Steve Jobs

Apple တည်ထောင်သူ Steve Jobs သေပြီး ၁၉ ရက်အကြာမှာ ထွက်တဲ့စာအုပ်။ Steve Jobs ရဲ့ အတ္ထုပ္ပတ္တိ တွေထဲမှာမှ ဒီစာအုပ်က သူ့ခွင့်ပြုချက်နဲ့ ထုတ်တဲ့စာအုပ်လို့  ပြောလို့ရတယ်။ Steve Jobs ရဲ့ ခွင့်ပြုချက်နဲ့ အိမ်ကို ဝင်ထွက်သွားလာပြီး မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို တွေ့ဆုံမေးမြန်းပြီး ရေးခဲ့တဲ့အတွက် Steve Jobs အကြောင်း အပြည့်စုံဆုံးစာအုပ် ဖြစ်တယ်။ စာမျက်နှာ ၆၀၀ ကျော်တယ်။  စာအုပ်ထွက်စ ၂၀၁၁ မှာ အိန္ဒိယလေဆိပ်ထဲကနေ ကျွန်တော်  ဝယ်ခဲ့တာကို မှတ်မိနေပါသေးတယ်။ ဒါ့ကြောင့် ဈေးက  သာမန်ဈေးထက် ထက်ဝက်သက်သာတယ်။ ရေးသူက  တကယ့်ဧရာမပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေဖြစ်တဲ့ Benjamin Franklin နဲ့ Albert Einstein စာအုပ်တွေ ရေးခဲ့တဲ့  နာမည်ကြီး Walter Issacson ဖြစ်တဲ့အတွက် Steve Jobs က သူ့လူတွေနဲ့ တွေ့နိုင်မေးမြန်းနိုင်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်နိုင်တယ်။ လူတွေ ပိုအလေးထားပြီး ဖတ်တယ်။

SteveJobs က ရေးထားတာတွေ သူ့ကို ပြပြီးမှ ထုတ်ပါလို့လည်း စာရေးသူ Issacson ကို မပြောဘူး။  အဖုံး Design ပဲ ပြလို့ ပြောတယ်။ Jobs က ဒီဇိုင်းကို သိပ်ဂရုစိုက်တဲ့သူဆိုတာ ဒါနဲ့တင် သေချာတယ်။ သူ့ရဲ့Apple  ပစ္စည်းတွေဟာ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက မြင်တာနဲ့ လိုချင်အောင် ဆွဲဆောင်နိုင်တယ်။ မလိုအပ်တဲ့ အလှအပတွေ လုပ်ထားတာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့  သပ်ရပ်တာမျိုး minimalist design ။

ဗစစူနရဲ့ ထုတ်ကုန်တွေဟာ လူတွေ သိပ်တန်ဖိုးထားရတဲ့ ပစ္စည်းတွေ။ iPad တို့၊ iPod တို့၊ iPhone တို့ဟာ နယ်ပယ်သစ်တစ်ခုစီကို လူတွေကို ခေါ်သွားခဲ့တဲ့ တော်လှန်ရေး ပစ္စည်းတွေ။ လူတွေက သူတို့လိုချင်တာ၊ လိုအပ်တာကို မသိဘူး။  ဒီတော့ ကိုယ်က သူတို့ကိုယ်စားတီထွင်ပြီး လက်အရောက် ထည့်ပေးရမယ်။ အဲဒီအခါကျမှ ‘ငါတို့ လိုချင်တာ ဒါမျိုး’ လို့ လူတွေကသိမယ်လို့ Steve Jobs က ယူဆတယ်။ သူ့ လက်ထက်မှာထုတ်ခဲ့တဲ့ ပစ္စည်းတွေဟာ အဲဒီအတိုင်းတွေ ချည်းပဲ။ လူတွေရဲ့ အသည်းနှလုံးကိုလည်း သူ့ပစ္စည်းတွေက ဆွဲယူထားနိုင်တယ်။ သူ့ Apple ပစ္စည်းအသစ်ထွက်မယ့် မနက်ကို ဦးဦးဖျားဖျားဝယ်နိုင်ဖို့ ဆိုင်တွေ ရှေ့မှာ ညကတည်းက တန်းစီစောင့်ကြရတယ်။ ဒါ့ကြောင့် Steve Jobs ကို  marketing guru ဈေးကွက်တင်ဂုရုကြီးလို့လည်း သတ်မှတ်ကြတယ်။ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ တွေမှာ  Jobs မိတ်ဆက်တင်ပြသွားတာတွေကို အတုခိုးကြတယ်။ ပညာရှင်တွေက သူ့ရဲ့ဟန်တွေကို လေ့လာပြီး ကျောင်းသားတွေကို ပြန်သင်ပေးကြရတယ်။

Steve Jobs ရဲ့ လူတွေကို သူ့ဘက်ပါအောင် စည်းရုံးနိုင်စွမ်းကလည်း ဒဏ္ဍာရီဆန်လွန်းတယ်။ နာမည်ကျော် ဥပမာတစ်ခု ပြောပါ့မယ်။ သူ့ Apple မှာ CEO လိုတော့  Pepsi (Pepsi က Coke နဲ့အပြိုင် နာမည်ကြီး သကြားရည် ပါပဲ) မှာ  President အလုပ်နေတဲ့ Sculley ကို စည်းရုံးတယ်။  ဟိုလူလုပ်နေတဲ့ ကုမ္ပဏီက ဧရာမကြီး။ ငွေနဲ့ ရာထူးနဲ့ ဘယ် စည်းရုံးနိုင်မလဲ။ နောက်ဆုံး “မင်းတစ်သက်လုံး သကြားရည်ပဲ ရောင်းမှာလား၊ ကမ္ဘာကြီးကို ပြောင်းမှာလား” မေးလိုက်တယ်။  ဟုတ်တာပဲ။ Pepsi က သကြားရည်ပဲလေ။ ဟိုပုဂ္ဂိုလ်  တစ်ခါတည်း ပါလာတယ်။ သကြားရည်ကုမ္ပဏီကို ပစ်ပြီး။  Steve Jobs စည်းရုံးတာ ဘယ်လောက်ကောင်းသလဲဆို သူခေါ်လာတဲ့ သကြားရည်ကုမ္ပဏီကလူနဲ့ ဒါရိုက်တာအဖွဲ့နဲ့ ပေါင်းပြီး နောက်ကျ Steve Jobs ကို Apple ကနေ ကန်ထုတ်ပစ်လိုက်တယ်။ Steve Jobs ကြောင့် စိတ်ဓာတ်တက်ကြွ သွားတာများ။

Steve Jobs ဟာ Apple အခြေအနေ မကောင်းချိန်မှာ ပြန်ရောက်လာပြီး ကယ်လိုက်တယ်။ ကျရှုံးလုနီးနီး  ကုမ္ပဏီကို သူဘယ်လို ပြန်ဆယ်သွားလဲဆိုတာ ကနေ့ ကမ္ဘာ့စီးပွားရေးတက္ကသိုလ်တွေမှာ case study တစ်ခု အဖြစ် လေ့လာပညာယူနေကြရတယ်။ သင်ခန်းစာတွေ အများကြီးပေမယ့် ကျွန်တော်အကြိုက်ဆုံး သင်ခန်းစာက တစ်ခုတည်းပါ။ focus အာရုံစူးစိုက်မှု။ ‘Deciding what not to do  is as important as deciding what to do’ တဲ့။ ‘ဘာမလုပ်ဘူးလဲ  ဆုံးဖြတ်တာက ဘာလုပ်မလဲ ဆုံးဖြတ်တာနဲ့ တန်းတူ အရေးကြီးတယ်’။ Steve Jobs ပြန်ရောက်လာချိန်မှာ Apple ဟာ ပစ္စည်းတွေ အမယ်အများကြီး ထုတ်နေတယ်။  Macintosh ကွန်ပျူတာတစ်မျိုးတည်းတင် အမယ်  version ၁၂ ခုလောက်ရှိတယ်။ Steve Jobs က ၇၀ ရာခိုင်နှုန်းလောက် ဖြတ်ချပစ်လိုက်တယ်။ အဓိက ပစ္စည်းလေးမျိုးပဲထုတ်ဖို့ နောက်ဆုံး ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ဟာ Apple ကို လူတွေ တသသပြောရတဲ့ ကုမ္ပဏီအဖြစ်  ရောက်စေခဲ့တယ်။ iPad ၊ iPhone နဲ့ iPod တို့ဟာ  လူ့လောကကို နောက်တစ်ဆင့်ရောက်သွားစေတဲ့ ပစ္စည်းတွေ  ဖြစ်တယ်။

ထူပေမယ့် ကြိုးစားဖတ်ကြည့်ပါ။ ခေါင်းဆောင်မှု၊  စီးပွားရေး၊ နည်းပညာ၊ စဉ်းစားနည်းတွေသာမက ဘ၀ နေနည်းတွေပါ ရပါလိမ့်မယ်။

ဇေယျသူ

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *