ဝေဖန်မှုများကြောင့် သရုပ်ဆောင်အလုပ်ကို ဆက်မလုပ်နိုင်လောက်အောင်အထိ စိတ်ဓာတ်ကျခဲ့ရဖူးကြောင်း ကီယာနိုက်တလေ ဖွင့်ဟ

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၀

လက်ရှိအချိန်မှာ ဟောလိဝုဒ်ရဲ့ ထိပ်တန်းအမျိုးသမီး သရုပ်ဆောင်တစ်ယောက်ဘ၀ ရောက်ရှိနေပြီဖြစ်တဲ့ ကီယာနိုက်တလေက သူမ အသက် ၂၀ ကျော်အရွယ်တုန်းက ဝေဖန်မှုတွေကြောင့် သရုပ်ဆောင်အလုပ်ကို ဆက်မလုပ်နိုင်လောက်အောင်အထိ စိတ်ဓာတ်ကျခဲ့ရဖူးကြောင်းဖွင့်ဟ ပြောကြားလိုက်တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ကီယာနိုက်တလေဟာ ဆယ်ကျော်သက်အရွယ်မှာပဲ Bend It Like  Beckham၊ Pirates Of The  Caribbean တို့လို ဇာတ်ကားတွေနဲ့ လူသိများ ကျော်ကြားလာခဲ့ပေမယ့် သူမရဲ့ သရုပ်ဆောင်မှုအပေါ် ဝေဖန်မှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီလိုပြင်းထန်တဲ့ ဝေဖန်မှုတွေကြောင့် အသက် ၂၂ နှစ်အရွယ်မှာ စိတ်ဓာတ်လုံးဝကျသွားခဲ့ပြီး သရုပ်ဆောင်အလုပ်ကို လုံးဝရပ်နားမိတော့မလို အခြေအနေအထိ ဖြစ်ခဲ့ရတယ်လို့ ကီယာနိုက် တလေက Balance မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပါ။

“အဲဒီအချိန်တုန်းက ကျွန်မဟာ အရွယ်ရောက်ခါစပဲ ရှိပါသေးတယ်။ တခြားလူငယ်တွေလိုပဲ ကိုယ်ဘာကောင်လဲဆိုတာ သေချာမသိသေးသလို ဘာအတွက် အသက်ရှင်နေတာလဲဆိုတာကိုလည်း သေချာမသိသေးပါဘူး။ ကျွန်မရဲ့ခန္ဓာကိုယ်က ပြောင်းလဲနေပြီး ကိုယ့်ရဲ့ပုံစံက ဘယ်လိုမျိုးလဲဆိုတာကိုတောင် မသိခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ လူငယ်အမျိုးသမီးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျွန်မအပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့ပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးခဲ့ပြီး ငါက ငါလုပ်နေတဲ့အလုပ် နဲ့ ထိုက်တန်မှုမရှိဘူးလို့လည်း ခံစားခဲ့ရပါတယ်” လို့ လက်ရှိအချိန်မှာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကီယာနိုက်တလေက ပြောပါတယ်။

ဒါပေမဲ့ တစ်နှစ်ခန့် သရုပ်ဆောင်အလုပ်မှအနားယူကာ ခရီးတွေထွက်ပြီးတဲ့နောက်မှာတော့ သူမအနေနဲ့ သရုပ်ဆောင်အလုပ်ကို ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်ဆိုတာ နားလည်သိရှိလာကာ လုပ်ငန်းခွင်ကို ပြန်ဝင်နိုင်ခဲ့ကြောင်း ကီယာ နိုက်တလေက ပြောကြားခဲ့ပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *