ဦးကိုနီအသတ်ခံရမှု ရုံးချိန်းတစ်ရာပြည့်၊ သက်သေသုံးဦး စစ်ရန်ကျန်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

NLD ပါတီ၏ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် ဖမ်းဆီးတရားစွဲဆို ထားသူများကို ရုံးထုတ်စစ်ဆေးမှုအကြိမ် တစ်ရာပြည့်သွားပြီဖြစ်ပြီး သက်သေသုံးဦးသာစစ်ဆေးရန် ကျန်ရှိတော့ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

သက်သေသုံးဦးကို စစ်ဆေးပြီးပါက အပြီးသတ်လျှောက်လဲချက်ပေးရမည်ဖြစ်ပြီး ယင်းနောက် အပြီးသတ် အမိန့်ချမှတ်နိုင်တော့မည် ဖြစ်သည်။

“အပြီးသတ်အမိန့်ချဖို့ ရုံးချိန်းလေးချိန်း၊ ငါးချိန်းလောက်တော့ ကျန်ဦးမှာပေါ့” ဟု ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဦးကြည်လင်းအတွက်အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောဆိုသည်။

ဦးကိုနီအမှုကို ၂၀၁၇ ခုနှစ် မတ်လ ၁၂ရက်နေ့မှ စတင်ကာ မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီးပြစ်မှု  ကျူးလွန်သည်ဟု ဖမ်းဆီးထားသူများကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုသည် ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည့်အတွက် တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက စွပ်စွဲခံရသူများသည့် အမှုကို ကြန့်ကြာအောင်လုပ်ဆောင်နေကြောင်း ဝေဖန်မှုများရှိခဲ့သည်။

ယင်းသို့ ဝေဖန်မှုနှင့်ပတ်သက်ပြီး ဦးကြည်လင်းရှေ့နေဦးကျော်ကျော်ထိုက်က “စွပ်စွဲခံရသူတွေကို စစ်ဆေးတာက အမှုကြာတဲ့ အချိန်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိသေးတာ။ အဲဒါကို သူတို့က အချိန်ကြန့်ကြာအောင် လုပ်နေတယ်ဆိုတော့ ဘယ်သူက လုပ်တာလဲ”ဟု ပြောဆိုသည်။

အမှုကြန့်ကြာနေမှုများနှင့် ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက တရားရုံးတွင် တရားရေးဝန်ထမ်းအင်အားနည်းပါးနေမှုအပါအဝင် အခြား အကြောင်းများကြောင့် အမှုများကြန့်ကြာနေခြင်းကို ဖြေရှင်းရန် တရားလွတ်တော်ချုပ်နှင့် ညှိနှိုင်းမှုများလုပ်ထားကြောင်း ပြောကြားထားသည်။

ထို့အပြင် လူအင်အားထပ်တိုးမည်ဆိုပါက သမ္မတရုံးကို တင်ပြကာ ဘတ်ဂျက်ကိစ္စကိုလည်း လွှတ်တော်ကို တောင်းခံနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

အမှုတွင် ပါဝင်နေသည့် ကြည်လင်းကို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ လက်နယ်သယ်ယူမှု၊ အောင်ဝင်းဇော်ကို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှု၊ ဇေယျာဖြိုးကို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုအပြင် အားပေးကူညီမှုနှင့် အောင်ဝင်းထွန်းကို ပြစ်မှုကျူးလွန်သူအား လက်သင့်ခံမှုတို့ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရှေ့နေဦးကိုနီကို ဦးကြည်လင်းက သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး တရားခံကြည်လင်းအား အုတ်ခဲဖြင့်ပစ်ကာ ဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *