စနစ်ကျ၍ အရှိန်ဆက်ရနေမည့် ဥပဒေပြုရေး

ဓာတ်ပုံ - မိုးကျော်လွင်

သုံးနှစ်သားရှိလာပြီဖြစ်သည့် ဒုတိယအကြိမ်ပြန်ထောင်စုလွှတ်တော်သည် ပြီးခဲ့သည့်နှစ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများ အပြောင်းအလဲဖြစ်ခဲ့သော်လည်း အရှိန်ကျမသွားခဲ့သလို ပို၍လည်း စနစ်ကျလာသည်ကို တွေ့ရသည်။ ယခုဇန်နဝါရီလကုန်တွင် သုံးနှစ်ပြည့်မြောက်မည်ဖြစ်ပြီး လွှတ်တော်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပါးနပ်ကျွမ်းကျင်နေပြီလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ်ထဲတွင် ဥပဒေပေါင်း ၃၆ ခုကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းအတည်ပြုနိုင်ခဲ့သည်။ မူးယစ်ဆေးဝါးဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ စသည့် အများပြည်သူအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအပါအဝင် ဟောင်းနွမ်းနေပြီး ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေတို့ကို ပြင်ဆင်နိုင်ခဲ့သည်။ အလားတူပင် လူများစွာနှင့် နေ့စဉ်ထိတွေ့နေရသည့် လုပ်ငန်းစဉ်များ၊ လူနေမှုဘ၀များတွင် တိုက်ရိုက်သက်ရောက်မှုရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်ရေးဥပဒေကဲ့သို့သော ဥပဒေတို့ကိုလည်း ပြင်ဆင်ခဲ့သည်။

ဓာတ်ပုံ – မိုးကျော်လွင်

 

စည်းနှင့် ဘောင်နှင့် နည်းလမ်းတကျပြတ်သားစွာကိုင်တွယ်တတ်သည့် ဦးဝင်းမြင့်နေရာတွင် ဆက်ခံသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် သဘောထားပျော့ပျောင်းသူ ဖြစ်သော်လည်း ဥပဒေကျွမ်းကျင်သူဖြစ်ရာ လွှတ်တော်ကို နိုင်နင်းစွာဆက်လက်မောင်းနှင်နိုင်ခဲ့သည်။ တိုင်းရင်းသားလည်း ဖြစ်၊ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းလည်း ဖြစ်သည့် ၎င်းသည် လက်ကျန်ကာလတွင် ပြည်ထောင်စုလွှတ်တော်၏ နာယကအဖြစ်လည်း ဆောင်ရွက်ရမည်ဖြစ်သည်။ တစ်ဖန် ၎င်းသည် တပ်မတော်နှင့်နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သူဖြစ်ရာ တပ်မတော်၏ သဘောသဘာဝများနှင့်ယဉ်ပါး၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့ကို ကိုင်တွယ်ရေးတွင် ပို၍ လိမ္မာပါးနပ်မည်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဦးတီခွန်မြတ်သည် သူရဦးရွှေမန်း၏ အနီးကပ်လူယုံတစ်ဦးဖြစ်ခဲ့သောကြောင့် တပ်မတော်နှင့် ဆက်ဆံရေးကောင်းသူဖြစ်လင့်ကစား ဦးရွှေမန်းနှင့် တပ်မတော်တို့အကြား ချောမွေ့မှုမရှိသော ဆက်ဆံရေးကြောင့် တပ်မတော်ဘက်မှ သတိထားစောင့်ကြည့်မှုရှိနေမည်ဖြစ်သည်။ ထို့အပြင် သူရဦးရွှေမန်း ကိုင်တွယ်ထိန်းကျောင်းခဲ့သော လွှတ်တော်၏အစဉ်အလာများမှလည်း ဖောက်ထွက်မည့် သူမဟုတ်ဟူသော အကဲဖြတ်မှုများလည်း ရှိနေသည်။

သို့သော် တပ်မတော်အနေနှင့်လည်း ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစ၍ ကြီးမားသည့် သဘောထားပြောင်းလဲမှုများကို အများပြည်သူသိအောင် ဖော်ပြလာသည်တို့ရှိနေရာ လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များသည်လည်း ဥပဒေပြုရေးတွင် အများပြည်သူအကျိုးစီးပွားနှင့် ဆန့်ကျင်သည့် လုပ်ရပ်များ သိသာစွာလျော့ပါးလာဖွယ်ရှိသည်။ ဇန်နဝါရီလ ၄ ရက်နေ့က အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ရာ အာဏာရပါတီနှင့် တပ်မတော်အကြား စိမ်းကားမနေသည့် ဆက်ဆံရေးရှိနေကြောင်း ပြသနေခြင်းဖြစ်သည်။

ဓာတ်ပုံ – မိုးကျော်လွင်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် မန်းဝင်းခိုင်သန်းသည်လည်း လွှတ်တော်အပေါ် ဩဇာညောင်းသူလည်း ဖြစ်ရာ ဥပဒေပြုရေးမဏ္ဍိုင်သည် ရာနှုန်းပြည့်မဟုတ်သည့်တိုင် အားနည်းသည်ဟူ၍လည်း မဆိုသာသည့် အခြေအနေတွင် ရှိနေသည်။

လွှတ်တော်အစည်းအဝေးများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်ထဲတွင် ပျမ်းမျှနှစ်လမှ သုံးလဝန်းကျင်ကြာမြင့်မည့် ပုံမှန်အစည်းအဝေးလေးကြိမ်ကျင်းပရန် လျာထားသည်။ အစည်းအဝေးနားရက်နှင့် ရုံးပိတ်ရက်များကို ဖယ်လိုက်ပါက အစည်းအဝေးကျင်းပရက် ၁၅၀ ကျော်သာရှိနေရာ ကိုယ်စားလှယ်များအနေနှင့် ဥပဒေပြုရေးနှင့် မဲဆန္ဒနယ်မြေတွင် ကွင်းဆင်းကာ ပြည်သူ့အသံနားထောင်ရေးတို့ကို မျှတစွာ ဆောင်ရွက်နိုင်လိမ့်မည်။

လွှတ်တော်အစည်းအဝေးများတွင် နှစ်စဉ်ပြဋ္ဌာန်းမြဲဖြစ်သည့် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ အခွန်အကောက်ဥပဒေနှင့် အမျိုးသားစီမံကိန်းဥပဒေတို့အပါအဝင် မူပိုင်ခွင့်ဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဆိုင်ရာဥပဒေ၊ ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိမ်းသိန်းရေးဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ စသည့် အနုပညာ၊ စာပေလောကသားများ၊ အလုပ်သမားများနှင့် ပြည်သူတစ်ရပ်လုံးအထိ အကျုံးဝင်မည့် ဥပဒေများ ပြဋ္ဌာန်းရန်ရှိနေသည်။

သို့သော် စက်တင်ဘာလအတွင်းက ပြဋ္ဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့် ပတ်သက်၍ တိုင်းရင်းသားများအပါအဝင် ကျေးလက်နေပြည်သူများ၊ တောင်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့၏ မကျေနပ်သံများပေါ်ထွက်ခဲ့ရာ လာမည့် ဥပဒေများတွင် သက်ဆိုင်ရာအများပြည်သူ၏ သဘောထားများ၊ မြေပြင်အခြေအနေများကို သေချာလေ့လာဆန်းစစ်ပြီးမှ ဥပဒေရေးဆွဲနိုင်ဖို့ အရေးကြီးသည်။

ဓာတ်ပုံ – မိုးကျော်လွင်

တစ်ချိန်တည်းတွင် လွှတ်တော်သည် NLD ပါတီက အပြတ်အသတ်လွှမ်းမိုးထားသည်ဖြစ်ရာ တစ်ပါတီထဲ၏ သဘောဆန္ဒထက် တိုင်းရင်းသားများနှင့် အခြားပါတီငယ်များ၏ သဘောထားတို့ကိုလည်း အလေးထားရန်လည်း လိုနေသည်။ သို့မဟုတ်ပါက ပြီးခဲ့သည့် နှစ်များတွင် ပေါ်ပေါက်ခဲ့သည့် တစ်ပါတီထဲက ဗိုလ်ကျစိုးမိုးသည့် လွှတ်တော်ဆိုသည့် ဝေဖန်မှုများကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

အစိုးရကိုထိန်းကျောင်းခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်များတွင် ရှိခဲ့သည့် လျော့လျဲအားနည်းမှုသည် ယခုနှစ်အတွင်းတွင်လည်း ဆက်လက်ရှိနေဖွယ်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲများရှိနေရာ ၂၀၁၉ ခုနှစ်သည် အာဏာရပါတီ တစ်နည်းအားဖြင့် အစိုးရအတွက် အမှတ်ကောင်းများရရှိရန် လိုအပ်နေရာ အစိုးရပုံရိပ်ကျစေမည့် ထိန်းကျောင်းမှုမျိုးကိုလည်းလွှတ်တော်ကရှောင်ရှားနိုင်ခြေရှိနေသည်။

စင်စစ်အားဖြင့် ယနေ့ မြန်မာလွှတ်တော်များသည် ဒီမိုကရေစီနိုင်ငံများတွင် ကျင်းပနေသော လွှတ်တော်များနှင့် မတူဘဲ ပြီးခဲ့သည့် သက်တမ်းက သူရဦးရွှေမန်းစတင်ဦးဆောင်ခဲ့သော လွှတ်တော်ပုံစံအတိုင်း ဆက်လက်စခန်းသွားနေခြင်းဖြစ်ရာ ဒေသတစ်ခုနှင့် တစ်ခု မတူညီသော အခြေအနေများ၊ ကျွမ်းကျင်စိတ်ဝင်စားမှု၊ သက်ဆိုင်ပတ်သက်မှုမရှိသော အကြောင်းအရာများကို တစ်စုတစ်စည်းတည်း တစ်နေရာတည်းတွင် အမျိုးသားဝတ်စုံအပြည့်အစုံဖြင့် အချိန်အကုန်ခံနားထောင်၊ ဆွေနွေး၊ ဆန္ဒမဲပေး၊ အတည်ပြုနေရဆဲ ဖြစ်သည်။ ယင်းအခြေအနေအတိုင်း ၂၀၁၉ တွင်လည်း တွေ့မြင်နေရဦးမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သမ္မတဦးဝင်းမြင့်သည် သူ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် အရှိန်ရလျက်ရှိပြီး နာမည်ကောင်းထွက်ကာ ထင်ပေါ်ကျော်ကြားလာသည်နှင့်အမျှ လွှတ်တော်သည် သမ္မတနှင့် မပြိုင်နိုင်ဘဲ သမ္မတနောက်သို့ ရောက်သွားလိမ့်မည်။ တစ်နည်းအားဖြင့် သမ္မတကို ထိန်းကျောင်းဖို့ထက် သမ္မတကသာ လွှတ်တော်ကို လွှမ်းမိုးထိန်းကျောင်းသွားနိုင်ခြေ ပို၍များလိမ့်မည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *