မြန်မာတွင် တစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးဧက တစ်သောင်းခန့်လျော့ကျ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ဘိန်းစိုက်ဧက တစ်သောင်းခန့် လျော့ကျသွားကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် မြန်မာနိုင်ငံဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးဧကသည် ဟက်တာလေးထောင်ခန့် (ဧက တစ်သောင်းခန့်) လျော့နည်းခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ဗဟို) နှင့် ပူးပေါင်းလုပ်ဆောင်ထားသည့် ယင်းအစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုဟက်တာ ၄၁,၀၀၀ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃၇,၃၀၀ ဟက်တာသာ ရှိကြောင်း အဆိုပါ အစီရင်ခံစာအရသိရသည်။ တစ်ဟက်တာတွင် နှစ်ဧကခွဲခန့်ရှိသည့်အတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် ဧကတစ်သောင်းခန့် လျော့နည်းသွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဘိန်းစိုက်ပျိုးမှုမြင့်တက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၅၅,၀၀၀ ဟက်တာ အထိရှိခဲ့ကြောင်း မြန်မာနိုင်ငံဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းအစီရင်ခံစာတွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးနေခြင်းဖြစ်ပြီး ကချင်နှင့် ကယားပြည်နယ်တို့ရှိ ဒေသအချို့တွင် အနည်းငယ်စိုက်ပျိုးနေကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ဘိန်းစိုက်ပျိုးထုတ်လုပ်နေသည့် ဒေသများကို ဘိန်းအစားအခြားစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် အစိုးရက လမ်ပန်းဆက်သွယ်ရေးဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးလျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးအုပ်စိုးထွန်းက ပြောကြားသည်။

“ဘိန်းစိုက်နေတဲ့ နေရာတွေမှာ အခြားစိုက်ပျိုးသီးနှံတွေ စိုက်နိုင်အောင် လုပ်ပေးနေပါတယ်။ ကော်ဖီနဲ့ လက်ဖက် ကိုလည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ချိတ်ပြီး ရောင်းချဖို့ လုပ်ဆောင်ပေးနေပါတယ်။ အထိုက်အလျောက်တော့ အောင်မြင်ပါတယ်”၎င်းက ပြောဆိုသည်။

ဘိန်းစိုက်ခင်းများ ပိုမိုဖျက်ဆီးလာခြင်းကြောင့် ဘိန်းစိုက်ပျိုးမှုလျော့နည်းသွားခြင်းဖြစ်ပြီး ဒေသခံများကို အစားထိုး သီးနှံများ စိုက်ပျိုးရောင်းချနိုင်အောင် လုပ်ဆောင်ပေးပါက ပိုမိုလျော့နည်းသွားမည်ဖြစ်ကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (ဗဟို)  ဥက္ကဋ္ဌ ဦးစံရှိန်က ပြောကြားသည်။

“နောက်ပိုင်းက တောင်တက်တဲ့ သူတွေကလည်း များလာတယ်။ အဲဒီလို ဘိန်းစိုက်တဲ့နေရာတွေမှာ ခရီးသွားလုပ်ငန်းတွေ လုပ်လာပြီး လူသူအရောက်များလာမယ်ဆိုရင် ဘိန်းစိုက်ခင်းတွေ တဖြည်းဖြည်း လျော့လာမှာပေါ့”ဟု ဦးစံရှိန်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တရားမဝင်ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှု စစ်တမ်းကောက်ယူခြင်းကို ၂၀၀၁ ခုနှစ်မှ စတင်ကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (ဗဟို) သည်  (UNODC) ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်အတွင်းရှိ လွိုင်လင်၊ ဟိုပုံး၊ ပင်လောင်းနှင့် တာချီလိတ်မြို့နယ်တို့တွင် အစားထိုးဖွံ့ဖြိုးလုပ်ငန်းများလုပ်ဆောင်ပေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *