နိုင်ငံတကာဖိအားဒဏ် ခံရဦးမည့် ရခိုင်ပြည်နယ်အရေး

မောင်တောဒေသအရေးကြောင့် ၂၀၁၈ တစ်နှစ်လုံး နိုင်ငံတကာ၏ အလွန်အကျွံ ဖိအားပေးမှု၊ အရေးယူရန် ကြိုးပမ်းမှုတို့ကို ခံခဲ့ရပြီး ယခုနှစ်တွင်လည်း ဖိအားဒဏ်ကို ဆက်လက် ခါးစည်းခံကြရဦးမည် ဖြစ်သည်။

ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက် ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ ပြန်မခေါ်နိုင်သေးသဖြင့် နိုင်ငံတကာဖိအားမှာ လျော့ကျခြင်းမရှိသေးပေ။

ထွက်ပြေးဘင်္ဂါလီများကို ပြန်ခေါ်ရန် မြန်မာအစိုးရက နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း မြန်မာနိုင်ငံက ပြန်လက်ခံရန် အဆင်သင့်မဖြစ်သေးဟုဆိုကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဖိအားပေး ကန့်ကွက်မှု၊ ဘင်္ဂလားဒေ့ရှ်၏ လွဲမှားမှုတို့ ကြောင့် အထမမြောက်ခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်၏ လွဲမှားမှုဆိုရာတွင် ဒုက္ခသည်များ နေရပ်ပြန်ပို့ရာတွင် ကာယကံရှင်များ၏ သဘောဆန္ဒဖြင့် ပြန်လာရမည်ဆိုသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက လူရွေးကာ ပြန်ပို့ရန် စီစဉ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ မပြန်ကြရန် နိုင်ငံတကာကသာ ဆက်လက်ဖိအားပေးနေလျှင် ထွက်ပြေးဘင်္ဂါလီများ ပြန်လာရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရထားသည့်ဝန်ကြီးချုပ် ပြန်လည်ရွေးချယ်ခံရခြင်းမှာလည်း ဘင်္ဂါလီလက်ခံရေးအတွက် ပိုမိုခက်ခဲစေနိုင်သည်။

ဘင်္ဂါလီများကလည်း ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားပေးမှသာလျှင် ပြန်လာမည်ဟု ပြောဆိုထားသည်။ ပြန်လာလိုသည့် ဘင်္ဂါလီအချို့မှာလည်း အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှုများဖြင့် ရင်ဆိုင်နေရသည်။ INGO များကလည်း ၎င်းတို့ အကျိုးစီးပွားဖြစ်ထွန်းနေသဖြင့် ဘင်္ဂါလီများကို မပြန်စေလိုကြကြောင်း ဝေဖန်မှုများလည်း ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင်များအပါအဝင် ထွက်ပြေးသူအချို့သာ ပြန်လာနိုင်ခြေရှိပြီး နိုင်ငံတကာဖိအားလျော့ကျနိုင်သည်အထိ ပမာဏအများအပြား ပြန်လာနိုင်ခြေမရှိသဖြင့် ၂၀၁၉ မှာ ဘင်္ဂါလီလက်ခံရေးလုပ်ငန်းစဉ်တွင် အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်ရမည့်နှစ် ဖြစ်သည်။

လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖောက်သည်၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းမှုဟု စွပ်စွဲကာ အရေးယူရန် ကြိုးပမ်းမှုများမှာလည်း ဆက်လက်ရင်ဆိုင်ကြမည်ဖြစ်သည်။

သိန်းနှင့်ချီသော ဘင်္ဂါလီများကို နှင်ထုတ်ခဲ့သည်ဟုဆိုကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင်လည်း အရေးယူရန် ကြိုးပမ်းနေကြသည်။ အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် တရားစီရင်ခွင့်မရှိဟု မြန်မာဘက်က ငြင်းဆန်သော်လည်း ICC ၏ အောက်ခြေအဆင့်တရားရုံးက တရားစီရင်ခွင့်ရှိသည်ဟုဆုံးဖြတ်ကာ မြန်မာဘက်က အပြစ်ရှိကြောင်း သက်သေများရှာနေကြပြီဖြစ်သည်။ ယင်းအရေးမှာလည်း ၂၀၁၉ တွင် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ မြင့်တက်လာသဖြင့် မြန်မာအစိုးရက နိုင်ငံတကာကပုဂ္ဂိုလ် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သက်သေများကိုပို့ပေးကြရန် ကော်မရှင်က ဘာသာစကားလေးမျိုးဖြင့် တောင်းခံထားသည်။ ကော်မရှင်၏ အစီရင်ခံစာမှာလည်း ၂၀၁၉ တွင် ထွက်ပေါ်လာမည်ဖြစ်သည်။

မြန်မာအစိုးရနှင့် တပ်မတော်တို့ လုပ်ရပ်ကို ကာကွယ်ရန် လုပ်ဆောင်နေသည်ဟုဆိုကာ ယင်းကော်မရှင်ကို ဖျက်သိမ်းပြီး နိုင်ငံတကာက ဝင်ရောက်စစ်ဆေးမှုကို လက်ခံရန် ဖိအားပေးမှုများလည်း ရှိနေသည်။ ထို့ကြောင့် ကော်မရှင်၏ အစီရင်ခံစာတွင် နိုင်ငံတကာ လက်ခံကျေနပ်နိုင်သည့် ဖော်ထုတ်ချက်များ မပါဝင်လာလျှင် နိုင်ငံတကာ၏ ဖိအားအလွန်အကျွံပေးမှုဒဏ်ကို ဆက်လက်ခံကြရမည်ဖြစ်ပြီး နိုင်ငံတကာ ဝင်ရောက်စစ်ဆေးခွင့် တောင်းဆိုမှုလည်း ပိုညံလာမည် ဖြစ်သည်။

မောင်တောအကြမ်းဖက်တိုက်ခိုက်မှုကို ရှင်းလင်းရာတွင် ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံပြီးနောက် တပ်မတော်ခေါင်းဆောင်များကိုအရေးယူရန် တောင်းဆိုသံများ ပိုကျယ်လာသည်။

လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုဟုဆိုကာ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေချိန် နိုင်ငံတကာဖိအားကို တုံ့ပြန်ချေဖျက်နိုင်ရန် လုံလောက်သည့် ပြင်ဆင် မှုများ မရှိသေးသဖြင့် ကုလသမဂ္ဂ မျက်နှာစာ တွင် မြန်မာအပေါ် အရေးယူရန် ကြိုးပမ်းမှုမှာလည်း ဆက်လက်ရှိနေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူမှုများ၊ ဖိအားတံပိုးများလည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

ဥရောပသမဂ္ဂ (EU) က မြန်မာအပေါ် ပေးထားသည့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ရုပ်သိမ်းရန်စဉ်းစားနေပြီး ဘင်္ဂါလီလက်ခံရေးလုပ်ငန်းစဉ်များ၊ နိုင်ငံတကာ စွပ်စွဲနေသည့်ကိစ္စများကို စနစ်တကျမဖြေရှင်းနိုင်လျှင် EU ၏ အရေးယူမှုမှာလည်း ဖြစ်လာနိုင်ခြေရှိနေသည်။

၂၀၁၆ နှင့် ၂၀၁၇ ကဲ့သို့ မောင်တောဒေသတွင် အလုံးအရင်းဖြင့် အကြမ်းဖက်တိုက်ခိုက်မှုမျိုး မဖြစ်နိုင်သော်လည်း နယ်စပ်ဖြတ်ကျော်ကာ တိုက်ခိုက်မှုများဖြစ်နိုင်သေးသဖြင့် သတိထားရမည့်နှစ်ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးတွင် ယခုနှစ်အတွက် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အရေးကို ထည့်သွင်းရမည်ဖြစ်သည်။ လနှင့်ချီတိုက်ပွဲဖြစ်ပြီးနောက် နယ်ခြားစောင့်ရဲကင်းစခန်းလေးခုကို AA က ဝင်တိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးကာ ကိုးဦးဒဏ်ရာရပြီး လက်နက်ငယ်မျိုးစုံ ၄၀ အပါအဝင် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ တုံ့ပြန်ချေမှုန်းနှိမ်နှင်းမည်ဟု ဆိုထားသဖြင့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာဖွယ်ရှိသည်။

နေ့စဉ်နှင့်အမျှ စစ်ဘေးရှောင်များတိုးလာသည့် အခြေအနေတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိသဖြင့် ပြည်သူများ စစ်ဘေးဒဏ်ခံရမှုမှာလည်း ပိုဆိုးလာဖွယ်ရှိနေသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *