တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် စိတ်ကျန်းမာရေး စစ်တမ်းကောက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံတွင် မည်ကဲ့သို့ စိတ်ကျန်းမာရေးပြဿနာများ ရှိနေကြောင်းကို သိရှိရန် တစ်နိုင်ငံလုံးကို လွှမ်းခြုံမည့်  စိတ်ကျန်းမာရေးသုတေသနစစ်တမ်း  ယခုနှစ်အတွင်း ကောက်ယူမည်ဖြစ်ကြောင်း ဆေးတက္ကသိုလ် (၁) ရန်ကုန်စိတ်ပညာဌာနမှဌာနမှူး၊ ပါမောက္ခဒေါက်တာတင်ဦးက ပြောကြားသည်။

စစ်တမ်းကောက်ယူမည့် မြို့နယ်များကို မကြာမီမဲနှိုက်ရွေးချယ်သွားမည်ဟု   ၎င်းက ပြောဆိုသည်။

“ဒီနှစ်က ကျန်းမာရေးဝန်ကြီးဌာနကို မတင်ရသေးဘူးပေါ့။ မြန်မာနိုင်ငံမှာ ဘယ်လိုမျိုးပြဿနာတွေရှိလဲဆိုတာ ရန်ကုန် တစ်နေရာတည်းလုပ်လို့ မရဘူးလေ။ အောက်မြန်မာပြည်လည်း ပါမယ်။ အထက်မြန်မာပြည်လည်း ပါမယ်”ဟု ပါမောက္ခဒေါက်တာတင်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက လှိုင်သာယာမြို့နယ်တွင် လူပေါင်း ၃၀၀၀ ခန့်ကို စိတ်ကျန်းမာရေးဆိုင်ရာစစ်တမ်း  တစ်ခု ကောက်ယူခဲ့ရာ လူ ၁၀၀ တွင် တစ်ယောက်မှာ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများခံစားနေရကြောင်း ၎င်းက ပြောကြားသည်။

“လူတစ်ထောင်မှာ ရှစ်ယောက်၊ ကိုးယောက်ပဲ ရှိတယ်။ စိတ်ဓာတ်ကျတာ ဆိုရင်လည်း တစ်ရာမှာ တစ်ယောက်ပေါ့။ ဒါ survey လုပ်လို့ ထွက်လာတာပေါ့။ ဒီထက်မကလည်း စိတ်ဓာတ်ကျတာ ပိုရှိနိုင်တယ်”ဟု ပါမောက္ခဒေါက်တာတင်ဦးက ပြောကြားသည်။

သုတေသနစစ်တမ်းကောက်ရန် အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ပြီး စိတ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မူဝါဒကိုလည်း ယခုနှစ်တွင် ထွက်ပေါ်လာနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

“လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရလို့ ယုံကြည်မှုဖျက်ခံလိုက်ရလို့လာတဲ့ အမျိုးသမီးတွေရှိသလို အဓိက လာကြတာက စိတ်ဖိစီးမှုများပြီးတော့ စိတ်ဓာတ်ကျတဲ့သူတွေ လာတာများတယ်” ဟု နှစ်သိမ့်ဆွေးနွေးပညာမျှဝေရေးစင်တာ (ရန်ကုန်) မှ နှစ်သိမ့်ဆွေးနွေးပညာပေးသူ မစုမြတ်ထက်က ပြောကြားသည်။

မစုမြတ်ထက်သည် အဆိုပါစင်တာသို့ လာရောက်ကာ နှစ်သိမ့်ဆွေးနွေးမှုခံယူကြသူများနှင့် ပတ်သက်ကာ အထက်ပါအတိုင်း မှတ်ချက်ပေးခြင်းဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *