သတင်းမီဒီယာကောင်စီ၏ စစ်ဆေးခွင့်ကို ဆန်းစစ်ခြင်း

ဓာတ်ပုံ - မိုးကျော်လွင်

ရတနာပုံတက္ကသိုလ်မှ ပါမောက္ခဌာနမှူးနှင့် သတင်းသမားများအကြားက ပြဿနာအပေါ် စုံစမ်းစစ်ဆေးမှုကို တက္ကသိုလ်ဆရာအသိုင်းအဝိုင်းက ကန့်ကွက်နေကြသည်။

စုံစမ်းစစ်ဆေးမှုကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကိုယ်စားလှယ် ငါးဦးဖြင့် ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မတီက တာဝန်ယူဆောင်ရွက်နေပြီး ရတနာပုံတက္ကသိုလ်မှ ပါမောက္ခဌာနမှူး အပါအဝင် သတင်းသမားများကိုပါ စုံစမ်းမေးမြန်းရန် ကြိုးစားခဲ့သည်။

စုံစမ်းစစ်ဆေးမှုတွင် နိုင်ငံ့ဝန်ထမ်းဖြစ်သော ပါမောက္ခဌာနမှူးကို စစ်ဆေးရန်ပါဝင်နေခြင်းကို တက္ကသိုလ်ဆရာ၊ ဆရာမအသိုင်းအဝိုင်းက လက်မခံဘဲ ကန့်ကွက်ခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦးအပေါ် စစ်ဆေးမှုကို သက်ဆိုင်ရာဝန်ကြီးဌာနကသာ ဆောင်ရွက်ခွင့်ရှိကြောင်း ပြောဆိုထားကြသည်။

သတင်းမီဒီယာကောင်စီကမူ စုံစမ်းစစ်ဆေးမှုသည် သတင်းမီဒီယာနည်းဥပဒေအခန်း (၅) ပုဒ်မ ၂၀ (ဂ) တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်အတိုင်း အများပြည်သူကို ထုတ်ပြန်ရန် စုံစမ်းခြင်းဖြစ်ပြီးစုံစမ်းမှု လုပ်ပိုင်ခွင့်ရှိကြောင်း ချေပထားသည်။

သို့ဖြစ်ရာ သတင်းမီဒီယာကောင်စီက နိုင်ငံ့ဝန်ထမ်းအပေါ် စုံစမ်းစစ်ဆေးခွင့်ရှိ မရှိကို တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် သတင်းသမားများအကြားတွင် အငြင်းပွားလျက်ရှိသည်။

အငြင်းပွားမှု နိဒါန်း

ထိုသို့အငြင်းပွားမှုများဖြစ်ပေါ်လာစေသည့် မူလအရင်းခံအကြောင်းတရားရှိသည်။ ယင်းအဖြစ်အပျက်မှာ ပြီးခဲ့သည် ဒီဇင်ဘာလ ၂၈ ရက်က မန္တလေးမြို့ ရတနာပုံတက္ကသိုလ်အရှေ့၌ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗ.က.သ) က ဆောင်ရွက်ခဲ့သော မန္တလေးတိုင်းဝန်ကြီးချုပ် ဈာပနသရုပ်ဖော်ပွဲမှ စတင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါသရုပ်ဖော်ပွဲတွင် သတင်းယူနေသော မန္တလေးအခြေစိုက်သတင်းသမားများကို ရတနာပုံတက္ကသိုလ်၊ အဏုဇီဝဗေဒဌာနမှူး ပါမောက္ခဒေါက်တာ ခင်သက်ကျော်က နှုတ်ဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းကြောင့် မန္တလေးအခြေစိုက်သတင်းသမားများက သတင်းမီဒီယာကောင်စီသို့ တိုင်တန်းခြင်းဖြစ်သည်။

ဆရာမ၏ ခြိမ်းခြောက်ပြောဆိုမှုသည် သတင်းသမားများ၏ သတင်းရယူပိုင်ခွင့်ကို ပိတ်ပင်ရာရောက်သဖြင့် ဖြေရှင်းပေးရန် ဇန်နဝါရီလပထမပတ်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲ၌ သတင်းသမားများသတင်းရယူနေစဉ် ဒေါက်တာခင်သက်ကျော်က “ရိုက်၊ ရိုက်။ မြှောက်ပင့်ပေးတဲ့ သတင်းထောက်တွေကို ရိုက်။ စပွန်ဆာရလို့ လုပ်စားနေတဲ့ ကောင်တွေ။ အဲဒီလူတွေကို ရိုက်။ ကလေးတွေကို မြှောက်ထိုးပင့်ကော်နဲ့ လမ်းမှားရောက်အောင် လုပ်နေတဲ့လူတွေကို ရိုက်”ဟု ပြောဆိုခဲ့ကြောင်း မန္တလေးအခြေစိုက် သတင်းသမားများအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ကိုလင်းထူးက ပြောဆိုသည်။

တိုင်ကြားချက်မှန်ကန်မှုရှိ မရှိကို သိရှိနိုင်ရန် သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ ဇန်နဝါရီ ၅ ရက်တွင် စတင်စုံစမ်းစစ်ဆေးခြင်းဖြစ်သည်။ အဆိုပါ ကော်မတီနှင့် တွေ့ဆုံကာ ဖြေရှင်းချက်ပေးရန် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်က ငြင်းဆိုထားသည်။

စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းပြီးပါက အဖြစ်အပျက်ကို အစီရင်ခံစာရေးသားကာ သတင်းမီဒီယာကောင်စီသို့ တင်ပြရမည်ဖြစ်ပြီး သတင်းမီဒီယာကောင်စီက အများပြည်သူသိရှိစေရန် ထုတ်ပြန်မည် ဖြစ်သည်။

သို့သော် စစ်ဆေးမည်ဟူသော စကားရပ်အပါအဝင် ကော်မတီဖွဲ့စစ်ဆေးမှုကို ရတနာပုံတက္ကသိုလ်ဆရာ၊ ဆရာမများ အစည်းအရုံးက လက်မခံဘဲ ဇန်နဝါရီလ ၇ ရက်တွင် ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့သည်။ စုံစမ်းစစ်ဆေးဆိုသည့် စကားရပ်သည် ကောင်စီအနေနှင့် လုပ်ပိုင် ခွင့်ကို ကျော်လွန်ကျင့်သုံးရာရောက်ပြီး နိုင်ငံ့ဝန်ထမ်း၏ ဂုဏ်သိက္ခာကို ထိပါးသည့်သဘော သက်ရောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဆေးခွင့်ရှိ မရှိ

တက္ကသိုလ်ဆရာ၊ ဆရာမအသိုင်းအဝိုင်းတွင် သတင်းမီဒီယာကောင်စီ၏ စုံစမ်းမှုကို လက်ခံသော်လည်း စစ်ဆေးဆိုသော စကားရပ်အပါအဝင်စစ်ဆေးရန်  ကြိုးပမ်းမှုကို လက်မခံကြပေ။

“ပြင်ပအဖွဲ့အစည်းတစ်ခုကနေ ဆရာ၊ ဆရာမတွေကို စစ်ဆေးမယ်ဆိုတဲ့ အသုံးအနှုန်းက လက်ခံနိုင်စရာ မရှိဘူးပေါ့။ အခု စစ်ဆေးတယ်ဆိုတာက အထက်စီးက ပြောတဲ့သဘော ရှိတာပေါ့”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်  (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း က မှတ်ချက်ပေးသည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦးကို သက်ဆိုင်ရာမိခင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါဘဲ စစ်ဆေးမည်ဆိုခြင်းကို ကန့်ကွက်ကြောင်း MTF ၏ အတွင်းရေးမှူးလည်းဖြစ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကထိကလည်းဖြစ်သူ ဒေါက်တာဇော်မျိုးလှိုင်က ပြောဆိုသည်။

“စုံစမ်းစစ်ဆေးတယ်ဆိုတဲ့ စကားလုံးက တရားခံတစ်ယောက်ကို သုံးတဲ့ စကားလုံးမျိုး သုံးထားတယ်။ ဆရာတွေဘက်က တန်ပြန်ပြီးတော့ ဒီထက်ပြင်းထန်တာတွေလည်း မလုပ်ချင်လို့ ဥပဒေအချက်အလက်တွေကိုပဲ ထောက်ပြလိုက်တဲ့ သဘော”ဟု ၎င်းက ဆိုသည်။

ပြည်သူ့ရဲတပ်ဖွဲ့ပင်လျှင် အရာထမ်းများကို တရားစွဲဆိုမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်တောင်းခံရပြီး ဝန်ကြီးဌာနခွင့်ပြုမှသာ တရားစွဲနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းကလည်း မီဒီယာကောင်စီ၏ လုပ်ရပ်သည်လုပ်ပိုင်ခွင့်ကျော်လွန်နေကြောင်း ပြောဆိုသည်။

“ဝန်ထမ်းကို ကျွန်တော်တို့က အကာအကွယ်တောင် ပေးရဦးမယ်။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်ကို အဲဒီလို လုပ်လို့ မရဘူး”ဟု ၎င်းက မှတ်ချက်ပေးသည်။

လက်ရှိဖြစ်ပေါ်နေသော အငြင်းပွားမှုသည် သတင်းသမားများနှင့် တက္ကသိုလ်ဆရာများကြားတွင် ပဋိပက္ခဖြစ်နေခြင်း မဟုတ်ဘဲ စကားရပ်အငြင်းပွားမှုသာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီတွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ဆိုသည်။

“အဖြစ်အပျက်ဘယ်လိုဖြစ်ပျက်တယ်ဆိုတာကို စုံစမ်းမေးမြန်းတယ်ပဲ ပြောပြော၊ စုံစမ်းစစ်ဆေးတယ်ပဲပြောပြော။ သူတို့က ဒီစကားလုံးအပေါ်မှာ Sensitive (အကဲဆတ်) ဖြစ်တယ်ပေါ့။ ဒီဟာက လုပ်ထုံးလုပ်နည်းပြဿနာထက်ကို ရပ်တည်မှုနဲ့ မီဒီယာအပေါ်မှာထားတဲ့ သဘောထားလို့ ထင်တယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

စုံစမ်းစစ်ဆေးခြင်းသည် သတင်းသမားများနှင့် ရတနာပုံတက္ကသိုလ်ဆရာမတို့၏ ပြဿနာမည်ကဲ့သို့ဖြစ်ခဲ့သည်ကို သိရှိစေရန်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ဦးမြင့်ကျော်က ပြောဆိုသည်။

“အစိုးရအဖွဲ့အစည်းတွေက မီဒီယာရဲ့သတင်းရယူခွင့်ဆိုတာကို နားမလည်တာပေါ့။ အဲဒါကို ကောင်စီအနေနဲ့လည်း ပြောရမယ့် ဝတ္တရားရှိတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ သတင်းသမားတွေ ဖောက်ဖျက်ရင်လည်း ကောင်စီကတော့ ပြောရမယ့် ဝတ္တရားရှိတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သတင်းမီဒီယာကောင်စီသည် နိုင်ငံတော်သမ္မတကိုယ်တိုင် ဖွဲ့စည်းထားသော သီးခြားလွတ်လပ်သည့် အဖွဲ့တစ်ခု  ဖြစ်ပြီး သတင်းကိစ္စနှင့်ပတ်သက်၍ မည်သူမဆို တိုင်ကြားလာပါက စစ်ဆေးပေးရကြောင်း ၎င်းက ဆိုသည်။

ဥပဒေ၏ အားနည်းချက်လော

သတင်းသမားများနှင့် ရတနာပုံတက္ကသိုလ်မှ ဆရာမတို့အကြား ပြဿနာ ကို သတင်းမီဒီယာကောင်စီက ကြားဝင်ဖြေရှင်းပေးရန် ကြိုးစားခြင်းအား ကြိုဆိုသော်လည်း စစ်ဆေးဆိုသည့် စကားရပ် သုံးနှုန်းမှုအပေါ် မနှစ်သက်သော သတင်းမီဒီယာသမားအချို့လည်း ရှိသည်။

စစ်ဆေးဆိုသည့် စကားရပ် အပါအဝင် စစ်ဆေးခြင်းကို အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများကသာ ဆောင်ရွက်ခွင့်ရှိကြောင်း ပြောဆိုသူက သတင်းစာဆရာဦးသီဟသွေး ဖြစ်သည်။

“ကြားဝင်ညှိနှိုင်းပေးတာမျိုးကတော့ မီဒီယာကောင်စီက လုပ်ခွင့်ရှိတယ်။ ညှိနှိုင်းဆောင်ရွက်ပေးတယ်။ အဖြေရှာပေးတယ်ဆိုတဲ့ ကိစ္စကိုပဲ လုပ်နိုင်မယ်လို့မြင်တယ်။ အဲဒါပဲလုပ်ပေးရင် မနည်းအကျိုးရှိလာမှာပါ”

သို့သော် ဥပဒေပညာရှင်အချို့ကမူ သတင်းမီဒီယာဥပဒေတွင်စစ်ဆေးခွင့်ရှိသည်ဟု မပြဋ္ဌာန်းထားသော်လည်း သတင်းမီဒီယာကောင်စီတွင် စုံစမ်းစစ်ဆေးနိုင်သည့် အခွင့်အာဏာရှိကြောင်း မှတ်ချက်ပေးသည်။

သတင်းမီဒီယာကောင်စီသည် လူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ကဲ့သို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောကြားသည်။

“သတင်းမီဒီယာဥပဒေထဲမှာ မပါရုံနဲ့ လုပ်ခွင့်မရှိဘူးလို့ ပြောလို့မရပါဘူး။ ကောင်စီသည် ပြည်ထောင်စုအဆင့် ကော်မရှင်တစ်ခုဖြစ်တဲ့အတွက် သူ့မှာ စုံစမ်းစစ်ဆေးခွင့်ရှိတယ်။ သက်သေတွေ ခေါ်ယူခွင့်ရှိတယ်။ ဒါကို ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်ရှိပါတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

သတင်းသမားများက နိုင်ငံ့ဝန်ထမ်းပါမောက္ခတစ်ဦးကို တရားမစွဲဘဲ သတင်းမီဒီယာကောင်စီမှ တစ်ဆင့် လူမှုရေးအရ ညှိနှိုင်းသည့်လမ်းကြောင်းကို ရွေးချယ်ခဲ့သောကြောင့် သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း ဦးခင်မောင်မြင့်က သူ့အမြင်ကို ပြောဆိုသည်။

စစ်ဆေးသည်ဆိုသည့် စကားရပ်အပေါ် သတင်းသမားများနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများအကြား အငြင်းပွားမှု ပေါ်ပေါက်လာရသည်မှာ သတင်းမီဒီယာဥပဒေတွင် အားနည်းချက်များ ရှိနေသောကြောင့်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သတင်းမီဒီယာဥပဒေတွင် သတင်းမီဒီယာကောင်စီသည် မည်သည့်အခြေအနေ၌ မည်မျှလုပ်ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းမထားသဖြင့် ယခုကဲ့သို့ အငြင်းပွားမှုများဖြစ်လာရပြီး ထို့ကြောင့် သတင်းမီဒီယာ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန်လိုအပ်နေကြောင်း ဦးခင်မောင်မြင့်က ထောက်ပြသည်။

အငြင်းပွားမှုများရှိနေသော်လည်း စုံစမ်းစစ်ဆေးရေးကော်မတီကမူ စုံစမ်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်  ဖြစ်ပြီး တွေ့ရှိချက်များကို ကောင်စီထံ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါကောင်စီထံမှ သိရသည်။

စုံစမ်းစစ်ဆေးဆိုသည့် စကားရပ်ပြန်လည်ပြင်ဆင်ပေးရန် တက္ကသိုလ်ဆရာ၊ဆရာမအသိုင်းအဝိုင်းက တောင်းဆိုထား သော်လည်း သတင်းမီဒီယာကောင်စီဘက်က ပြောင်းလဲပေးရန် မသေချာသေးပေ။

ဆရာ၊ဆရာမများ၏ တောင်းဆိုမှုအတိုင်း ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိကို ဦးမြင့်ကျော်ထံ မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဆိုသည်။

“ပြောင်းမယ်။ မပြောင်းဘူးဆိုတာက ကောင်စီမှာ အစည်းအဝေးထိုင် တိုင်ပင်ပြီးမှ ပြောလို့ရပါလိမ့်မယ်။ သူတို့ဘက်က ကောင်စီကို လိပ်မူပြီး စာပို့ဖို့တော့ လိုမှာပေါ့။ သူတို့ ထုတ်ပြန်တာက လူထုသိအောင် ထုတ်ပြန်တာလို့ပဲ သဘောပေါက်ပါတယ်”

ဇင်လင်းထက် ၊ မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *