ရခိုင့်မြေက မငြိမ်းနိုင်သေးသည့် စစ်မီး

အကြောင်းပြချက်ကိုယ်စီဖြင့် တိုက်ခိုက်နေကြသည့် ရခိုင်မြေက စစ်မီးကြောင့် ဒေသခံပြည်သူ ငါးထောင်ခန့်မှာ စစ်ဘေးရှောင်ဒုက္ခသည်ဘ၀သို့ ရောက်ရှိနေကြရပြီ ဖြစ်သည်။

တစ်ရက်ထက် တစ်ရက် တိုက်ပွဲများ ပြင်းထန်လာချိန် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့သည်။ ယင်းနောက် သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးလုပ်ရန် သမ္မတရုံးက တပ်မတော်ကို မီးစိမ်းပြလိုက်သည်။ စစ်ဆင်ရေးလုပ်ရန် အစိုးရကိုယ်တိုင်က ညွှန်ကြားမှုမှာ ထူးခြားသည့်ဖြစ်ရပ် ဖြစ်သည်။

ထို့ကြောင့် စစ်ရှိန်မှာ လျော့ကျမည့်လမ်းစမရှိတော့ဘဲ မြင့်သထက် မြင့်သွားမည့်ကိန်းဆိုက်နေသည်။ နိုင်ငံတကာက အာရုံစိုက်ကာ အလွန်အကျွံ ဖိအားပေးနေသည့် ဘင်္ဂါလီအရေး၊ ဆင်းရဲမှုဒဏ် စသည့် ပြဿနာများနှင့် နပန်းလုံးနေရချိန် စစ်ရေးပါ အရှိန်မြင့်လာခြင်းမှာ အကျပ်အတည်းပိုဆိုးမည့် အခြေအနေ ဖြစ်သည်။

AA က အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ကြီးထွားလာပြီး ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူရန် ကြိုးပမ်းရာမှ စတင်လာသည့် ရခိုင်မြေက တိုက်ပွဲများမှာ အပြင်းထန်ဆုံးကာလသို့ ရောက်နေသည်။ ရခိုင့်မြေက စစ်မီးအလားအလာ မည်သို့ ဖြစ်လာနိုင်သနည်း။

“တိုက်ပွဲတွေကတော့ နောက်လာမယ့် သုံးလလောက်အထိတော့ ဖြစ်နိုင်ခြေရှိတယ်” ဟု မှတ်ချက်ပေးသူက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာ့အဖွဲ့အစည်း (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ဖြစ်သည်။

မီးစိမ်းပြခြင်း

ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်းမှ စတင်ကာ မြန်မာ့တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဩဂုတ် လ နောက်ပိုင်းတွင် တိုက်ပွဲများပိုစိပ်လာပြီး ဒီဇင်ဘာလတွင် ပိုမိုပြင်းထန်လာသည်။

လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီ လ ၄ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်သဖြင့် စခန်းနှစ်ခု ကျဆုံးခဲ့သည်။ တပ်မတော်က စစ်ကူ၊ ရဟတ်ယာဉ် ပစ်ကူများကြောင့် ယင်းနေ့တွင် နယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးကာ လက်နက်ငယ် ၄၀ အပါအဝင် လက်နက်ခဲယမ်းများစွာ ဆုံးရှုံးခဲ့သဖြင့် မြန်မာ့တပ်မတော်အတွက် အထိနာစေခဲ့သည်။

ယင်းနေ့တွင်ပင် တပ်အင်အား တိုးမြှင့်သုံးစွဲရန်၊ လိုအပ်လျှင် လိုအပ်သလို ရဟတ်ယာဉ်သုံးစွဲရန် သမ္မတရုံးက တပ်မတော်သို့ ညွှန်ကြားလိုက်ကြောင်း၊ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို ဦးစားပေးလုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့က ကိုင်တွယ်ထိန်းသိမ်းနိုင်သည့် တရားဥပဒေစိုးမိုးရေးအခြေအနေရောက်ရှိရန် ကြိုးပမ်းနေကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။

“လက်ရှိအခြေအနေထက် မဆိုးအောင်လုပ်နေတယ်။ ဆိုးလည်း ခံမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ဇန်နဝါရီလ ၇ ရက် နေ့က သမ္မတဦးဆောင်ကာ ကာ/လုံဟု အတိုကောက်ခေါ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ပုဂ္ဂိုလ်များအပြင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေးကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်တွင် သောင်းကျန်းသူနှိမ်နင်းရေးအမည်ဖြင့် စစ်ဆင်ရေးပြုလုပ်ရန် တပ်မတော်ကို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးသည် နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေး၊ တပ်မတော်က အပစ်ရပ်ပြီးနောက် အခြေအနေ၊ AA ဝင်တိုက်ပြီးနောက် အခြေအနေတို့ကို နှစ်နာရီခွဲကြာ ဆွေးနွေးကြခြင်း ဖြစ်သည်။

ကာ/လုံဟု အမည်မတပ်ဘဲ အလားတူပြုလုပ်ခဲ့သည့် အစည်းအဝေးမျိုးမှာ မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ်က ဖြစ်သည်။ သို့သော်လည်း စစ်ဆင်ရေးလုပ်ရန် အစိုးရကိုယ်တိုင်က တပ်မတော်ကို ညွှန်ကြားမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“အစိုးရကိုယ်တိုင် တပ်မတော်ကို အမိန့်ပေးပြီး လုပ်ခိုင်းတာက ပထမဆုံးအကြိမ်ပဲ။ အဲဒါကို ကြည့်မယ်ဆိုရင်တော့ အစိုးရကလည်း ဒီအပေါ်မှာ တော်တော်ကြီးကို သဘောမကျဘူး။ ဒီလိုမျိုး ရဲစခန်းတွေကို ဝင်တိုက်တဲ့အပေါ်မှာ တော်တော်သဘောမကျဘူးဆိုတဲ့ သဘောထားကို ပြတယ်လို့ မှတ်ယူလို့ရပါတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပေးသည်။

AA ဖြစ်တည်ခြင်း

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) သည် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဌာနချုပ်ဖြစ်သည့် လိုင်ဇာ၌ စစ်သင်တန်းတက်ရောက်ကာ ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ခြေကုပ်ရယူရန် ကြိုးပမ်းလာရာမှ မြန်မာ့တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားလာသည်။

ချင်းပြည်နယ် နယ်စပ်မှတစ်ဆင့် ခြေကုပ်ယူလာသည့် AA သည် လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်တို့အထိ ရောက်ရှိလာပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့နယ်ထဲတွင် တိုက်ပွဲများ ဖြစ်ပွားလာသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်သည့်အချိန်မှသာ လက်နက်ကိုင်တပ်အဖြစ် ပေါ်ပေါက်လာသည့် အဖွဲ့ ဖြစ်သဖြင့် မြန်မာ့တပ်မတော်က အသိအမှတ်ပြု ဆွေးနွေးခြင်း မရှိခဲ့ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ် အဖွဲ့သစ်များ ထပ်မံပေါ်ပေါက်လာကြမည်ကို တပ်မတော်က မလိုလားခြင်းဖြစ်သည်။

AA သည် အင်အား သုံးထောင်ထက်မနည်း ရှိနေသည်ဟု ငြိမ်းချမ်းရေး စောင့်ကြည့်သည့်အဖွဲ့များက သုံးသပ်ပြီး အချို့ကမူ ခုနစ်ထောင်ခန့်အထိရှိနိုင်သည်ဟု ခန့်မှန်းကြသည်။ AA ၏ စစ်ဦးစီး ချုပ်ကမူ မောင်တော၊ ဘူးသီးတောင်ဒေသကို ကာကွယ်ပေးနိုင်သည့် အင်အားရှိသည်ဟု ပြောဆိုထားသည်။

AA သည် ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA) ၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။ ရှမ်းပြည်နယ် လောက်ကိုင်တွင်ဖြစ်ပွားသည့်တိုက်ပွဲတွင် ကိုးကန့်အဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်အဖွဲ့ဟု မြန်မာတပ်မတော်က သတ်မှတ်ကြေညာခဲ့သည်။

AA မှာ အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အစိုးရက ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည့်ကာလတွင် ရခိုင်သို့ ခြေချခွင့်ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် AA ဒုတိယစစ်ဦးစီးချုပ် ဦးဆောင်သည့်အဖွဲ့ ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရပြီး ရခိုင်လူထုနှင့်လည်း စတင်ထိတွေ့ခွင့်ရကာ လမ်းကြောင်းစဖွင့်သွားသည်ဟု သုံးသပ်မှုများရှိသည်။

ယင်းနောက် ရခိုင်လူထု၏ စိတ်ဝင်စားမှုနှင့် ထောက်ခံမှုများကိုရရှိခဲ့ပြီး တပ်မတော်အစိုးရခေတ်အဆက်ဆက် တိုင်းရင်းသားများအပေါ် ပစ်ပယ်ထားမှု၊ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် အကျပ်အတည်းများကြောင့်လည်း AA အင်အားပိုတိုးစေခဲ့ကြောင်း တိုင်းရင်းသား အရေး လေ့လာသူအချို့ထံမှ သိရသည်။

ပြန်တိုက်ရခြင်း

စစ်ဆင်ရေးလုပ်ရန် အစိုးရက မည်သည့်အကြောင်းအရင်းကြောင့် မီးစိမ်းပြလိုက်ခြင်းဖြစ်သနည်း။

နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီး သုံးရက်ခန့်အကြာတွင် ကာ/လုံ အပေါင်း ခြောက်ဟု ပြောဆိုကြသည့် ကာ/လုံအဖွဲ့ဝင်များအပြင် အစည်းအဝေးအခြေအနေနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌတို့ကို သမ္မတက အစည်းအဝေး ခေါ်ခဲ့သည်။

ရခိုင်က တိုက်ပွဲဖြစ်ပွားသည့်ဒေသများ လုံခြုံရေးနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ရမည့် အနေအထား၊ ဆက်လက်ဆောင်ရွက်ရမည့် အနေအထားများကို ဆွေးနွေးကြကြောင်း ဦးဇော်ဌေးကပြောဆိုသည်။

ဝင်ရောက် တိုက်ခိုက်ခံရသည့် နယ်ခြားစောင့်ရဲကင်းစခန်းများသည် ARSA အကြမ်းဖက်အဖွဲ့က ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူများအပေါ် ဝင်ရောက်တိုက်ခိုက်မည်ကို တားဆီးရန် ချထားသည့် စခန်းများသာဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

ARSA အဖွဲ့က ဝင်ရောက်တိုက်ခိုက်နိုင်သည်ဆိုသည့် သတင်းများရထားသဖြင့် မောင်တောဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်ထားချိန် ဘူးသီးတောင်မြို့နယ်က အတွင်းပိုင်းကျသည့် နယ်ခြားစောင့်စခန်းများ ဝင်ရောက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ARSA ဝင်ရောက်တိုက်ခိုက်မည်ကို သတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြားတစ်ဖက်တွင် အင်အားဖြည့်ကာ ကြိုတင်စောင့်ဆိုင်းနေချိန် အခွင့်ကောင်းယူကာ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဒေသခံများကို လုံခြုံရေးပေးနေသည့်စခန်းငယ်များ တိုက်ခိုက်ခံရခြင်းမှာ အလွန်ဆိုးဝါးသည့် ဖြစ်ရပ်ဟု မှတ်ချက်ပေးသည်။

“AA အနေနဲ့ ရခိုင်အရေးလို့ ပြောနေပြီးတော့ တိုင်းရင်းသားတွေကို လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ စခန်းတွေကိုတိုက်ခိုက်တာက တော်တော်ဆိုးတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းက ဝေဖန်သည်။

AA တိုက်ခိုက်ခြင်း

၂၀၁၈ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာပြီး တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် AA ဘက်က အထိနာကာ အားနည်းသည့် ပစ်မှတ်ဖြစ်သည့် နယ်ခြားစောင့် ရဲကင်းစခန်းများကို ဝင်တိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

နယ်မြေခံတပ်ရင်းများဖြင့်သာ တိုက်ခိုက်နေပြီး အင်အားမများလှသဖြင့် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် AA က အထိအခိုက်အကျအဆုံးများသည်ဟု သိရကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာ့အဖွဲ့အစည်း (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောဆိုသည်။

“အဓိကတော့ တပ်မတော်ကလည်း ထိုးစစ်လုပ်တယ်ပေါ့။ အကြီးကြီး မဟုတ်ပေမယ့် ထိုးစစ်လုပ်တယ်။ ထိုးစစ်လုပ်တဲ့အပေါ်မှာ AA ကလည်း သူ ဒီစစ်ကြောင်းတွေကို ရင်ဆိုင်ပြီး တချို့ဟာတွေမှာ မလုပ်နိုင်တဲ့အခါမှာ ပစ်မှတ်အပျော့တွေကို ရွေးချယ်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ ရဲကင်းစခန်းများကို ဝင်ရောက်မတိုက်ခိုက်ခင် နှစ်ပတ်ခန့် အလိုကပင် တပ်မတော်၏ ထိုးစစ်ဆင်ရာတွင် ပါဝင်ခြင်းမပြုရန် အဆိုပါရဲကင်းစခန်းများကို သတိပေးထားခဲ့ကြောင်း ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် တပ်မတော်၏ စစ်ဆင်ရေးများတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်လာကြောင်း၊ ရဲတပ်ဖွဲ့က ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်မှုများ လုပ်လာပြီး တပ်မတော်၏ ထိုးစစ်၊ ဖြတ် လေးဖြတ်စစ်ဆင်ရေးတို့တွင် ပါဝင်လာသဖြင့် ရဲကင်းစခန်းများကို ဝင်တိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တပ်မတော်က ပစ်ခတ်သဖြင့် ကျေးရွာအချို့တွင် လက်နက်ကြီးကျမှုတို့ကြောင့် ဒေသခံများ ထွက်ပြေးရကြောင်း၊ နိုဝင်ဘာလ လကုန်ပိုင်းမှစတင်ကာ တပ်မတော်က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေချိန် သမ္မတရုံးက တိတ်ဆိတ်နေခဲ့ကြောင်း ၎င်းက ဝေဖန်သည်။

“နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်မှုတွေမှာ မပါဖို့ အတန်တန် သတိပေးပြီးတော့မှ လိုအပ်ချက်အရ ဝင်တိုက်ခိုက်ရတာပါ” ဟု ဦးခိုင်သုခက ပြောဆိုသည်။

ရဲကင်းစခန်းများကို ဝင်တိုက်သည့် လုပ်ရပ်အပေါ် AA ကို ပြင်းပြင်းထန်ထန် ဝေဖန်သူများရှိသည်။ တိုက်ပွဲများကြောင့် အထိနာ၍ တိုက်ခိုက်လျှင် တပ်မတော်ကို တိုက်ခိုက်ရမည့်အစား ပြည်သူများ၏ လုံခြုံရေး တာဝန်၊ တရားဥပဒေစိုးမိုးရေး တာဝန်၊ ARSA အကြမ်းဖက်အဖွဲ့ အန္တရာယ်မှ ကာကွယ်ပေးနေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ဝင်တိုက်ခြင်းကြောင့် ပြစ်တင်ကြခြင်း ဖြစ်သည်။

ARSA ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းရသဖြင့် မောင်တောမြို့နယ်ဘက်တွင် လုံခြုံရေးတိုးမြှင့်ထားစဉ် ဘူးသီးတောင်မြို့နယ်က ကင်းစခန်း လေးခုကို ၁၀ ဆ၊ ၁၅ ဆခန့် သာလွန်သည့် လူအင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မောင်တောအခြေစိုက် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကွဲမှုဌာနချုပ်၏ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုးက ပြောဆိုသည်။

ဗျွှဗ ပြန်လည်ဝင်ရောက်ကာ တိုင်းရင်းသားကျေးရွာများကို ဖျက်ဆီးမည်ဆိုသည့်အနေအထား တစ်ကျော့ပြန်လာနိုင်သဖြင့် လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်နေချိန် တိုက်ခိုက်ခံရကြောင်း ၎င်းက ဆိုသည်။

“နောက်ကျောကို ဓားနဲ့ထိုးသလို ခံစားရပါတယ်။ ဒီလိုလုပ်တယ်လို့ ထင်ပါတယ်”

တိုက်ပွဲရှိန် မြင့်လာနိုင်ခြင်း

ဩဂုတ်လနောက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လာသော်လည်း ယင်းအချိန်က တပ်မတော်သည် နယ်မြေခံတပ်ရင်းများဖြင့်သာ တိုက်ခိုက်သည်ကို တွေ့ရကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောဆိုသည်။

“တပ်မတော်က သူ့ရဲ့တိုက်ခိုက်ရေးတပ်မတွေကို မထည့်ဘူး။ နယ်ခံတပ်တွေနဲ့ လောက်ပဲဖြစ်တဲ့သဘော။ သဘောကတော့ တပ်မတော်က AA နဲ့ပတ်သက်လာရင် စစ်ဆင်ရေး ကြီးကြီးမားမားအဆင့်ကို ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ်တို့မှာ တွေ့ရသလို စစ်ဆင်ရေးမျိုး ကြီးတွေ လုပ်တာမျိုး မတွေ့သေးဘူး”

ARSA ကို တိုက်ခိုက်ရာတွင်သာ တိုက်ခိုက်ရေးတပ်မများကို အသုံးပြုခဲ့ကြောင်း၊ နယ်ခြားစောင့် ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်နောက်ပိုင်းတွင် တိုက်ခိုက်ရေးတပ်မများကိုပါ ရခိုင်သို့ ပို့လိုက်ပြီဟု သတင်းရသဖြင့် တိုက်ပွဲမှာ သုံးလခန့်အထိ ဖြစ်နိုင်ခြေရှိကြောင်း ဒေါက်တာ မင်းဇော်ဦးက ခန့်မှန်းသည်။

“သဘောကတော့ ကြီးမားတဲ့ စစ်ဆင်ရေးမျိုး လုပ်နိုင်တဲ့သဘောရှိတယ်ဆိုတဲ့ဟာတော့ မှန်းလို့ရတယ်။ ဒါဆိုရင် တိုက်ပွဲတွေက ပိုများလာမယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

တပ်မတော်က နှိမ်နင်းရာတွင် သတိထားရမည့်အချက်များလည်း ရှိနေသည်။ တပ်မတော်ဘက်က လက်တုံ့ပြန်ရာတွင် အင်အားအလုံးအရင်းနှင့် ဝင်ရောက်နှိမ်နင်းချိန် AA ကို ထောက်ခံသည့် လူထုအပေါ် အကြမ်းဖက်မှုများ ဖြစ်လာလျှင် ဆိုးကျိုးများသွားနိုင်ကြောင်း သတိပေးမှုများရှိသည်။

“ထောက်ခံတဲ့ လူထုကိုသွားပြီးတော့ အကြမ်းဖက်မှုလုပ်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်လာမယ်ဆိုရင် AA အတွက် နိုင်ငံရေးအရ ပိုပြီးအမြတ်ထွက်နိုင်တာပေါ့။တခြားနိုင်ငံတွေမှာလည်း အဲဒီလိုတွေ့ရပါတယ်။ အစိုးရတွေက ဒီလိုဖြစ်တဲ့အခါ လိုသည်ထက် ပိုပြီးတော့ လူထုကို တင်းကျပ်တာ၊ ဖိနှိပ်တာဖြစ်ရင် လူထုက ပိုပြီးတော့ အစိုးရအပေါ်မှာ အမုန်းတရားတွေ ဖြစ်လာတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

AA ကို မေးခွန်းထုတ်ခြင်း

AA သည် ငြိမ်းချမ်းရေးကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့်အဖွဲ့ဖြစ်ကာ ငြိမ်းချမ်းဖြစ်စဉ်က ဖယ်ရှားခံထားရခြင်းမရှိကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

AA ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားအပါအဝင် ပြည်သူများသာ ဒုက္ခရောက်ရပြီး တိုက်ပွဲမီးဆက်လက် တောက်လောင်နေလျှင် ဒေသခံ တိုင်းရင်းသားပြည်သူများက ပိုမိုဒုက္ခရောက်ကြဦးမည်ဖြစ်ကြောင်း ၎င်းက AA ကို သတိပေးသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ရန် ငြိမ်းချမ်းရေးကော်မရှင်မှတစ်ဆင့် ညှိနှိုင်းနေသဖြင့် မည်သည့်အကြောင်းအရင်းကြောင့် လက်ရှိလုပ်ရပ်များကို လုပ်နေရသနည်းဟု ၎င်းက မေးခွန်းထုတ်ထားသည်။

AA ထောက်ခံနေသည့် ရခိုင်တိုင်းရင်းသားများအနေနှင့်လည်း ထောက်ခံမှုကို ရပ်တန်းကရပ်ရန် ပြောဆိုခဲ့ပြီး AA ကြောင့် ရခိုင်ပြည်နယ်တွင် ကောင်းကျိုးထက် ဆိုးကျိုး မည်သည့်အရာပိုများလာမည်ကို သုံးသပ်ကြရန်လည်း ဦးဇော်ဌေးက ပြောဆိုထားသည်။

“ရခိုင်ပြည်နယ် နောင်လာမယ့်ဆယ်စုနှစ်များစွာမှာ ဒီလိုပဲ စစ်ပွဲသံသရာလည်သွားတာကို မြင်ချင်လား မေးချင်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ AA ကို ထောက်ခံနေတဲ့ တိုင်းရင်းသားတွေကို ပြတ်ပြတ်သားသား မေးချင်တယ်” ဟုလည်း ၎င်းက မေးခွန်းထုတ်သည်။

AA ခေါင်းဆောင်များအနေနှင့်လည်း ငြိမ်းချမ်းရေးကော်မရှင်နှင့် ညှိနှိုင်းမှုမှတစ်ဆင့် နိုင်ငံရေးစင်မြင့်သို့လာရန် အကြံပြုလိုပြီး ယင်းသို့လာရောက်ပြီး တိုင်းရင်းသားတန်းတူအခွင့်အရေးကို ရယူနိုင်ကြောင်း၊ ငြိမ်းချမ်းရေးတံခါးကို အမြဲတမ်းဖွင့်လှစ်ထားကြောင်း ဦးဇော်ဌေး က ဆိုသည်။

“ရခိုင်ပြည်နယ် မတည်မငြိမ်တဲ့ ပဋိပက္ခကြားရောက်ပြီးတော့ လက်နက်ကိုင်တိုက်ပွဲတွေရဲ့ တစ်စပြင်ဖြစ်အောင် မလုပ်ပါနဲ့။ ရခိုင်တိုင်းရင်းသားတွေ အကျိုးကို တကယ်လုပ်ချင်လား။ တကယ်လုပ်နိုင်တဲ့ လမ်းကြောင်းကိုလာပါ။ ရခိုင်ပြည်နယ် ပျက်စီးမယ့်လုပ်ကြောင်းကို မလုပ်ချင်ပါနဲ့လို့ပဲ ပြောချင်တယ်”

ရခိုင်တိုင်းရင်းသားများအပေါ် မေးခွန်းထုတ်ပြောဆိုမှုများမှာ ရခိုင်နှင့် မျိုးနွယ်စုများကို မတရားခြိမ်းခြောက်ခြင်း ဖြစ်နေသဖြင့် ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီက ကြေညာချက် ထုတ်ထားသည်။

ဦးခိုင်သုခကလည်း ရခိုင်တိုင်းရင်းသားများ AA အပေါ် ထောက်ခံမှု ရပ်တန်းက ရပ်ဆိုင်းရန် ဦးဇော်ဌေး၏ ပြောဆိုချက်မှာလည်း ရခိုင်တစ်မျိုးသားလုံးကို ခြိမ်းခြောက်စိန်ခေါ်ရာ ရောက်နေကြောင်း ပြောဆိုသည်။

AA ကြီးထွားလာခြင်း

တပ်မတော်အစိုးရ အဆက်ဆက်တွင် ရခိုင်ပြည်နယ်ကို ချွတ်ခြုံကျအောင် လုပ်ဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်က သယံဇာတ အရင်းအမြစ်များကို ထုတ်ယူခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်မပေးဘဲ ဥပေက္ခာပြုခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောဆိုသည်။

ယင်းအပြင် စာပေ၊ ယဉ်ကျေးမှု စသည့် လူမျိုးတစ်မျိုး၏ Identity (အမှတ်သားသရုပ်) ဖော်ပြမှုကို အစိုးရက အားမပေးထားဘဲ ဗမာယဉ်ကျေးမှုအောက်တွင် နစ်မြုပ်ကာ သမိုင်းလည်း ပျောက်ကွယ်လုဖြစ်ခဲ့သဖြင့် ရခိုင်အပါအဝင် တိုင်းရင်းသားစိတ်ထဲတွင် နာကြည်းမှု ရှိကြောင်း ၎င်းက ဆိုသည်။

“ဖွံ့ဖြိုးတိုးတက်မှုတင်မက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ ဘောင်ထဲမှာဝင်တဲ့ လူမျိုးတစ်မျိုးရဲ့ Identity ကို ဖော်ပြနိုင်တဲ့ အာမခံချက်တွေကိုလည်း အစိုးရက ပေးဖို့လိုတယ်။ အဲဒီလို မဟုတ်ရင်တော့ ကျွန်ဖြစ်နေတယ်လို့ ခံစားနေရမှာပဲ။ အဲဒီစိတ်ဓာတ်သည်ပင်လျှင် လူငယ်တွေကို တော်လှန်ရေးစိတ်ကို ရောက်အောင်၊ လက်နက်ကိုင်အဖွဲ့အစည်းကို ရောက်အောင် တွန်းပို့နေတာ ဖြစ်တယ်”

စာပေဟောပြောပွဲကို တားဆီးရာမှ အရပ်သားခုနစ်ဦးသေဆုံးခဲ့သည့် မြောက်ဦးသွေးမြေကျဖြစ်ရပ်ကဲ့သို့ အာဏာပိုင်များ၏ လွှဲမှားသည့် ကိုင်တွယ်မှုမှာလည်း ရခိုင်တိုင်းရင်းသားများတွင် နာကြည်းစိတ်ဖြစ်ပေါ်ကာ ရခိုင်လူငယ်များကို လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ရာရောက်ကြောင်း ဦးဖေသန်းက ဆိုသည်။

တိုင်းရင်းသားများတွင် ဗမာလူမျိုးအပေါ် နာကြည်းမှုများရှိပြီး ဖိနှိပ်ထားသည်ဆိုသည့် အမြင်မျိုးရှိကာ အထူးသဖြင့် သယံဇာတထွက်သည့် ဒေသများတွင် သယံဇာတအကျိုးကျေးဇူးကို ဒေသခံများ မခံစားရဘဲ ဗမာများက လက်ဝါးကြီးအုပ်ထားသည်ဆိုသည့် အမြင်မျိုးရှိသည် ဟုလည်း သုံးသပ်မှုများရှိသည်။

“တကယ်လည်း တိုင်းရင်းသားလူထုဘ၀သွားကြည့်လိုက်ရင် လူထုမှာက တော်တော်ကြီးကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောဆိုသည်။

သို့သော် မကျေနပ်ရုံတစ်ခုတည်းဖြင့် လက်နက်ကိုင်တော်လှန်ရေး မလုပ်ဆောင်နိုင်ပေ။ လက်နက်ကိုင်တိုက်ပွဲဖြစ်လာရန် လူထု၏ မကျေနပ်မှု လိုသကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ်ရပ်တည်ရန် အရင်းအမြစ်များလည်း လိုအပ်သည်။

“သေနတ်ပေးတဲ့သူရှိတယ်။ နေရာပေးတဲ့သူရှိတယ်။ ငွေရှာနိုင်တဲ့ နည်းလမ်းတွေရှိတယ်။ ငွေမရှာနိုင်ဘဲနဲ့ မုန်းတီးတဲ့ စိတ်တစ်ခုတည်းနဲ့လည်း လက်နက်ကိုင်ရင် ဒီအဖွဲ့က ကြီးစရာမရှိဘူး” ဟု ဒေါက်တာ မင်းဇော်ဦးက ထောက်ပြသည်။

ငွေကြေးအင်အားတောင့်မှသာ လက်နက်ကိုင်တပ်ကို ကြီးမားအောင် လုပ်နိုင်သည်။ လက်ရှိတွင် AA က တပ်ဆင်ထားသည့် လက်နက်များနှင့် အင်အားတို့ကို တွက်ဆခြင်းအားဖြင့် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ သုံးထားသည်ဟု တွက်ဆနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

AA ၏ လက်နက်များက သစ်လွင်နေပြီး အချို့မှာ KIA ဘက်ကလုပ်သည့် သေနတ်များဖြစ်ပြီး အချို့မှာ MNDAA ဘက်ကပေးပို့သည့် M 22 သေနတ်များကို တွေ့ရကြောင်း၊ အချို့မှာ ထိုင်းနယ်စပ်က တင်သွင်းလာသည့် M 16 ၊ စက်လက်နက်များ၊ စနိုက်ဘာများကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

AA တပ်ဖွဲ့အင်အားမှာလည်း ငါးထောင်၊ ခြောက်ထောင်၊ ခုနစ်ထောင် စသဖြင့် ခန့်မှန်းနေကြပြီး ယင်းအင်အားကို လက်နက်တပ်ဆင်ရန်၊ ကျွေးမွေးစောင့်ရှောက်ရန်တို့အတွက် ဒေါ်လာသန်း ရာနှင့်ချီ လိုအပ်ကြောင်း ဒေါက်တာ မင်းဇော်ဦး က ပြောဆိုသည်။

“စစ်တိုက်တယ်ဆိုတာ တကယ့်ကို စီမံခန့်ခွဲမှုတွေ အများကြီးလုပ်ရတယ်။ ငွေကြေးတွေ အများကြီးကုန်တဲ့ လုပ်ငန်းကိုး။ ဒါတွေလုပ်ဖို့ သူတို့အနေနဲ့ ဒီလောက်အချိန်အတောအတွင်းမှာ ငွေကြေးအမြောက်အမြားရှာနိုင်တယ်ဆိုတဲ့ အနေအထားကို ရောက်သွားတယ်လို့ ပြောလို့ရတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

မီးစိမ်းပြမှုအပေါ် တုံ့ပြန်ခြင်း

အစိုးရဘက်က မီးစိမ်းပြလိုက်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုဝေးသွားနိုင်ကြောင်း မှတ်ချက်ပေးသူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်သည်။

AA ဘက်က ဆွေးနွေးရန် တောင်းဆိုနေချိန်၊ တပ်မတော်ဘက်လည်း အပစ်အခတ်ရပ်ဆိုင်းကာ ဆွေးနွေးပွဲကို လမ်းဖွင့်ထားချိန်တွင် ဆွေးနွေးမှုဖြင့်အဖြေမရှာဘဲ အပြတ်တိုက်ခိုက်မည့် ရည်ရွယ်ချက်မှာ အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို မရောက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“ငြိမ်းချမ်းရေးလမ်းကြောင်း ဝေးသွားရင် ရခိုင်ပြည်မှာ စစ်မြေပြင်ဖြစ်ပြီးတော့ တခြား ARSA တို့လို့ အဖွဲ့တွေ၊ နိုင်ငံတကာဖိအားတွေကလည်း ပိုပြီးအတင့်ရဲလာမယ်။ ရခိုင်ပြည်နယ်က ပိုပြီးတော့ ထိခိုက်နာကျင်မှုတွေ ဖြစ်လာမယ်” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခြင်းမှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခက သက်သေထူနေသည်။

တစ်ဖွဲ့ကို တစ်ဖွဲ့အပြတ်တိုက်မည်ဆိုခြင်းမှာ ငြိမ်းချမ်းရေးလမ်းစဉ်မဟုတ်သည့်အပြင် ယင်းသို့တိုက်ခိုက်မှုကြောင့်လည်း မြန်မာ့သမိုင်းတွင် အစိုးရကလည်း ပြိုပျက်ခြင်းမရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ပြိုပျက်သွားခြင်း မရှိကြောင်း ဦးဖေသန်းက ထောက်ပြသည်။

“ပြည်သူတွေပဲ ထိခိုက်နာကျင်ရတယ်။ တိုင်းပြည်ပဲ ချွတ်ခြုံကျသွားတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းကလွဲလို့ တခြားနည်းလမ်းမရှိဘူး။ တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လို့ မရဘူး”

နည်းလမ်းရှာခြင်း

ရခိုင်ပြည်နယ်တွင် စစ်ရေးအရှိန် မြင့်လာမည်ကို ဖြေရှင်းနိုင်မည့် နည်းလမ်းကား ရှိပါ၏လော။

အဆိုပါပြဿနာကို ဖြေရှင်းရာတွင် AA အပါအဝင် မဟာမိတ်သုံးဖွဲ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အားလုံးနှင့် ထိတွေ့ပြောဆိုရန်လိုအပ်ကြောင်း၊ အစိုးရက အဆိုပါအဖွဲ့များနှင့် ထိတွေ့ကာ ယခုကိစ္စနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လိုအပ်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောဆိုသည်။

“ဘာကြောင့်လဲဆိုတော့ အခု AA နဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုပေမယ့် ဒီလက်နက်တွေလာနေတဲ့လမ်းကြောင်းအကုန်လုံးကိုလည်း သိနေတာပဲ။ အဲဒီတော့ ဒီပြဿနာကို ဖြေရှင်းတဲ့အခါ AA နဲ့ အစိုးရတင်၊ တပ်မတော်တင်မကဘဲ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ဝိုင်းဝန်းပြီးတော့ အဖြေရှာဖို့တော့လိုတာပေါ့ဗျာ။ ဒါမှပဲ တိုက်ပွဲလည်း ရပ်လို့ရမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း စလို့ရမှာ” ဟု ၎င်းက ဆိုသည်။

ဦးဖေသန်းကမူ AA ကို ရခိုင်ဒေသတွင် အခြေစိုက်ခွင့်ပေးသင့်ပြီး မပေးလျှင် ငြိမ်ချမ်းရေးဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ ‘၀’ လက်နက်ကိုင်အဖွဲ့ဆိုလျှင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုပင် ထိခိုက်နေပြီး ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်ယန္တရားဖြင့် လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အဲဒါကိုတောင် ခွင့်ပြုနိုင်ပြီးတော့ AA တပ်ဖွဲ့ကို ဘာလို့ အခြေစိုက်ခွင့်မပေးနိုင်တာလဲ။ ငြိမ်းချမ်းရေး စားပွဲဝိုင်းကိုသွားချင်တယ်ဆိုရင် သူတို့ကိုတော့ ရပ်တည်မှုတစ်ခု ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေသည့် တိုက်ပွဲများတွင် တပ်မတော်က ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့ အခြေမစိုက်လိုသောကြောင့်ဟု ငြိမ်းချမ်းရေးလေ့လာသူများက မှတ်ချက်ပေးသည်။

ထို့ကြောင့် တပ်မတော်က တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းရာတွင် ရခိုင် (အနောက်ပိုင်းတိုင်း) မပါဝင်လာခြင်းဟု ယူဆကြသည်။ တပ်မတော်ဘက်ကမူ ARSA ရှိသဖြင့် ချန်ထားခြင်းဟု တရားဝင် ပြောဆိုထားသည်။

“တရားဝင်ပြောတာ ARSA ရှိတယ်။ သုံးသပ်ရတာက ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်း အခြေချတာကို လက်မခံဘူးဆိုတဲ့ မူရှိနိုင်တယ်ဆိုတာကို သုံးသပ်လို့ရတယ်။ ဒါကြောင့်မို့ အခြေချတာနဲ့ တပ်မတော်ဘက်က ဝင်ရှင်းလို့ အခုလိုဟာမျိုး ဖြစ်လာတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့ခြေကုပ်ရယူမှုကို အစိုးရနှင့် တပ်မတော်တို့က လက်မခံဆိုသည့် မူဝါဒရှိနေသဖြင့် ရခိုင်ပြည်နယ်ထဲက တပ်နေရာကိစ္စ မဖြေရှင်းနိုင်လျှင် လက်နက်ကိုင်ပဋိပက္ခ ဆက်ဖြစ်နေမည်ဟု ၎င်းက သုံးသပ်သည်။

ARSA ပူးပေါင်းသလော

AA နှင့် ARSA အဖွဲ့တို့ ပူးပေါင်းထားသည်ကို သတင်းရင်းမြစ်နှစ်ခုထံမှ ရရှိထားကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့တွင် AA နှင့် ARSA တို့ အစည်းအဝေးလုပ်ခဲ့သည်ဟု သတင်းရထားပြီး သတင်းစုံစမ်းချက်အရ နယ်မြေခွဲခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်သုံးခုကြား တည်ရှိသည့် မေယုတောင် အနောက်ဘက်ခြမ်းကို ARSA ၊ အရှေ့ဘက်ခြမ်းကို AA လှုပ်ရှားနယ်မြေအဖြစ် ခွဲထားသည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သတင်းရကြောင်း၊ မူးယစ်ဆေးဝါး ဘုံအကျိုးစီးပွားဖြင့် ပူးပေါင်းကြသည်ဟုလည်း နောက်ထပ်သတင်းရင်းမြစ်တစ်ခုထံမှ ရရှိကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းတွင် AA စခန်း နှစ်ခုရှိပြီး ARSA စခန်း သုံးခုရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ARSA မှာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သဖြင့် ယင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန်းက ရပ်စေလိုပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်လျှင်ပင် ARSA အတွက် စစ်ရေးအရ၊ နိုင်ငံရေးအရ အားသာသွားစေမည့် လှုပ်ရှားမှုမျိုး AA အနေနှင့် ရှောင်ကြဉ်စေလိုကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

ARSA အဖွဲ့နှင့် ပူးပေါင်းသည်ဟု ပြောဆိုချက်ကို AA က ကန့်ကွက်ထားပြီး နိုင်ငံရေးအရ ထိုးနှက်ချက်သာဖြစ်ကြောင်းလည်း တုံ့ပြန်ထားသည်။

ယင်းစွပ်စွဲချက်မှာ AA ပုံရိပ်ကို ထိခိုက်ညှိုးနွမ်းအောင် ရည်ရွယ်ပြီး တိုက်ခိုက်သည့် နိုင်ငံရေးညစ်လုံးဟု ဦးခိုင်သုခက တုံ့ပြန်သည်။ ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်စခန်း မရှိဟုလည်း AA ဘက်က ငြင်းဆိုထားသည်။

“ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မလုပ်ဘူး။ အဆက်အဆံလည်း မရှိဘူး။ ဦးဇော်ဌေးက နေရာအတိအကျနဲ့တကွ ဒီလိုမျိုးသိနေတယ်ဆိုတာက တော်တော်ထူးဆန်းတယ်” ဟု ၎င်းက ဆိုသည်။

အကြောင်းပြချက်ကိုယ်စီဖြင့် တိုက်ခိုက်နေကြသည့် ရခိုင့်မြေက စစ်မီးအရှိန်မှာ မြင့်သထက် မြင့်လာရန် ရှိနေသည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့ကလည်း စိုးရိမ်ကြောင်း ထုတ်ပြန်ထားပြီး ရဲကင်းစခန်းများကို တိုက်ခိုက်သည့် AA ၏ လုပ်ရပ်ကိုလည်း ရှုတ်ချထားသည်။

“အဲဒီတိုက်ပွဲတွေများလာတာနဲ့အမျှ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်အရေအတွက်ကလည်း ပိုပြီးများလာနိုင်ပါတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပေးသည်။ 

 

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *