“ရာထူးဝန်အဖွဲ့က တာဝန်ယူရမယ်၊ တောင်းပန်ရမယ်”

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ပတက္ကသိုလ်အတုနှစ်ခု ပူးပေါင်းမှုအကြောင်း ဖော်ထုတ်ရေးသားသူ ကိုနေယံဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် သက်ဆိုင်ရာနိုင်ငံအလိုက်ပညာရေးဌာနများက အသိအမှတ်မပြုသော ပြည်ပတက္ကသိုလ်အတုနှစ်ခုတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ အဆင့်မြင့်အရာရှိများကို သင်တန်းပေးနေကြောင်း သုတေသနပြုကာ ကိုနေယံဦးက လူမှုကွန်ရက် Facebook တွင် ဖော်ထုတ်ရေးသားခဲ့သည်။ ထိုကိစ္စသည် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လာခဲ့ပြီးနောက် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် အဆိုပါတက္ကသိုလ်နှစ်ခုတို့၏ ပူးပေါင်းမှုကို ဇန်နဝါရီလ ၄ ရက်မှစ၍ ရပ်ဆိုင်းကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတည်ဆောက်ရေးတွင် အရွေ့တစ်ခုဖြစ်မြောက်ရေး ဝိုင်းဝန်းတွန်းပို့ခဲ့သူ ကိုနေယံဦးနှင့် The Voice Journal က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

(ကိုနေယံဦးသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ နိုင်ငံတကာလေ့လာရေး သုတေသနအဖွဲ့တစ်ခုဖြစ်သော Pacific Forum တွင် မြန်မာ့အရေးလေ့လာသူ သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အင်္ဂလန်ရှိ အောက်စဖို့ဒ်တက္ကသိုလ်တွင် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တက်ရောက်သင်ကြားနေသူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်ရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် Northern Illinois University မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ရရှိထားသူလည်းဖြစ်သည်။)

The Voice Journal – ဘာကြောင့် ရာထူးဝန်အဖွဲ့ နဲ့ အဲဒီတက္ကသိုလ်တွေရဲ့ ချိတ်ဆက်မှုအကြောင်း၊ ဦးဝင်းသိမ်းရဲ့ ဘွဲ့အကြောင်းကို ဆောင်းပါးရေးသား ထောက်ပြရတာပါလဲခင်ဗျာ။ ဘယ်လို စေ့ဆော်မှုကြောင့်လဲဗျ။

KNYO – ဘာကြောင့် ဖော်ထုတ်ရတာလဲဆိုရင် ဒီအကြောင်းတွေကို ကျွန်တော် ဘယ်လိုစသိလာတာလဲကနေ အရင်ဆုံးပြောဖို့လိုတယ်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နဲ့ ဟာဝိုင်ယီက Akamai University ၊ မလေးရှားက EDS Business School တို့တွဲပြီး အလုပ်လုပ်နေတယ်ဆိုတာ ကျွန်တော် ပထမဆုံးအကြိမ် စသိလာတာက ၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ ။ (နေ့ရက်အတိအကျမှတ်မိတာတော့ မဟုတ်ပါဘူး။ အခုမှပြန်ရှာရင်း အဲဒီနေ့ဆိုတာ တွေ့လို့ ပြောနိုင်တာပါ။) အောက်တိုဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဖောင်ကြီးမှာ အရာထမ်းလောင်းအခြေခံ (အထူး)သင်တန်း အမှတ်စဉ် (၈) ဖွင့်ကြောင်း သတင်းဖော်ပြတယ်။ ရာထူးဝန်ဥက္ကဋ္ဌ ဦးဝင်းသိမ်းက သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောတော့ Akamai University ၊ EDS Business School တို့နဲ့ ရာထူးဝန်အဖွဲ့ကတွဲပြီး အစိုးရဝန်ထမ်းတွေကို မာစတာဘွဲ့တွေ ချီးမြှင့်တော့မယ့်အကြောင်း ရှင်းပြတယ်။ အဲဒါ ကြေးမုံမှာ သတင်းပါလာတာ။ အဲဒီသတင်းစာကို ဝါရှင်တန်ဒီစီ VOA မြန်မာပိုင်းဌာနမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုလွင်ငြိမ်းချမ်းကျော်က Facebook ပေါ်တင်လိုက်တယ်။ တင်တာက Public ဖွင့်ပြီး တင်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့သူငယ်ချင်းတွေချည်းပဲ သီးသန့်စုဖွဲ့ထားတဲ့ Facebook Group မှာတင်တာ။ ဒါက ကျောင်းအစစ်မဟုတ်လောက်ဘူးဆိုပြီး သူကရေးပြီးတင်တာ။ ကျွန်တော်က အဲဒီအချိန်မှာ ဟာဝိုင်ယီမှာရှိတဲ့ နိုင်ငံတကာလေ့လာရေးသုတေသနအဖွဲ့တစ်ခုမှာ မြန်မာ့အရေးလေ့လာသူ သုတေသီအဖြစ် အလုပ်လုပ်နေတာ။ ဟာဝိုင်ယီက ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းတွေဆိုတော့ ဒီလောက်ကျယ်လှတာ မဟုတ်ဘူး။ တစ်ခုခုဆို အကုန်သိသလိုဖြစ်နေတာ။ ရာထူးဝန်နဲ့တွဲလုပ်နေတဲ့ Akamai University ဆိုတာ စစ်မှန်တဲ့ တက္ကသိုလ်မဟုတ်မှန်း ကျွန်တော်သိတယ်။ ဘယ်လိုသိလဲဆို ကျွန်တော်က ဟာဝိုင်ယီမှာရှိနေတာကိုး။ အဲဒီတော့ ဘယ်တက္ကသိုလ်က အစစ်၊ ဘယ်တက္ကသိုလ်ကတော့ စိတ်မချရဘူးလဲဆိုတာ ကျွန်တော်ပြောနိုင်တာပေါ့။ ဒါက ၂၀၁၇ အောက်တိုဘာပေါ့။ နောက်တစ်ခါ ဒီအကြောင်း ဆက်ပြောဖြစ်တာက ၂၀၁၈ ဖေဖော်ဝါရီမှာ။ ပထမတစ်ခါလိုပဲ ဝန်ကြီးဦးဝင်းသိမ်းက အရာထမ်းစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲတစ်ခုမှာ မိန့်ခွန်းပြောတယ်။ Akamai University ၊ EDS Business School တို့နဲ့ တွဲပြီး ရာထူးဝန်အဖွဲ့က အလုပ်လုပ်နေပါကြောင်း သူကထပ်ပြောတယ်။ ဒါကို အစိုးရသတင်းစာက ရေးတယ်။ အဲဒီသတင်းစာကို ကျွန်တော့်အသိတစ်ယောက်က Facebook ပေါ်တင်တယ်။ တင်တဲ့သူက ISP Myanmar က ဆရာအောင်သူငြိမ်း။ သူက Publice ဖွင့်ပြီးတင်တယ်။ ဒီတစ်ခါတော့ ကျွန်တော်က ဖတ်ရုံတင်မကတော့ဘူး။ ဆရာဦးအောင်သူငြိမ်းပိုစ့်အောက်မှာ ကောမန့်သွားရေးဖြစ်တယ်။ ပြောချင်တာက ကျွန်တော်တို့ ဒီကိစ္စတွေသိနေတာ အခုမှမဟုတ်ဘူး။ ၂၀၁၇-၁၈ လောက်ထဲကပဲ။ အဲဒီထဲက မပြောဘူးလားဆိုတော့ ပြောတယ်။ ဥပမာ ကိုလွင်ငြိမ်းချမ်းကျော်ဆိုရင် လွှတ်တော်အမတ်တွေ၊ NGO သမားတွေကတစ်ဆင့် ရာထူးဝန်အဖွဲ့ကို ဒီတက္ကသိုလ်တွေနဲ့ တွဲမလုပ်ဖို့ ပြောဖူးတယ်။ ကျွန်တော်လည်း သတင်းစာတွေက သတင်းရေးနိုင်အောင် အယ်ဒီတာတွေနဲ့ပြောဖြစ်တယ်။ ဒါပေမဲ့ အခုလောက်ကြီး ထိထိရောက်ရောက်တော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်ထင်တာက ဒီတက္ကသိုလ်နှစ်ခုအကြောင်းကို ရာထူးဝန်အဖွဲ့က သေသေချာချာမသိဘဲ၊ နားမလည်လို့ ပူးပေါင်းဆောင်ရွက်နေတယ်ပေါ့။ အဲဒီလောက်ပဲ ထင်တာ။ နောက်တော့ ဒေါက်တာစိုးသူရဇော်ရဲ့ ဇီးပင်ကြီးစစ်တမ်းကိစ္စ ဖြစ်လာတယ်။ လူတွေက ဒါကို Facebook ပေါ်မှာ ပြောနေကြတယ်။ အဲဒီတော့ ရာထူးဝန်နဲ့ Akamai University အကြောင်းကို ကျွန်တော် ပြန်စိတ်ဝင်စားလာတယ်။ နည်းနည်းရှာဖတ်ကြည့်ဦးမယ်ဆိုပြီး ဖတ်ကြည့်လိုက်တော့ ဦးဝင်းသိမ်းက Akamai University ကနေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရထားမှန်း သိလာတယ်။ Akamai University က ဦးဝင်းသိမ်းကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးတယ်။ ဒါကြောင့် ဦးဝင်းသိမ်းက သူနဲ့တွဲပြီး အလုပ်လုပ်တယ်။ ဒါက လွဲနေပြီ။ ဒီနောက်မှာ သံသယဖြစ်စရာတွေပါနေပြီ။ အဲဒါကို သိသိချင်း ဟာ ဒါဆို ငါရေးမှရတော့မယ်ဆိုပြီး ပထမဆောင်းပါးကို ရေးဖြစ်သွားတာ။ ပထမဆောင်းပါးရေးတဲ့အထိ ဒီဇာတ်လမ်းမှာ ရာထူးဝန် ဥက္ကဋ္ဌဦးဝင်းသိမ်းရဲ့တူ ဒေါက်တာဝင်းမင်းသိမ်း ပါဝင်မယ်မှန်း မသိဘူး။ ရေးရင်း၊ အချက်အလက်ရှာရင်းနဲ့ တဖြည်းဖြည်းသိလာတာ။ သိလာတော့မှ ဒီကိစ္စက ကျွန်တော်တို့ထင်တာထက် ပိုရှုပ်ထွေးမှန်း နားလည်တော့တာ။ ပထမထင်သလို အရည်အသွေးမမီတဲ့ကျောင်းနှစ်ကျောင်းနဲ့ သာမန်ပဲချိတ်ပြီးလုပ်တာထက် ပိုမှန်း။ ဒီနောက်ကွယ်မှာ မေးခွန်းထုတ်စရာ အကြောင်းအရာတွေ ပါဝင်လာမှန်း သဘောပေါက်တော့တာ။ ဒါကြောင့် လိုအပ်တဲ့အချက်အလက်တွေ ဆက်ရှာပြီး သုတေသနထပ်လုပ်ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထဆောင်းပါးတွေ ဆက်ရေးဖြစ်သွားတာ။ ကိုလွင်ငြိမ်းချမ်းကျော်နဲ့ တခြားသူငယ်ချင်းတစ်ယောက်ကလည်း ကျွန်တော့်ကို လိုတဲ့ အချက်အလက်တွေ ဝိုင်းရှာပေးပါတယ်။ အဲဒီအတွက်လည်း သူ့တိုကို ကျေးဇူးအများကြီးတင်ပါတယ်။

The Voice Journal – အစ်ကိုထောက်ပြတဲ့အထဲမှာ Akamai University နဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းတို့ရဲ့ ဆက်စပ်မှု ပါဝင်နေသလို ဦးဝင်းသိမ်းရဲ့တူဖြစ်တဲ့ ဦးဝင်းမင်းသိမ်းနဲ့ Akamai University တို့ရဲ့ဆက်စပ်မှုလည်းပါ နေတာ တွေ့ရပါတယ်။ ဒါတွေရဲ့ ပတ်သက်မှုက ဘယ်လိုအနေအထားလဲဆိုတာ သုံးသပ်ပေးပါခင်ဗျာ။

KNYO – ဒီလိုဗျ။ ဟာဝိုင်ယီက Akamai University ၊ မလေးရှားက EDS Business School တို့နဲ့ စချိတ်မိတာက ဒေါက်တာဝင်းမင်းသိမ်းဖြစ်ဖို့များတယ်ဗျ။ သူက ၂၀၁၂ မှာ နိုင်ငံခြားကနေပြန်လာပြီး YCTC Business Institute (Yangon City Training Center-YCTC) ဆိုတာကို ထောင်တယ်ဗျာ။ အခုတော့ နာမည်ပြောင်းလိုက်ပြီပေါ့။ Nanyeng International College ဖြစ်သွားပြီ။ ထောင်တော့ သူက ဟိုအဖွဲ့တွေနဲ့ ၂၀၁၃ လောက်မှာ စပြီးချိတ်မိပြီး သင်တန်းတွေ ပူးပေါင်းပေးဖို့ ဆွေးနွေးတာတွေ ရှိတယ်ဗျာ။ နောက်တော့ ၂၀၁၄ မှာ သူ့ရဲ့ဘကြီးဖြစ်သူ ဦးဝင်းသိမ်းကို Akamai University က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးတယ်။ အဲဒီအချိန်မှာ ဦးဝင်းသိမ်းက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်လုပ်နေတာ။ နဂိုက မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းရဲ့ ကျောင်းအုပ်ကြီး။ သူရဦးရွှေမန်းလိုပဲ စစ်တက္ကသိုလ် DSA အပတ်စဉ် (၁၁) ဆင်း။ ၂၀၁၃-၂၀၁၄ လောက်ကတည်းကစပြီး Akamai University ၊ EDS Business School နဲ့ ဦးဝင်းသိမ်း၊ ဒေါက်တာဝင်းမင်းသိမ်းတို့က ပတ်သက်မှုတွေရှိတယ်။ ရွေးကောက်ပွဲအပြီး ၂၀၁၆ ဧပြီမှာ ဦးဝင်းသိမ်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ အဲဒီနှစ်မှာပဲ သူ့ကို ဟာဝိုင်ယီ Akamai University က Outstanding Contributions to the Advancement of His Nation မြန်မာပြည်တိုးတက်မှုအတွက် ထူးထူးချွန်ချွန်ဆောင်ရွက်သောဆုကို ချီးမြှင့်ပါတယ်။ သူ့ရဲ့တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းနဲ့လည်း Akamai University တို့ ပူးပေါင်းပြီး စီးပွားရေး စီမံခန့်ခွဲမှု BBA ဘွဲ့ ပို့ချဖို့အတွက် ပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒါကတော့ ၂၀၁၆ ပေါ့။ ၂၀၁၇-၂၀၁၈ တောက်လျှောက်မှာတော့ ဦးဝင်းသိမ်းစီစဉ်ပေးမှုနဲ့ Akamai၊ EDS တို့ ရာထူးဝန်အဖွဲ့နဲ့ပေါင်းပြီး ဝန်ထမ်းတွေကို သင်တန်းနဲ့ မာစတာဘွဲ့တွေပေးနေပြီ။ Akamai University က ဝန်ကြီးဖြစ်သူ ဦးဝင်းသိမ်းနဲ့ အလုပ်တွဲလုပ်သလို၊ တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းကိုလည်း လက်ထောက်ပါမောက္ခအဖြစ် Asia Program အတွက် တာဝန်ပေးတယ်။ နောက် EDS ကလည်း ဒေါက်တာဝင်းမင်းသိမ်းကို Presidential Award for Distinguished Achievement ဆု ချီးမြှင့်သေးတယ်။ လက်ရှိလည်း ဒေါက်တာဝင်းမင်းသိမ်းက ဗဟိုဝန်ထမ်းတက္ကသိုလ် (သူ့ဘကြီး ဥက္ကဋ္ဌလုပ်နေတဲ့ ဝန်ကြီးဌာနမှာ) ဧည့်ပါမောက္ခအဖြစ် အလုပ်လုပ်နေတယ်။ အဲဒါတွေအကုန်လုံးက ဘာကိုပြနေလဲဆိုရင် သူတို့ကြားထဲမှာ ကြီးမားတဲ့ ပတ်သက်မှုတွေ ရှိနေတယ်ဆိုတာပါပဲ။ ဦးဝင်းသိမ်းက ၂၀၁၃-၂၀၁၄ လောက်ထဲက ဒီအဖွဲ့တွေနဲ့စသိတယ်။ နောက် ဝန်ကြီးဖြစ်လာတော့ ဒီအဖွဲ့တွေနဲ့ပေါင်းပြီး မာစတာဘွဲ့တွေပေးတယ်။ တူဖြစ်သူကလည်း ပါသေးတယ်။ ဒါကြောင့် ဒီနောက်ကွယ်မှာ ဘယ်လို အကျိုးစီးပွားဆက်နွှယ်မှုတွေပါလဲ၊ အဂတိလိုက်စားမှုတွေရှိနိုင်လားဆိုပြီး ပြည်သူတွေက မေးခွန်းထုတ်နေတာပေါ့။

The Voice Journal – ဒီကိစ္စနဲ့ပတ်သက်လို့ အဓိကသက်ဆိုင်တဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကတော့ အများပြည်သူထံ ရှင်းလင်းခြင်းမရှိသေးပါဘူး။ ဘာကြောင့်လို့ ထင်လဲဗျ။ ရာထူးဝန်အဖွဲ့ ဘာလုပ်သင့်တယ်လို့ မြင်လဲ။

KNYO – ရာထူးဝန်အဖွဲ့က Akamai University ၊ EDS Business School တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ အဲဒီတက္ကသိုလ်နှစ်ခုကလည်း အရည်အသွေးမမီတဲ့ တက္ကသိုလ်တွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့မှာ သက်သေပြလို့ရတဲ့ အချက်အလက်တွေ အကုန်ရှိတယ်။ ရာထူးဝန်ဥက္ကဋ္ဌဦးဝင်းသိမ်းရဲ့ တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းတို့နဲ့ ဒီကျောင်းတွေ ၂၀၁၃-၂၀၁၄ ခုနှစ်လောက်ကစပြီး ပတ်သက်ဆက်နွှယ်မှုတွေရှိတယ်ဆိုတာလည်း ကျွန်တော်တို့မှာ ခိုင်လုံတဲ့ ဓာတ်ပုံအထောက်အထားတွေရှိတယ်။ ရှိလို့လည်း ကျွန်တော်တို့က ရာထူးဝန်အဖွဲ့ကို ဒီအကြောင်းတွေ ပြည်သူတွေသိအောင် အမှန်အတိုင်း ဖြေရှင်းခိုင်းတာ။ ဒါပေမဲ့ အခုထက်ထိ ရာထူးဝန်ဘက်ကတော့ ဘာအသံမှ မကြားရသေးဘူး။ မရှင်းသေးဘူး။ မရှင်းတဲ့အပြင် ကျွန်တော့်တို့ရထားတဲ့ သက်သေတွေရဲ့ မူလနေရာတွေကို ဖျက်ဖို့ ကြိုးစားတယ်။ ဥပမာ ရာထူးဝန် Facebook မှာတင်ထားတဲ့ EDS Business School Logo တံဆိပ်ပါတဲ့ သင်တန်းဓာတ်ပုံတွေ ဖျက်လိုက်တာမျိုးပေါ့။ ဒါက ဘာကိုပြနေလဲဆိုတော့ သူတို့ဘက်က မရိုးမဖြောင့်ဘူးဆိုတာ ပြနေတာပဲ။ ဒီလုပ်ရပ်တွေကြောင့် ရာထူးဝန်အဖွဲ့ကို ပြည်သူတွေက ပိုပြီး သံသယဖြစ်ပြီပေါ့။ ကျွန်တော်တို့သွားနေတာ ဒီမိုကရေစီစနစ်ကိုဗျာ။ အဲဒီအတွက် Good Governance လို့ခေါ်တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ပြည်သူကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေး၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အုပ်ချုပ်ရေးစနစ် လိုတယ်။ အခု ရာထူးဝန်အဖွဲ့ရဲ့ ဆောင်ရွက်ပုံတွေကတော့ ဒီမိုကရေစီစနစ်နဲ့ ဘယ်လိုမှ အံဝင်တဲ့ပုံစံမဟုတ်ဘူး။ ပြည်သူတွေက ရာထူးဝန်အဖွဲ့နဲ့ ကျောင်းနှစ်ကျောင်းရဲ့ ပတ်သက်မှုကို မေးခွန်းထုတ်နေတယ်။ မီဒီယာတွေကလည်း ရေးနေတယ်။ နောက်ဆုံး သမ္မတရုံးကတောင် ဒီကိစ္စကို သိတယ်ဗျာ။ အဲဒီတော့ ရာထူးဝန်အဖွဲ့က ဒီအကြောင်းအရာတွေကို ပြည်သူတွေကို ဖြေရှင်းဖို့လိုတယ်။

The Voice Journal – နိုင်ငံတကာမှာရော အခုလို ဘွဲ့အတုကိစ္စ၊ ကျောင်းအတုတွေနဲ့ချိတ်ဆက် သင်တန်းပေးနေမှုတွေစုံစမ်းပေါ်ပေါက်တဲ့အခါ သက်ဆိုင်ရာအစိုးရက ဘယ်လိုအရေးယူဆောင်ရွက်ပါသလဲ ခင်ဗျ။

KNYO – နှစ်ပိုင်းပေါ့။ ပုဂ္ဂလိကပိုင်းနဲ့၊ အစိုးရပိုင်း။ ပုဂ္ဂလိကပိုင်းဆိုတာ ကျောင်းသားတွေက ပုဂ္ဂလိကတက္ကသိုလ်တွေ၊ ကောလိပ်တွေမှာ ကျောင်းသွားတက်တယ်။ တက်တဲ့ကျောင်းတွေက ကျောင်းအတုဖြစ်နေတယ်၊ ဘွဲ့အတုပေးနေတယ်၊ အရည်အသွေးက သူတို့ ကြေညာထားသလောက် မကောင်းဘူး။ ဒါဆိုရင် ကျောင်းသားက အဲဒီတက္ကသိုလ်ကို တရားစွဲလို့ရတယ်။ ဥပမာ ထရမ့်တက္ကသိုလ်ပေါ့။ လက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သမ္မတမဖြစ်ခင်၊ စီးပွားရေးသမားဘ၀တုန်းက ထရမ့်တက္ကသိုလ် Trump University ဆိုပြီး အိမ်၊ ခြံ၊ မြေအကြောင်း အဓိကသင်တဲ့ ကျောင်းထောင်တယ်။ အဲဒီကျောင်းကို အမေရိကန်ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုမထားဘူး။ ကျောင်းမှာသင်တဲ့ သင်ခန်းစာအရည်အသွေးကလည်း ကြေညာထားသလိုမဟုတ်ဘူး။ အဲဒီတော့ ကျောင်းသားတွေပေါင်းပြီး ဒေါ်နယ်ထရမ့်ကို တရားစွဲတယ်။ ထရမ့်က တရားရင်ဆိုင်ရတယ်။ နောက်ဆုံး ရှုံးမယ်မှန်းသိတော့ ကျောင်းသားတွေကို လျော်ကြေးပေးပြီး ကြေအေးခိုင်းလိုက်ရတယ်။ ဒီလိုမျိုး ကျောင်းအတု၊ ဘွဲ့အတုတွေကို ကျောင်းသားတွေဘက်က တရားစွဲလို့ရတယ်။ ဒါက ပုဂ္ဂလိကဘက်အခြမ်းကိုပြောတာပါ။

အစိုးရဝန်ကြီးဌာနတွေက ဒီလို ဘွဲ့အတု၊ ကျောင်းအတုတွေကို သိသိကြီးနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုရင် ဒါသည် Scandal ပဲ။ လိမ်လည်လှည့်ဖျားမှုပဲ။ အစိုးရရဲ့ ဂုဏ်သတင်း၊ ဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ကျစေတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အစိုးရက ချက်ချင်းခေါ်စစ်တယ်ဗျာ။ စုံစမ်းဖော်ထုတ်တယ်။ အပြစ်ရှိတာတွေ့ရင် အရေးယူတာ၊ ထောင်ချတာ၊ လိုအပ်သလိုအပြစ်ပေးတယ်။ အနည်းဆုံးတော့ တာဝန်ရှိသူတွေ အလုပ်က အထုတ်ခံရပြီပဲ။

The Voice Journal – မြန်မာနိုင်ငံမှာရှိတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကတောင် သက်ဆိုင်ရာနိုင်ငံ ပညာရေးဌာနက အသိအမှတ်မပြုတဲ့ ကျောင်းအတုတွေနဲ့ပေါင်းပြီး ဝန်ထမ်းတွေကို သင်တန်းပေးနေတယ်ဆိုတော့ ဘွဲ့အတု ၊ ကျောင်းအတု ပြဿနာဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘယ်လောက်အတိုင်းအတာအထိ ရှိနေပြီလို့ ယူဆပါသလဲ။

KNYO – ဘွဲ့အတု၊ ကျောင်းအတုပြဿနာဟာ ကျွန်တော်တို့နိုင်ငံမှာ တကယ်ကို ကြီးကြီးမားမားရှိနေတယ်လို့ ယူဆတယ်။ အခုဆိုရင် ပုဂ္ဂလိက ကောလိပ်တွေ၊ တက္ကသိုလ်တွေ ဖွင့်ထားတာ မြန်မာပြည်မှာ အများကြီးပဲ။ အဲဒီမတိုင်ခင်ကထဲကလည်း အင်တာနက်ကနေ အဝေးသင်ပုံစံမျိုး နိုင်ငံခြားကပေးတဲ့ ဘွဲ့၊ လက်မှတ်တွေ ယူနေကြတာလည်း ရှိတာကိုး။ မြန်မာပြည်မှာ ကျောင်းသားတွေကော၊ ကျောင်းသားမိဘတွေရောက ပညာရေးကို တန်ဖိုးထားကြတယ်။ ကျောင်းကောင်းကောင်းကနေ၊ ပြည်ပတက္ကသိုလ်တွေကနေ ဘွဲ့တွေလိုချင်ကြတယ်။ အထူးသဖြင့် အင်္ဂလန်၊ အမေရိကန်တို့လို အနောက်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ၊ ပညာရေးအဖွဲ့အစည်းတွေကပေါ့။ အဲဒါကို အသုံးချပြီး စစ်မှန်မှုမရှိတဲ့၊ အရည်အသွေး မမီတဲ့အဖွဲ့တွေကနေ ပြည်တွင်းကို ဝင်လာပြီး၊ ပြည်တွင်းက သင်တန်းကျောင်းတွေနဲ့ပေါင်းပြီး ဘွဲ့အတုတွေပေးတယ်။ အရည်အသွေးမထိန်းဘဲ ပိုက်ဆံပေးရင် ကျောင်းဝင်ခွင့်လွယ်လွယ်နဲ့ပေး၊ ဘွဲ့လွယ်လွယ်နဲ့ပေးတာတွေ လုပ်လာတယ်။ ဒါကတော့ မကောင်းဘူးပေါ့ဗျာ။ ကျောင်းသားတွေမှာ ပညာရေးအတွက် ငွေတွေ၊ အချိန်တွေ အကုန်ခံပြီး မြှုပ်နှံထားတာ။ ပြန်ရလာတဲ့ဘွဲ့က စစ်မှန်မှုမရှိ၊ နိုင်ငံတကာထွက်ပြီး အလုပ်လုပ်ဖို့လည်း မလွယ်၊ ပြည်တွင်းမှာတောင် အသိအမှတ်ပြုခံရဖို့ မနည်းပြောနေရမယ်ဆိုရင်တော့ လွဲနေပြီပေါ့။ ဘွဲ့အတု၊ ကျောင်းအတုကိစ္စ နဂိုထဲက ပညာရေးလောကမှာ ပြောနေကြတာတွေရှိပါတယ်။ ဒါပေမဲ့ အခုတော့ ပိုပြောဖို့ လိုလာပြီ။ အခုနောက်ပိုင်း ပုဂ္ဂလိကကျောင်းတွေ ပိုဖွင့်လာတယ်၊ နိုင်ငံခြားကအဖွဲ့တွေက ပိုဝင်လာတယ်ဆိုတော့ ကျွန်တော်တို့ ဒီကိစ္စကို ပိုပြီးသတိထားဖို့တော့ လိုလာပြီပေါ့။

The Voice Journal – အစိုးရကတော့ တက္ကသိုလ်အတုတွေနဲ့ပူးပေါင်းတာကို ရပ်လိုက်ပြီလို့ပြောပါတယ်။ အရေးယူမှုတွေတော့ လတ်တလောမတွေ့ရသေးပါဘူး။ ဆိုတော့ ဒီအခြေအနေကို ကျေနပ်မှုရှိပါရဲ့လား။ ပြည်သူ့ဘဏ္ဍာငွေတွေသုံးပြီး လည်ပတ်နေတဲ့ အစိုးရအဖွဲ့အစည်းတစ်ခုအနေနဲ့ ဒီလိုရပ်လိုက်တယ်လို့ပြောရုံနဲ့ ကိစ္စပြီးသင့်ပါရဲ့လား။ ဘယ်လိုမြင်ပါသလဲခင်ဗျာ။

KNYO – ရပ်လိုက်တာနဲ့တော့ မပြီးသွားဘူးပေါ့ဗျာ။ ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြုမထားတဲ့ကျောင်းတွေနဲ့တွဲပြီး သင်တန်းနဲ့ မာစတာဘွဲ့တွေပေးနေတယ်။ ပြည်သူတွေက ဒီကျောင်းတွေ မကောင်းမှန်း ဝိုင်းပြီးထောက်ပြတော့ ဒါကို ဝန်မခံဘူး။ ဝန်မခံတဲ့အပြင် ဒီကျောင်းတွေက အရည်အသွေးရှိသယောင် ပုံမှားရိုက်တယ်။ ကျွန်တော်တို့ဘက်က အချက်အလက်ခိုင်ခိုင်မာမာ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေနဲ့ ထုတ်ပြတော့မှ နောက်ဆုံး ဒီကျောင်းတွေနဲ့ တွဲလုပ်တာကို ရပ်လိုက်ပါတယ်လို့ ပြောလာတယ်။ ဒီလို ပြောလိုက်တာနဲ့ မပြီးသွားဘူး။ အမှားလုပ်ထားတာကို လူမိတော့မှ ဘွာတေးပြောလာတာ။ လူမမိရင် ဆက်လုပ်မယ့်ပုံရှိတယ်။ အခုထိလည်း ရာထူးဝန်အဖွဲ့က သူတို့အမှားလုပ်ထားတယ်ဆိုတာ ဝန်မခံသေးဘူး။ ပြည်သူကို မတောင်းပန်သေးဘူး။ နောက် ကုန်သွားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ၊ နိုင်ငံတကာမှာ အစိုးရပုံရိပ် ထိခိုက်နိုင်တာတွေ၊ အကျင့်ပျက်ခြစားမှု ပါဝင်နိုင်တာတွေ…။ ဒါတွေကို ရှင်းရဦးမယ်ဗျ။ အခုတော့ အခြေခံအကျဆုံးဖြစ်တဲ့ လူထုကို သတင်းထုတ်ပြန်ဖို့တောင် ရာထူးဝန်အဖွဲ့ဘက်က ပျက်ကွက်နေတာ။

The Voice Journal – အခုချိန်ဆိုရင် ဒီဘွဲ့ကို ရခဲ့သူတွေလည်း အစိုးရအဖွဲ့ထဲမှာရှိနေပြီး နစ်နာသွားပြီ။ ဒီလူတွေအတွက် ကုစားမှုကို ဘယ်လိုမျိုး လုပ်သင့်ပါသလဲ။ ဘယ်သူတွေက လုပ်သင့်ပါသလဲ။

KNYO – ဒီလို အရည်အသွေးမရှိတဲ့ကျောင်းတွေကပေးတဲ့ သင်တန်းတွေ၊ မာစတာဘွဲ့တွေကိုတက်ခဲ့တဲ့ ဝန်ထမ်းတွေက၊ တကယ်တော့ သူတို့မှာ အပြစ်မရှိပါဘူး။ သူတို့က ဘုမသိ၊ ဘမသိဘဲတက်ခဲ့ရတာလေ။ တကယ်အပြစ်ရှိတာက ဒီကျောင်းနှစ်ကျောင်းကို မြန်မာပြည်ထဲ ခေါ်သွင်းခဲ့တဲ့ ရာထူးဝန်အဖွဲ့က တာဝန်ရှိသူ လူကြီးတွေပေါ့။ သူတို့က သဘောတူညီချက်စာချုပ် MOA တွေ အကျအနထိုးပြီး ဒီကျောင်းတွေနဲ့ တွဲလုပ်ခဲ့တာလေ။ ဝန်ထမ်းတွေက ဒီသင်တန်း တက်ဆိုတက်၊ ဒီမာစတာဘွဲ့ယူဆို ယူလိုက်မှာပဲလေ။ အမေရိကန်ဘွဲ့၊ မလေးရှားဘွဲ့၊ ပြည်ပဘွဲ့ဆိုတော့လည်း ပိုပြီး လိုချင်မှာပေါ့။ အဲဒီအတွက် သူတို့မှာ အချိန်တွေအများကြီးကုန်၊ ကြိုးစားအားထုတ်မှုတွေ အများကြီးလုပ်ခဲ့ပြီးမှ အခု သူတို့ရမယ့် ဘွဲ့လက်မှတ်၊ သူတို့ တက်ခဲ့တဲ့သင်တန်းတွေက ကျောင်းအတုတွေက ပေးနေတာပါဆိုတော့ သူတို့မှာလည်း အရှက်ကွဲရသလိုတွေ ဖြစ်နေတယ်။ အဲဒီအတွက် ရာထူးဝန်အဖွဲ့က တာဝန်ယူရမယ်။ တောင်းပန်ရမယ်။ ရာထူးဝန်အဖွဲ့ ရဲ့ လူကြီးတွေက ဒီသင်တန်းတွေ တက်ခဲ့တဲ့ သင်တန်းသားတွေကို ရာထူးဝန်အဖွဲ့မှားကြောင်း၊ ဒီလို အရည်အသွေးမမီတဲ့ကျောင်းတွေကို ပေးတက်ခိုင်းတဲ့အတွက် တောင်းပန်ပါကြောင်း လူသိရှင်ကြားပြောဖို့ လိုတယ်။

The Voice Journal – ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဆက်လုပ်သွားဖို့ရှိပါသလဲ။ သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ ရာထူးဝန်အဖွဲ့၊ ပညာရေး ဝန်ကြီးဌာနတွေကိုရော ဘာများ တိုက်တွန်းပြောကြားချင်ပါသလဲ။

KNYO – ကျွန်တော်တို့ကတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ပြည်သူကိုဖြေရှင်းပါဆိုပြီး ဆက်တိုက်တောင်းဆိုနေတယ်။ ထပ်ပြီးတော့လည်း တောင်းဆိုနေဦးမှာပဲ။ ဒီ့အပြင် ကျွန်တော်တို့ ဆက်လုပ်မှာက (က) သမ္မတရုံး၊ အတိုင်ပင်ခံရုံးကိုတိုင်မယ်၊ (ခ) ဒီကိစ္စကို လွှတ်တော်တင်မယ်၊ (ဂ) အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို စုံစမ်းခိုင်းမယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ ပြည်သူတွေပြောနေတာ အကြောင်း အရာသုံးခုပေါ့။

(က) ဦးဝင်းသိမ်းရဲ့ ဒေါက်တာဘွဲ့။ ဒေါက်တာဘွဲ့မရှိဘဲ ရှိသလို ဟန်ဆောင်တာဟာ တကယ်တော့ Fraud လို့ခေါ်တဲ့ လိမ်လည်၊ အယောင်ဆောင်မှုပါ။ နိုင်ငံတကာမှာတော့ ဒီကိစ္စမျိုးဟာ တရားမမှု သို့မဟုတ် ရာဇဝတ်မှု မြောက်ပါတယ်။ ဥပဒေကြောင်းအရ တရားစီရင်လို့ရပါတယ်။ မြန်မာပြည်မှာ ဥပဒေအရ အရေးမယူဘူးဆိုရင်လည်း သူ့ကိုတော့ ပြည်သူလူထုက စာရိတ္တပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်သူအဖြစ် သတ်မှတ်တော့မှာပါ။ (ခ) ဒီကျောင်းတွေကြောင့် ကုန်သွားတဲ့ ဘဏ္ဍာငွေတွေ၊ နိုင်ငံတော်ပုံရိပ် ထိခိုက်မှုတွေ။ အဲဒီအတွက် ဘယ်သူက တာဝန်ခံမှာလဲ။ ဘယ်သူက တာဝန်ယူ ဖြေရှင်းမှာလဲ။ (ဂ) နောက်ကွယ်မှာရှိနိုင်တဲ့ အကျိုးစီးပွား ဆက်နွှယ်မှုတွေ၊ အဂတိလိုက်စားမှုတွေ။ ဒါကြောင့် ပြည်ထောင်စုအစိုးရနဲ့ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်တို့က ရာထူးဝန်အဖွဲ့ကို စစ်ဆေးဖို့လိုပြီ။ ဘာကြောင့် ဒီလိုအရည်အသွေးမရှိတဲ့ ကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလဲ၊ ပြည်သူ့ဘဏ္ဍာငွေ ဘယ်လောက်တောင် ကုန်သွားပြီလဲ၊ ဘယ်လိုအကျိုး စီးပွားဆက်နွှယ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ ပါနေလဲဆိုတာကို စုံစမ်းဖော်ထုတ်ပေးဖို့လိုတယ်။ အပြစ်ရှိတယ်၊ ဥပဒေနဲ့မညီတဲ့အကြောင်းအရာတွေ တွေ့ရတယ်ဆိုရင်တော့ အလုပ်ထုတ်တာ၊ တရားစွဲတာတွေအပါအဝင် ထိရောက်စွာ အရေးယူသွားဖို့ လိုတယ်။ တခြားပြည်တွင်းမှာဖြစ်နေတဲ့ ကျောင်းအတု၊ ဘွဲ့အတုကိစ္စကတော့ သီးသန့်ပြောရမှာပါ။ အဲဒီအတွက်လည်း ကျွန်တော် ဆောင်းပါးတွေ ဆက်ရေးပါဦးမယ်။ 

 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *