လမ်းဆုံမှာပါ။ ပညာရပ်နယ်ပယ်စုံလည်း ပါဝင်ပါတယ်။ နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ လူမှုရေးဗေဒ၊ စိတ်ပညာ စတာတွေလည်း ပါပါတယ်။ တကယ်တော့ – လက်ရှိအခြေအနေအရ နိုင်ငံခြားရေး မူဝါဒခွဲခြမ်းလေ့လာခြင်း (FPA) ဆိုတာက mid-range theory ဖြစ်တာရယ်၊ multi-causal/multi-factorial နဲ့ multi-level ဖြစ်တာရယ်၊ inter-disciplinary ဖြစ်တာရယ်ကြောင့် IR Theory တွေမှာလို တိုက်ပွဲကြီးတွေ ပြင်းပြင်းထန်ထန် မရှိဘူးလို့ဆိုပါတယ်။ mid-range  theory လို့ ဆိုတဲ့သဘောကတော့ ယေဘုယျ နိုင်ငံခြားရေးမူဝါဒစနစ် တစ်ခုမှာရှိတဲ့ သီးခြားအစိတ်အပိုင်းတွေကို အာရုံပြုလေ့လာခြင်း (concentration on specific aspects of a generalized  foreign policy system) ကြောင့်ဖြစ်ပါတယ်။ ဒီသီးခြားအစိတ်အပိုင်း (specific aspects) ဆိုတာတွေကတော့ decision-making  structure တို့ belief system တို့ Implementation  process တို့တွေ ပါဝင်တာပေါ့။

FPA အသိုင်းအဝန်းမှာ အလွန်ကျော်ကြားပြီး ယနေ့တိုင် လက်ကိုင်ထားရတဲ့ Graham T. Allison ရဲ့ JU Essence of Decision:  Explaining the Cuban Missile Crisis ဆိုတဲ့စာအုပ်မှာဆိုရင် if  rational actor model, bureaucratic politics model,  organizational process model ဆိုပြီး ကျူးဘားဒုံးပျံအရေးအခင်းမှာ အမေရိကန်အစိုးရရဲ့ မူဝါဒဆုံးဖြတ်ချက်ကို Case Study  အနေနဲ့ ရှင်းလင်းတင်ပြသွားတာ တွေ့ရတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ ‘ပေါင်းစည်းထားနိုင်ခြင်း’ (Integrative) ရှိတယ်လို့ ပြောနိုင်ပါ တယ်။ multi-causal/multi-factorial နဲ့ multi-level ဖြစ်တာကတော့ နိုင်ငံခြားရေးမူဝါဒဆိုတာ Issues, Actors, Environment တွေက ပြည်တွင်း-ပြည်ပဆက်စပ်နေတာကြောင့်ပဲဖြစ်တယ်။ ‘Foreign  policy analysis needs to be multilevel and multifaceted  in order to confront the complicated sources and nature of foreign policy.’ လို့ပြောကြပါတယ်။ multi-causal/multi- factorial အနေနဲ့ နိုင်ငံရေးအကြောင်းတရား၊ စစ်ရေးအကြောင်းတရား၊ စီးပွားရေးအကြောင်းတရား၊ လူမှုရေးအကြောင်းတရား၊ ပထဝီဆိုင်ရာ အကြောင်းတရား၊ သမိုင်းဆိုင်ရာအကြောင်းတရား စတာတွေဟာ နိုင်ငံခြားရေးမူဝါဒအပေါ်မှာ သက်ရောက်မှုတွေ ရှိပါတယ်။

တစ်ဖန် multi-level အနေနဲ့ individual (decision- maker) level, state level, systemic level ဆိုပြီး ခွဲခြမ်းဆန်းစစ်မှု အဆင့်ဆင့်လုပ်ရပါတယ်။ လူပုဂ္ဂိုလ်အဆင့်မှာ ဆုံးဖြတ်ချက်ချမှတ်သူရဲ့ စိတ်နေစိတ်ထား၊ ပညာရေးလူမှုရေးနောက်ခံတွေဟာ အရေးပါတဲ့အချက် တွေပဲ။ နိုင်ငံအဆင့်မှာရှိတဲ့ နိုင်ငံရေးစနစ် စီးပွားရေးစနစ်တွေ၊ အုပ်ချုပ်မှုယန္တရားတွေ၊ နိုင်ငံတော်နဲ့လူ့အဖွဲ့အစည်း ဆက်ဆံရေးအနေအထားတွေကိုလည်း သိထားရပါမယ်။ နိုင်ငံတကာအဆင့်မှာ ကမ္ဘာ့အင်အား ဖြန့်ခွဲမှုအနေအထား၊ ကမ္ဘာ့စီးပွားရေးအခြေအနေ စသည်စသည် အချက်တွေကလည်း အရေးပါပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းလေ့လာခြင်း (FPA) ဟာ ဖြစ်စဉ်ဗဟိုပြုလေ့လာခြင်း (process-oriented  study) ဖြစ်တယ်ဆိုတာပါပဲ။ ရလဒ်ဗဟိုပြုလေ့လာခြင်း (outcome- oriented study) မဟုတ်ပါဘူး။ ဒီအချက်ဟာ IR/IP Theories တွေနဲ့ ကွာခြားတဲ့အချက်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ခါ FPA မှာက actor-specific ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်း (Individuals and Institutions) တွေက ပါဝင်ပတ်သက်တယ်ဆိုတာကို အလေးထားပါတယ်။ ဘယ်သူ့ကြောင့်၊ ဘယ်အဖွဲ့အစည်းကြောင့် ဒီလိုနိုင်ငံခြားရေးမူဝါဒရလဒ်၊ အပြုအမူ (Foreign policy output/behavior) ထွက်လာတယ်ဆိုတာကို လေ့လာပါတယ်။ အထက်ကတင်ပြခဲ့သလို process-oriented  ဖြစ်ပါတယ်။ IR Theories တွေဟာ actor-general ဖြစ်တယ်လို့ ဆိုရမှာပါ။ ဘယ်သူဘယ်ဝါ။ဘယ်အဖွဲ့အစည်းဖြစ်နေပါစေ အားလုံးဟာ ယထာဘူတကျကျ လုပ်သူများ (Rational Actors) သာဖြစ်ကြတယ်လို့ ခံယူထားပြီး ဖြစ်စဉ်ကို လေ့လာစရာမလိုဘူးဆိုတဲ့ သဘောမျိုးပဲ။

နောက်တစ်ချက်ကတော့ FPA ဟာ agent-oriented ဖြစ်တယ် ဆိုတာပါပဲ။ လူမှုရေးသိပ္ပံနယ်ပယ်မှာ အငြင်းပွားဖွယ်ရာ ဖြစ်ဖြစ်နေတဲ့ Structure နဲ့ Agent ဘယ်ဟာက ပိုအရေးကြီးသလဲဆိုတဲ့ကိစ္စမှာ FPA ဟာ agent-oriented ဖြစ်ပြီး IR theories (အထူးသဖြင့် Neorealism ဆိုရင် Structural Realism  လို့တောင် ခေါ်ပါတယ်) တွေက structure-oriented ဖြစ်ပါတယ်။ FPA မှာက Human Decision Maker ကို အတော်အလေးပေးပါတယ်။ FPA မှာက ‘states are not agents because states are abstractions and thus have no agency; only human beings can be true agents, and it is their agency that is the source  of all international politics and all changes therein” လို့ဆိုပါတယ်။ ဆိုလိုတာကတော့ . . . နိုင်ငံတော်တွေဆိုတာက တကယ့်အေးဂျင့် (ဖန်တီးပြောင်းလဲနိုင်သူ) တွေ မဟုတ်ဘူး။ သူတို့ဟာ ကြံဆပုံဖော်ထားမှုတွေဘဲ။ တစ်နည်းအားဖြင့်ဆိုရရင် နိုင်ငံတော်ဆိုတာဘာလဲ၊ လူတွေကသာ နိုင်ငံတော်ဆိုပြီး နေရာယူအမည်ခံလုပ်နေတာပါ။ လူသားတွေသာလျှင် အေးဂျင့်အစစ်အမှန်ဖြစ်တယ်။ ဒီလူသားတွေရဲ့ လုပ်ကိုင်ပြုမူမှုတွေကသာလျှင် နိုင်ငံတကာနိုင်ငံရေးနဲ့ ယင်းပြောင်းလဲမှုတွေရဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းလေ့လာခြင်း (FPA) ဆိုတဲ့ ပညာရပ်နယ်ပယ်ခွဲရဲ့ ထူးကဲတဲ့ဝိသေသလက္ခဏာ ခြောက်ရပ်ကို ပြောရရင်တော့ (၁) multi-factorial ကဏ္ဍစုံပါဝင်ခြင်း၊ (၂) multi-level အဆင့်စုံ ပါဝင်ခြင်း၊ (၃) inter-disciplinary ဗေဒစုံပါဝင်ခြင်း၊ (၄) integrative ပေါင်းစည်းထားနိုင်ခြင်း၊ (၅) actor-specific ဇာတ်ကောင်ကို အလေးပေးခြင်းနဲ့ ၊ (၆) agent-oriented မူဝါဒချမှတ်သူကို ဗဟိုပြုခြင်းတို့ ဖြစ်ကြပါတယ်။ 

 

မောင်အောင်မျိုး

(စာရေးသူသည် International University of Japan တွင် သင်ကြားပို့ချနေသော နိုင်ငံတကာဆက်ဆံရေးပညာရပ် ပါမောက္ခဖြစ်ပြီး In the Name of Pauk-Phaw: Myanmar’s China Policy since 1948 စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *