တရုတ် – မြန်မာကုန်သွယ်ရေးဆေးမြီးတိုဖြင့် မလုံလောက်တော့ပါ

ဓာတ်ပုံ - မြတ်(ကလေး)

နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော်ကုန်သွယ်ရာတွင် ဂိတ်ပိတ်လိုက်မှုကြောင့် မြန်မာတောင်သူများ အထိနာမှုများစွာ ဖြစ်ပေါ်ခဲ့လေသည်။

၁၅ရက်ကြာပိတ်ထားသည့် တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်ကို မြန်မာတာဝန်ရှိသူများက ဇန်နဝါရီလ ၁၀ ရက် နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်။

အရင်းအနှီးကြီးသော သတင်း

ဖရဲစိုက်တောင်သူများအတွက် ၂၀၁၉ ခုနှစ်နှစ်ဦးတွင် ဝမ်းမြောက်ဖွယ်သတင်းဖြစ်သော်လည်း အရင်းအနှီးကြီးမားသည့် သတင်းကောင်းတစ်ပုဒ် ဖြစ်သည်။

“ကျွန်တော်တို့ တောင်သူတွေ သိန်းပေါင်းတစ်သိန်းနီးပါးအထိ နစ်နာဆုံးရှုံးမှု ရှိခဲ့ပါတယ်”ဟု မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောကြားသည်။

ဒီဇင်ဘာလမှစ၍ တရုတ်ဘက်သို့ ဝင်ရောက်သူများကို လုံခြုံရေးတင်းကျပ်လိုက်သည်။ ယခင်က ဝင်ခွင့်တံဆိပ်တုံး ထုနှိပ်ပေး၍ ဖြတ်သန်းသွားလာခွင့်ပြုထားရာမှ မျက်နှာ Scan ဖတ်ခြင်း၊ လက်ဆယ်ချောင်း၏ လက်ဗွေယူခြင်းတို့ကြောင့် ကျင်စန်းကျော့ဂိတ်မှ ဖြတ်သန်းသည့် ဖရဲသီးယာဉ်များအချိန်ကြန့်ကြာခဲ့ပြီး တစ်ဖက်နိုင်ငံသို့ မကူးဖြတ်နိုင်သဖြင့် ယာဉ်များ ပိတ်မိခဲ့ရသည်။

နေ့စဉ်ယာဉ်အစီးရေလေးရာဝန်းကျင် မူဆယ်သို့ ဝင်ရောက်နေပြီး အရောင်းကွင်းတွင် ဖြတ်သန်းရောင်းချကာ နယ်စပ်သို့ လာရောက်ကြသဖြင့် စီးရေထောင်နှင့် ချီကာ ပိတ်ဆို့ခဲ့ရပြီးနောက် လုံခြုံရေးကြောင့်ဟုဆိုကာ ကျင်စန်းကျော့ဂိတ်ကို မြန်မာ့တပ်မတော်ဘက်က ပိတ်ပင်လိုက်သည်။

တရုတ်သို့ ကုန်သွယ်မှုပြုရာတွင် အဓိပလမ်းမသဖွယ်ဖြစ်နေသည့် ကျင်စန်းကျော့လမ်းသည် နှစ်နိုင်ငံသဘောတူညီထားသည့် တရားဝင်နယ်စပ်ကုန်သွယ်လမ်းမကြီး မဟုတ်ပေ။ တရားဝင်လမ်း ဖြစ်သည့် ကြူကုတ် (ပန်ဆိုင်း) လမ်းထက် ပို၍နီးခြင်း၊ လမ်းကျယ်ခြင်းတို့ကြောင့် နားလည်မှုအရ ၂၀၁၅ ခုနှစ်မှစ၍ ယာယီဖြတ်သန်းခွင့် ပေးထားခြင်းဖြစ်သည်။

“ယာဉ်ကြောသာတဲ့အတွက် သစ်သီးဝလံကားတွေသွားလို့ရအောင် ယာယီဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဖရဲသီးရာသီမှာ အသုံးပြုလို့ ရအောင် ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

၁၅ ရက်တာပိတ်ပင်ထားမှုကြောင့် ဖရဲသီးယာဉ်များကို ကြူကုတ် (ပန်ဆိုင်း) လမ်းပိုင်းမှ ပြန်လည်တင်ပို့ခဲ့ရသော်လည်း အဆင်မပြေသဖြင့် ကျင်စန်းကျော့လမ်းပိုင်းမှ ပြန်လည်သွားလာနိုင်ရန် ဖရဲသီးစိုက်တောင်သူများက ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက်နေ့က စစ်ကိုင်းတိုင်းအတွင်းမှ ဖရဲစိုက်တောင်သူများက မုံရွာမြို့လယ်ကောင်တွင် ဖရဲသီး တန်ချိန်ငါးဆယ်ခန့်ကို အခမဲ့ပေးဝေကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ နေ့စဉ်ဖရဲသီးယာဉ်အစီးရေလေးရာဝန်းကျင် ဝင်ရောက်နေပြီး ယင်းယာဉ်များမှ တစ်စီးလျှင် ကျပ်ဆယ်သိန်းဖိုးခန့် ဆုံးရှုံးသည်ဟု ယူဆလျှင်ပင် တစ်ရက်ကျပ်သိန်းငါးထောင်ဝန်းကျင်ဆုံးရှုံးကြောင်း ဦးစိုင်းမြင့်ဗိုလ်က ဆိုသည်။

“၁၅ ရက်ဆိုတော့ သိန်းပေါင်းတစ်သိန်းဝန်းကျင်တော့ ကောင်းကောင်းနစ်နာသွားပါပြီ”ဟု ၎င်းက ပြောသည်။

ယင်း နစ်နာဆုံးရှုံးမှုသည် ဖရဲသီးစိုက်သည့် တောင်သူများ၏ ဆုံးရှုံးမှုဟု ယူဆနိုင်သော်လည်း အမှန်တကယ်မူ မြန်မာဘက်မှ ဆုံးရှုံးခြင်းသာဖြစ်သည်။

ကျီးလန့်စာစား မြန်မာ့ပို့ကုန်များ

မြန်မာ – တရုတ်နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးဟူ၍ နယ်စပ်ကုန်သွယ်ရေးဇုန်လေးခုကို တရားဝင်ဖွင့်လှစ်ထားပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် ကုန်သွယ်ရေးရှိသည့် မူဆယ်ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုပမာဏသည် ကျန်သုံးခုထက် ၈၀ ရာခိုင်နှုန်းကျော်ပိုများနေကြောင်း စီးပွား/ကူးသန်း၏ မှတ်တမ်းများအရ သိရှိရသည်။

မူဆယ်နယ်စပ်တွင် တရားဝင်တရုတ်ပြည်ဝင်ပေါက်အဖြစ် ဆင်ဖြူ၊ ပန်ဆိုင်း၊ ကျင်စန်းကျော့၊ မန်ဝိန်းဂိတ်တို့ရှိပြီး ကျင်စန်းကျော့သည် နားလည်မှုဖြင့် ကုန်သွယ်မှုပြုနေခြင်းဖြစ်ကြောင်း ဒေသခံကုန်သည်တို့က ဆိုသည်။

လက်ရှိတွင် ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ သစ်သီးဝလံနှင့် ကျွဲ၊ နွား၊ ဆိတ်စသည်တို့ကို မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများရှိနေသော်လည်း ပို့ကုန်များမှာ ကျီးလန့်စာစားနေရသည့် အနေအထားဟု မူဆယ်မြို့ရှိ ဝါရင့်ကုန်သည် ဦးစိုင်းခင်မောင် (ခွာညိုသစ်သီးရောင်းဝယ်ရေး ကုမ္ပဏီ) က ဆိုသည်။

“သစ်သီးက လွဲပြီး ကိုယ့်ဘက်က တရားဝင်ပို့လို့ ရပေမယ့် သူတို့ဘက်မှာကျတော့ တရားမဝင်တင်သွင်းရတဲ့ သဘော ဖြစ်သွားတယ်။ ကျွဲတို့၊ နွားတို့၊ ဆိတ်တို့ကတော့ သူတို့ဘက်က လိုချင်တဲ့အတွက် မသိဟန်ဆောင်တာမျိုးရှိပေမယ့် ကျန်တဲ့ ပစ္စည်းတွေကိုတော့ အဖမ်းအဆီးများတယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် တရားဝင်ပို့ကုန်အဖြစ် နှစ်ဖက်လွတ်လွတ်လပ်လပ်တင်ပို့နိုင်သည့် ဖရဲသီးရာသီတွင် အချိန်မီမတင်ပို့နိုင်ခြင်းသည် နိုင်ငံတော်အတွက် နစ်နာစေခြင်းလည်း ဖြစ်သည်။ စီးပွား/ကူးသန်း၏ စာရင်းများအရ ယခုနှစ်တွင် ဖရဲသီးတန်ချိန် ရှစ်သိန်းခန့်အထိ တင်ပို့နိုင်သည်ဟု ဆိုသည်။

ကျင်စန်းကျော့ဂိတ် တရားဝင်ဖြစ်ရေး

ကျင်စန်းကျော့ဂိတ် ပြန်ပွင့်သော်လည်း နယ်စပ်နှင့် အရောင်းကွင်းတွင် စုပြုံနေသည့် ထောင်နှင့်ချီသော ဖရဲသီးကားများက တရုတ်နိုင်ငံထဲသို့ ရောက်ရှိသွားလျှင် အရောင်းအဝယ်သဘောအရ ရောင်းလိုအားများသည့်အခါ ဈေးနှိမ်သည့် ပြဿနာက ရင်ဆိုင်ရဦးမည်လည်း ဖြစ်သည်။

ယင်းအပြင် တရုတ်လူဝင်မှုကြီးကြပ်ရေးဘက်မှ ယခင်ကဲ့သို့ လုံခြုံရေးတင်းကျပ်မှုများရှိနေသေးလျှင် အချိန်မီ မတင်ပို့နိုင်ခြင်းများရှိလျှင် ဘာမျှထူးခြားမည်လည်း မဟုတ်ချေ။

“ဒါကတော့ နှစ်နိုင်ငံညှိနှိုင်းနေတယ်လေ။ ဖြေလျှော့သင့်တာ ဖြေလျော့မယ်လို့ မျှော်လင့်ပါတယ်။ ခါတိုင်း (ဝင်ခွင့်တံဆိပ်တုံးကို) နှစ်ယောက်ရိုက်နေရာကနေ သုံးယောက်၊ လေးယောက် ရိုက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးစိုင်းမြင့်ဗိုလ် က ဆိုသည်။

ဖြစ်သင့်သည်မှာ ကျင်စန်းကျော့ဂိတ်ကို တရားဝင်သွားလာနိုင်သည့် ဂိတ်အဖြစ်သတ်မှတ်ပေးနိုင်ရန် လိုအပ်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ယင်းသို့ တရားဝင်ဖွင့်လှစ်နိုင်ရန်မှာ နှစ်နိုင်ငံနယ်စပ်ကိစ္စဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆို သည်။

ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ နိုင်ငံခြားရေး စသည့် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

“တရားဝင်ဂိတ်ဖြစ်ရင် ပိုကောင်းတာပေါ့။ လတ်တလောပြဿနာကို ဖြေရှင်းတဲ့အခါ ရေတိုအနေနဲ့ ယာယီဖွင့်လှစ်ပေးနိုင်အောင် လုပ်ပါတယ်။ ရေရှည်မှာတော့ တရားဝင်ဂိတ်ဖြစ်ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားရမှာပါ”ဟု ဦးခင်မောင်လွင်က ပြောသည်။

နောက်ထပ်ပြဿနာတစ်ခုက မြန်မာကုန်သည်များအဖို့ တရုတ်ပြည်တွင်းသို့ သွားပို့ – သွားသယ်နေရသည့် ပြဿနာ ဖြစ်သည်။ အထူးသဖြင့် တရုတ်မှ ဝယ်ယူသည့် ကုန်ပစ္စည်းများကို ၎င်းတို့ထံ သွားရောက်ပို့ဆောင်ပေးရခြင်း ဖြစ်သည်။

မြန်မာဘက်မှ ရောင်းချလိုက်သည် ပစ္စည်းများကို တရုတ်ဘက်သို့ အရောက်ပို့ပေးနေရပြီး တရုတ်မှ ဝယ်ယူသည့် ပစ္စည်းများကိုလည်း သွားရောက်သယ်ယူရသည်။ ရောင်းသည် ဖြစ်စေ၊ ဝယ်ယူသည် ဖြစ်စေ သွားပို့ – သွားသယ်နေရသဖြင့် မမျှတသည့် အနေအထား ဖြစ်နေသည်။

“အကောင်းဆုံးကတော့ ကိုယ့်ဆီက ပစ္စည်းဝယ်ချင်ရင် ကိုယ့်နိုင်ငံထဲ သူတို့ လာသယ်၊ သူတို့ပစ္စည်း ဝယ်ချင်ရင်လည်း ကိုယ်ကလည်း သွားသယ်။ ဒါမှလည်း Win – Win Situation (နှစ်ဖက်မျှတမှု) ဆိုတာဖြစ်မှာလေ။ အခုဟာက ကျွန်တော်တို့က အကုန်လုံးက တစ်ဖက်တည်းမှာပဲ သွားပြီး အလုပ်သွားလုပ်နေရသလို ဖြစ်တယ်”ဟု ဦးအောင်ကျော်မိုးက ပြောသည်။

သူက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါး အများပိုင်သစ်သီးရောင်းဝယ်ရေးကုမ္ပဏီ၏ အမှုဆောင်အရာရှိဖြစ်ပြီး သူ့ကုမ္ပဏီက သစ်သီးကားများအတွက် အရောင်းကွင်းကို ဖော်ဆောင်ပေးလျက်ရှိသည်။

ယင်းသို့ ပို့ဆောင်ပေးနေရသည့် အတွက် ကတ္တားခ၊ နေစားစရိတ်တို့ အပိုကုန်ကျနေရသည့်အပြင် တစ်ဖက်နိုင်ငံသို့ ရောက်လျှင် သူတို့ဥပဒေအတိုင်း လိုက်နာရသဖြင့် ကုန်ဖိုးငွေလိမ်လည်ခြင်းတို့ဖြင့် ရင်ဆိုင်ရတတ်ကြောင်း ၎င်းက ပြောသည်။

“အလုပ်အကိုင်အခွင့်အလမ်းက အစ ကျွန်တော်တို့နိုင်ငံထဲမှာ ဒါမျိုးတွေ မဖန်တီးပေးနိုင်တော့ သူတို့ဆီသွားပြီး ကုန်တင်ကုန်ချလုပ်တဲ့ ကိုယ့်နိုင်ငံသားတွေက အများကြီးဖြစ်နေတာလေ။ နယ်ပယ်စုံမှာ ကျွန်တော်တို့ နစ်နာတာပါ”ဟု သွားပို့ – သွားသယ်နေရခြင်းကြောင့် နစ်နာနေရသည့်အချက်ကို ဦးအောင်ကျော်မိုးက ထောက်ပြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် ယင်းအခက်အခဲကို တင်ပြထားပြီး အတတ်နိုင်ဆုံးညှိနှိုင်းပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုသဖြင့် လမ်းစပွင့်လာပြီဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းပြဿနာသည် မူဆယ်ဒေသရှိ ကုန်သည်များက ဖြေရှင်းနိုင်သည့် ပြဿနာမဟုတ်။ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းလုပ်ဆောင်မှသာ ရရှိနိုင်မည့် ပြဿနာဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ် ဆိုသည်။

“ဒါကို ပြေလည်ဖို့ ကြိုးစားတာကြာလှပါပြီ။ လမ်းစကို မမြင်ရသေးတာပါ။ နှစ်နိုင်ငံချင်း ညှိနှိုင်းရမှာပါ။ သူ့နိုင်ငံက နိုင်ငံသားဥပဒေ၊ ပြည်ဝင်ခွင့်ထွက်ခွင့် ဥပဒေ၊ သူတို့ ကားတွေက ကျွန်တော်တို့ဘက် ဝင်လာရင် ထားရှိနိုင်မယ့် ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ ဒါတွေ အများကြီးလိုတယ်”ဟု ၎င်းက သုံးသပ်သည်။

ယင်းအခက်အခဲအပေါ် စီးပွား/ကူးသန်းမှလည်း ပြေလည်အောင်ဖြေရှင်းနိုင်ရန်ဆောင်ရွက်နေသည်ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

“ကိုယ့်နိုင်ငံဈေးကွက်ဖြစ်ဖို့ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။

ဥပမာ – မူဆယ်ရှိ ဆန်ကုန်စည်ဒိုင်တွင် ဆန်အရောင်းအဝယ်ဖြစ်ရန် ဆောင်ရွက်ပေးပြီး တစ်ဖက်နိုင်ငံမှ ဆန်များ အကြွေးဖြင့် ဝယ်ယူသွားသဖြင့် ငွေဆုံးရှုံးလိုက်ရခြင်းမျိုးရှိသည်။ ယင်းကြောင့် ဝန်ကြီးဌာနအနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှု အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာဌာနအလိုက် အောက်ခြေအဆင့်၊ အထက်အဆင့်များ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်နေကြောင်း ဦးခင်မောင်လွင်က ရှင်းပြသည်။

အနာနှင့် သင့်လျော်သည့် ဆေးလိုသည်

မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ သစ်သီးဝလံနှင့် ကျွဲ၊ နွား၊ ဆိတ်စသည်တို့ကို တင်ပို့မှုများရှိပြီး တရုတ်ကမူ လူသုံးကုန်နှင့် အစားအစာမျိုးစုံကို နေ့စဉ်တင်သွင်းလျက်ရှိသည်။

တရုတ်နိုင်ငံယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲသည် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနှင့် အဓိကကုန်သွယ် မှုပြုလုပ်နေပြီး မြန်မာ့ပို့ကုန်များသည် တက်ဟုန်းပြည်နယ်ခွဲမှတစ်ဆင့် တရုတ်ပြည်မကြီးအတွင်းသို့ စီးဆင်းသည်။

မြန်မာ – တရုတ်ကုန်သွယ်ရေးကဏ္ဍတိုးတက်စေရန်အတွက် ရန်ကုန်မြို့ လှိုင် မြို့နယ်တွင် တက်ဟုန်းကုန်သည်ကြီးများ အသင်းရုံးခန်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံကုန်သည်များ နားလည်မှုဖလှယ်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရန်ဟု ယင်းအသင်းဒါရိုက်တာ Mr Li Qigui  က ဆိုသည်။

တက်ဟုန်းကုန်သည်ကြီးများအသင်းသည် မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးခွဲများကို ၂၀၁၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး လက်ရှိတွင် လားရှိုး၊ မြစ်ကြီးနား၊ မန္တလေးနှင့် နေပြည်တော်ရုံးခွဲများကို ဖွင့်လှစ်ထားပြီးလည်း ဖြစ်သည်။

ယင်းသို့ တရုတ်ဘက်မှ ကုန်သွယ်မှု တိုးမြှင့်ရန်မျက်ရိပ်ပြလာချိန်တွင် စီးပွား/ကူးသန်း၏ စာရင်းများအရ ဒီဇင်ဘာလ ပထမပတ်အထိ မူဆယ်နယ်စပ်၏ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာသန်း ၆၉၀ ခန့် ရှိသည်။ ကာလတူ ကုန်သွယ်မှုနှိုင်းယှဉ်လျှင် ယခင်နှစ်ထက် ကန်ဒေါ်လာသန်း ၃၆၀ ခန့် လျော့ကျသွားခဲ့သည်ဟု ဆိုသည်။

တရုတ်သို့ တင်ပို့ရန် အခက်အခဲဖြစ်နေပ်ါနေချိန် ယင်းသို့ တင်ပို့နိုင်ရန်စောင့်ဆိုင်းနေသည့် ဖရဲသီးတင်ယာဉ်နှစ်စီးကို ဇန်နဝါရီလ ၈ ရက် ညပိုင်းက နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (မူဆယ်)မှ ဖမ်းဆီးခဲ့ခြင်းက ဖရဲတောင်သူများအကြား ထိတ်လန့်ဖွယ်သတင်းဖြစ်ခဲ့သည်။

စီးပွာ/ကူးသန်း၏ ထုတ်ပြန်ချက်အရမူ တရားဝင်စာရွက်စာတမ်း၊ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသည့် ဖရဲသီးများ တင်ဆောင်ထားသည်ကို တွေ့ရသဖြင့် ဖမ်းဆီးခြင်းဟုဆိုသည်။

ကျင်စန်းကျော့ဂိတ် ခေတ္တပိတ်ထားစဉ် မူဆယ် ၁၀၅ မိုင်ရှိ ဖရဲသခွားရောင်းချကွင်းကို နှစ်ရက်ခြား သုံးရက်ခြား ဖွင့်လှစ်ရောင်းချနေရပြီး ရက်ကြာပြီး အထားမခံတော့သည့် ဖရဲသီးယာဉ်များကို အချိန်မီတင်ပို့နိုင်ရန် ဦးစားပေးတန်းစီစနစ်ဖြင့် ထားသည့် အဆိုပါယာဉ်နှစ်စီးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ခွာညိုသစ်သီးရောင်းဝယ်ရေးကုမ္ပဏီမှ သိရသည်။ ယာဉ်များမှာ တရုတ်နိုင်ငံသို့ သစ်သီးရောင်းချနိုင်ရန် ခွာညိုကုမ္ပဏီသို့ အပ်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့က ၁၀၅ မိုင်မှာ တရားဝင်ပို့ကုန် ဂျူတီဆောင်ရတယ်။ နယ်စပ်ဂိတ်ပေါက်မှာ အစစ်ဆေးခံရတယ်။ ဒီလိုပဲ သွားနေကျပါ။ အဲဒါကို အကြောင်းမဲ့ဖမ်းဆီးခံရတော့ ကျွန်တော်တို့ကုမ္ပဏီရဲ့ သိက္ခာလည်း ကျတယ်။ တောင်သူလည်း နစ်နာတယ်။ အခု အဲဒီကားတွေကိုnနေပူ မိုးရွာဒီအတိုင်း ပစ်ထားရပြီ”ဟု ခွာညိုသစ်သီးရောင်းဝယ်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုင်းခင်မောင်က ဆိုသည်။

ဖရဲသီးရာသီအချိန်တွင်ဖ ရဲသီးများကို အကြောင်းအမျိုးမျိုးကြောင့် လွတ်လပ်စွာတင်ပို့ခွင့်မရခြင်းသည် မြန်မာ့ကုန်သွယ်မှုကို ထိခိုက်စေမည်ဖြစ်ပြီး မကြာမီရောက်လာမည့် သရက်သီးရာသီအတွက် သတိပေးသည့် ခေါင်းလောင်းသံလည်း ဖြစ်သည်။

နယ်စပ်တွင် ဖြစ်ပေါ်သည့် အခြေအနေများကို တရုတ်ကုန်သည်တို့ဘက်မှလည်း မနှစ်သက်ဘဲ ပုံမှန်ကုန်သွယ်မှုမျိုးကိုသာ လိုလားကြကြောင်း မူဆယ်မြို့ရှိ မြန်မာကုန်သည်တို့က ပြောသည်။ ယင်းအပြင် လမ်းပန်းသာသည့် ကျင်စန်းကျော့ ဂိတ်ကို တရားဝင်ဖြစ်ရန် တရုတ်ဘက်မှလည်း လိုလားနေကြောင်း စီးပွား/ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

ပေါက်ဖောက်ကြီးတို့နှင့် ကုန်သွယ်မှုပြုရာတွင် မြန်မာတို့ဘက်မှ ဖြစ်ပေါ်သည့် ဒဏ်ရာတို့ကို ဆေးမြီးတိုဖြင့် ကုသနေမည့် အစား အနာနှင့် သင့်လျော်သည့် ဆေးများကို အမြန်ဖော်စပ်ရန်လိုအပ်လေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *