YBS ကတ်စနစ် သုံးစွဲနည်းစနစ် ဇန်နဝါရီ ၁၆ ရက်တွင် သရုပ်ပြမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်များ၌ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနည်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘတ်စ်ကားမှတ်တိုင်အချို့တွင် စတင်မိတ်ဆက်သရုပ်ပြရန် စီစဉ်ထားကြောင်း ဒဂုံမြို့နယ်  မဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဆိုသည်။

Yangon Payment Services (YPS) တင်ဒါကြီးကြပ်ရေးအဖွဲ့က ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များကို ကတ်စနစ်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲတွင် YPS တင်ဒါကြီးကြပ်ရေးအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၏ ပြောကြားချက်များကို ၎င်းက တစ်ဆင့် ပြန်လည်ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ဇန်ဝါရီလ ၁၆ရက် YBS ဘတ်စ်ကားစနစ် စတင်သည့်၂ နှစ် ပြည့် အခမ်းအနားတွင် YPS ကတ်များကို မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဆိုသည်။

အဆိုပါကတ်ဖြင့် ငွေပေးချေစနစ်တွင် ကတ်ထဲသို့ ငွေကျပ်တစ်ထောင်မှစ၍ ထည့်သွင်းအသုံးပြုနိုင်ပြီး ပထမဆုံးကတ် တစ်သိန်းစာအတွက် ကတ်တန်ဖိုးပေးရန်မလိုဘဲ နောက်ပိုင်းကတ်များကိုမူ တစ်ကတ်လျှင် ကျပ်နှစ်ထောင်ဖြင့် ကတ် တန်ဖိုး ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်သိန်းက ကတ်ဖိုးပေးစရာ မလိုဘူး။ တစ်သိန်းပြည့်ရင်တော့ ကတ်ဝယ်စီးမယ့်သူက တစ်ကတ်ကို နှစ်ထောင် ပေးရမယ်။ အခြေခံလူတန်းစားမြန်မြန် ဝယ်သင့်တယ်”ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဆိုသည်။

ဘတ်စ်ကားလိုင်းများတွင် YPS ကတ်စနစ်ကို လာမည့် စက်တင်ဘာလတွင် စတင်အသုံးပြုမည်ဖြစ်ပြီး ဘတ်စ်ကား အစီးလေးထောင်တွင် ကနဦးအသုံးပြုရန် စီစဉ်ထားကြောင်း ပန်းပဲတန်းမြို့နယ်မဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးထံမှ သိရှိရသည်။

ကတ်စနစ်အပြင် ငွေသားထည့်သည့် ပုံးများကို ဆက်လက်ထားရှိမည်ဖြစ်ကာ ငွေသားထည့်သူကို ပြေစာပေးသည့် စနစ် ကျင့်သုံးရန်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ယာဉ်စီးခတွေကို ငွေအစုတ်ပေးတာတွေ၊ မပေးဘဲ စီးတာ၊ ဒရိုင်ဘာတွေ ပိုက်ဆံကိုပုံးထဲ မထည့်တဲ့ ကိစ္စမျိုးတွေ သိပ်မရှိတော့ဘဲနဲ့ Smart ဖြစ်သွားမှာပေါ့”ဟု တိုင်းလွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှု ကော်မတီအဖွဲ့ဝင် ဦးသန်းနိုင်ဦးက ဆိုသည်။

YPS ကတ်များကို ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ထားသောကြောင့်ဘဏ်တွင် ငွေသားထည့်ခြင်း၊ ငွေထုတ် ခြင်းများကို ဆောင်ရွက်နိုင်ပြီး ကတ်ရောင်းချသည့် ဆိုင်များတွင်လည်း ငွေသားထည့်သွင်းနိုင်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျထံမှ သိရှိရသည်။

YBS ဘတ်စ်ကားများအတွင်း ကတ်စနစ်ငွေပေးချေစနစ် Yangon Payment Services (YPS) ပြောင်းလဲအသုံးပြုရန် Asia Starmar Tran-sport  intelligent ကုမ္ပဏီကို ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်တွင်း ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *