“ဘာပဲဖြစ်ဖြစ် ချင့်ချိန်ပြီးတော့သုံးကြဖို့ပဲ ပြောချင်တယ်။ လွန်ရင် ဘေးပဲလေ”

အဆီကျလိုသူများ အများဆုံးသုံးစွဲသော ချင်းနှင့် သံပုရာဖျော်ရည်ကို အဆီကျ မကျနှင့် ဆိုးကျိုးများ ရှိ မရှိ စမ်းသပ်ခဲ့ရာ ရရှိလာသည့် ရလဒ်များအကြောင်း သုတေသနပြုလုပ်ခဲ့သူ ဆေးသုတေသနဦးစီးဌာန ဆေးဝါးဗေဒသုတေသနဌာနခွဲမှ သုတေသနမှူး ဒေါက်တာညီညီဝင်းနှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

The Voice Journal – ပထမဆုံး သုတေသနပြုလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို သိချင်ပါတယ်။

Dr.NNW – ချင်းနဲ့ သံပုရာပေါင်းထားတဲ့ဆေးက တကယ်အဆီကျစေတဲ့ အာနိသင်ရှိရဲ့လားဆိုတာကို အရင်ဆုံးစမ်းတယ်။ ပထမတစ်နှစ်မှာ အဲဒါစမ်းလိုက် တယ်။ ပထမဆုံးစစမ်းတဲ့အခါမှာ လူတွေမှာ တိုက်ရိုက် စမ်းလို့မရဘူး။ ဓာတ်ခွဲခန်းမှာရှိတဲ့ ကြွက်ဖြူလေးတွေ ကိုသုံးပြီးတော့ စမ်းတယ်။ စမ်းတော့ အဆီကိုကျစေတဲ့ အာနိသင်ရှိကြောင်း တွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ အာနိသင်တော့ရှိပြီ။ လူတွေအပေါ်မှာရော ဒီအာနိသင်ရှိလား မရှိလားဆိုတာကို စမ်းရတော့မယ်။ လူတွေမှာ တကယ်အာနိသင်ရှိ၊ မရှိဆိုတာ ဘယ်ဆေးချိန်ပမာဏနဲ့ စမ်းရမလဲ။ ဘယ်ဆေးချိန်နဲ့ဆိုရင် အန္တရာယ်ရှိနိုင်သလဲ။ အဲဒါကို သိဖို့အတွက် ကျွန်တော်တို့က ရက်တိုအဆိပ်သင့် အာနိသင် ရှိ မရှိ ကို ထပ်ပြီးတော့ စမ်းရတယ်။ နောက်တစ်နှစ်ကြာတယ်။ အားလုံးပေါင်းရက် ၉၀ တိတိ တိုက်ပြီးတော့ စမ်းကြည့်လိုက်တယ်။

The Voice Journal – စမ်းသပ်ပုံကိုလည်း သိချင်ပါတယ်။

Dr.NNW – စမ်းကြည့်တဲ့အခါမှာ OECD ဂိုက်လိုင်း ၄၀၈ ကိုသုံးပြီး ချင်းကို ဒီတိုင်းတိုက်မဟုတ်ဘူး။ ချင်းကို ရေနဲ့ဆေး၊ အနှစ်ထုတ်လိုက်တာပေါ့နော်။ ရေမှာပျော်ဝင်တဲ့ ချင်းတက်ရဲ့ ဆေးနှစ်ရယ်၊ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာသီးအရည်ရယ်ကို ဆတူရောပြီးတော့ ဆေးချိန်သုံးမျိုးနဲ့ တိုက်တယ်။ အနိမ့်ဆုံးကတော့ ၄၀၀ မီလီဂရမ်ပါကေဂျီ။ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်ကို ရောထားတဲ့ဆေးပေါင်း ၄၀၀ မီလီ ဂရမ်နှုန်းနဲ့ တိုက်တယ်။ အဲဒါက ဆေးချိန်အနိမ့်အုပ်စုပေါ့။ ဆေးချိန်အလတ်မှာတော့ နှစ်ဆတိုးလိုက်တယ။် ၈၀၀ တိုက်တယ်။ ဆေးချိန်အမြင့်ကို ၁၆၀၀ တိုက်တယ်။ အဲဒီလို ရက်၉၀ တိုက်ကြည့်ပြီးတော့ စောင့်ကြည့်တဲ့အခါမှာ အဓိက ဒီဆေးပေါင်းရဲ့ အဆိပ်သင့်အာနိသင်က ဘယ်လိုများ တွေ့မလဲပေါ့။ လူတွေမှာ စမ်းသပ်ဖို့အတွက် အဆင်ပြေရဲ့လားဆိုတာကို အရင်ဆုံးစမ်းသပ်တဲ့အနေနဲ့ တိုက်တာပေါ့။ တိုက်တဲ့အခါမှာလည်း ဒီသုတေသနကို သေချာအာရုံထားပြီး လုပ်တယ်ပေါ့။ လုပ်ရတဲ့အကြောင်းအရင်းကလည်း ဒီမတိုင်ခင်မှာ ကျွန်တော်တို့က ဘာတွေ့လဲဆိုတော့ အီးယူကနေ ချင်းနဲ့ ပတ်သက်ပြီးတော့ အာရှတိုက်နိုင်ငံတွေမှာ ဆေးဖက်ဝင်တယ် ဘာညာဆိုတော့ သတင်းစကားကနေ ဒီအလေ့အထတွေက ဥရောပဘက်ကိုရောက်လာတယ်နဲ့ တူပါတယ်။ အဲဒီအခါကျတော့ အီးယူကနေပြီးတော့ သူတို့ဆီကိုပဲ ချင်းရဲ့ အဆိပ်သင့်မှုပေါ့။ သူတို့ကတော့ တစ်လလုပ်တယ်။ ချင်းရဲ့အနှစ်တစ်မျိုးထဲကိုပဲ ကြွက်တွေမှာ စမ်းတိုက်ကြည့်တယ်။ စမ်းတိုက်ကြည့်တော့ ကြွက်လေးတွေရဲ့ နှလုံးကြွက်သားတွေမှာ အမျှင်တွေ သွားတွေ့တယ်။ ပုံမှန်မဟုတ်ဘူးပေါ့။ အမာရွတ်သဘောပေါ့နော်။ နှလုံးကြွက်သားတွေမှာ အမာရွတ်တွေရှိတာကို သူတို့တွေ့ရတယ်။ အဲဒီစာတမ်းလေးကို ကျွန်တော်တို့ လေ့လာပြီးတဲ့အခါ လူတွေမတိုက်ခင်မှာ ကြွက်တွေကို လိုက်ကြည့်တယ်။ ကြည့်တော့ သွေးဖောက်တယ်။ ရက် ၉၀ ပြည့်တဲ့အခါ မှာ သူတို့ကို အသုံးချ (Sacrifice) လုပ်လိုက်တယ်။ မလုပ်ခင်မှာ သွေးဖောက်တယ်။ သွေးဖောက်ပြီးတော့ ကိုယ်တွင်းအင်္ဂါတွေအားလုံးကို ထုတ်လိုက်တယ်ပေါ့။ ထုတ်ပြီးတော့ သွေးဖောက်ပြီးတဲ့အခါမှာ သွေးဗေဒဆိုင်ရာ အချက်အလက်တွေကြည့်တယ်။ နောက်တစ်ခုကတော့ ဇီဝကမ္မဗေဒဆိုင်ရာ အချက်အလက်ပေါ။့ အဲဒီနှစ်ချက်ကို ကြည့်တယ်။

The Voice Journal – ဘယ်လိုရလဒ် ထွက်လာပါသလဲ ဆရာ။ 

Dr.NNW – ဒီနေရာမှာ ထိန်းချုပ်တဲ့အုပ်စုနှစ်ခု ထားတယ်ပေါ့။ ရေပဲ တိုက်တယ်။ ဆေးမတိုက်ဘူး။ ရေပဲတိုက်တဲ့အုပ်စုနဲ့ ဆေးတိုက်တဲ့ အုပ်စုကို ပြန်ယှဉ်ရတာပေါ့နော်။ ပြန်ယှဉ်တဲ့အခါမှာတော့ သွေးဗေဒဆိုင်ရာ အချက်အလက်တွေကတော့ သိသိသာသာ မရှိဘူး။ အတူတူပဲတွေ့ရတယ်။ ဒါပေမဲ့ ဇီဝကမ္မဆိုင်ရာ ဓာတ်ပေါင်းတွေကို ယှဉ်ကြည့်တဲ့အခါမှာ အသည်းအင်ဇိုင်းတွေက အဆပေါင်းများစွာ မြင့်တက်နေတာကို တွေ့ရတယ်။ ဒါက သွေးထဲမှာရှိတဲ့ ဇီဝကမ္မဆိုင်ရာ အချက်အလက်တွေကို ကြည့်တဲ့အခါမှာ တွေ့ရှိချက်ပေါ့။ နောက်တစ်ခုက ကိုယ်တွင်းကလီစာတွေကိုတော့ ရောဂါဗေဒဆရာဝန်တွေဆီ ပို့တယ်။ ပို့ပြီးတော့ ဘာများ ပြောင်းလဲမှုရှိလဲဆိုတာကို ရေပဲတိုက်တဲ့ Controled  Group တွေနဲ့ ယှဉ်ပြီးကြည့်တဲ့အခါ သူ့ရဲ့ ထူးခြားချက်တွေက နှလုံးကြွက်သားတွေမှာ ဒီလိုအမျှင်ဓာတ် ဖြစ်နေတာတွေ့တယ်။ အသည်းတစ်ရှုးတွေမှာဆိုရင် အင်ဇိုင်းတွေမြင့်တက်တာ၊ အမျှင်ဓာတ်ဖြစ်နေတာ တွေ့ရတယ်။ အနာဖြစ်တယ်။ အနာဖြစ်ပြီး အနာပြန်ကျက်ရတယ်။ ပြန်ကျက်ပြီးရင် အမာရွတ်မတိုင်ခင် ရိုးရိုးအရေပြားအသားနဲ့ မတူတော့ဘူး။ အမျှင်တွေ ဖြစ်သွားတာလေ။ နှလုံးမှာရော၊ အသည်းမှာရော တွေ့ရတယ်။ အသည်းအင်ဇိုင်း မြင့်တက်တယ်ဆိုတာ ဇီဝကမ္မဆိုင်ရာ စမ်းသပ်ချက်မှာတွေ့တာ။ တစ်ရှုးတွေ ပေါ့ အသည်းတစ်ခုလုံးကို ထုတ်တယ်။ ထုတ်ပြီးကြည့်တဲ့အခါမှာလည်း အရိုးရှင်းဆုံးပြောရရင် အသည်းပျက်စီးသွားတာပေါ့။ ပုံမှန်အားဖြင့် အသည်းအင်ဇိုင်း တွေက အထဲမှာပဲနေတယ်။ အသည်းပျက်စီးတဲ့အချိန်မှ အပြင်ထွက်တယ်ပေါ့။ အသည်းတို့၊ နှလုံးတို့ဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးပစ္စည်းတွေ။ ဒီကောင်တွေပျက်စီးပြီဆိုမှတော့ လူတွေရဲ့ ကျန်းမာရေးအတွက်လည်း ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ကြွက်သားတွေ ပျက်စီးနေတဲ့လက္ခဏာတွေကို တွေ့ရတယ်ပေါ့။

The Voice Journal – ဒီရလဒ်မျိုး ဘာကြောင့် ဖြစ်တာပါလဲ။

Dr.NNW – ဒီချင်းသံပုရာကို ဆေးချိန် ၄၀၀ မီလီ ဂရမ်ကနေ ၁၆၀၀ မီလီဂရမ်အတွင်းရက် ၉၀ တိတိ နေ့တိုင်းတိုက်ကျွေးခြင်းအားဖြင့် ဓာတ်ခွဲခန်းကြွက်ဖြူကြီးတွေမှာ ဒီလိုမျိုး အဆိပ်သင့်စေတဲ့ အာနိသင်တွေ့တယ်လို့ ကျွန်တော်တို့က ကောက်ချက်ချထားတယ်ပေါ့။ သုတေသနအပြီးအစီးက တစ်နှစ်ကြာတယ်။ ၂၀၁၇ တစ်နှစ်လုံး။ ဒီလိုမျိုး ထွက်လာပြီဖြစ်တဲ့အတွက် လူတွေမှာ ဆက်ပြီးစမ်းသပ်မယ့်အဆင့်ကို မလုပ်တော့ဘူးပေါ့။ ရပ်လိုက်တာပေါ့။ ဒီနေရာမှာ ပြောစရာရှိတာက ကြွက်ကတော့ ကြွက်ပေါ့။ လူတော့မဟုတ်ဘူးပေါ့။ ကြွက်တွေမှာတော့ တွေ့နေရတယ်။ တစ်ခုသတိထားဖို့က ပမာဏက အရေးကြီးတယ်ပေါ့။ ချင်းဆိုရင် ဘယ်လောက်ပါလဲဆိုတော့ ၄၀၀ မီလီဂရမ်ဆိုတာက ချင်းဆေးအနှစ်ဆေးရည်က ၂၀၀ မီလီဂရမ်၊ သံပုရာရည်က ၂၀၀ မီလီဂရမ်ပါတယ်ပေါ့။ ဂျင်းတက်ကို ဂျင်းဆေးအနှစ်ထုတ်ရင် ၄ ဂရမ်ရတယ်။ ဆေးနှစ် ၄ ဂရမ်ရဖို့ဆိုရင် ချင်းတက်ကို ၁၀၀ ဂရမ်သုံးရတယ်။ ၁၀၀ ဂရမ်ကို ၄ ဂရမ်ထွက်တယ်။ အခုကတော့ ချင်းတက် ၅ ဂရမ်ရှိတယ် ချင်းဆေးအနှစ်ရည် ၂၀၀ မီလီဂရမ်ကို။ ဂျင်းလက်တစ်ဆစ်စာပမာဏ ရှိတယ်။ ကြွက်တွေကို ရက် ၉၀ တိတိ တိုက်ကြည့်တဲ့အခါမှာတော့ ဒီလိုအာနိသင်တွေ တွေ့ရတယ်။ သံပုရာနဲ့ ဖျော်ပြီးမှ ကြွက်တွေကို တိုက်တာပါ။ ဘယ်လိုရှေ့ဆက်မလဲဆိုတာက ပိုစတာနဲ့ပြတာ၊ လူထုကို အသိပညာပေးတာပေါ့။ လူသိဖို့ လုပ်မယ်။ သုတေသနစာစောင်တွေမှာ ထည့်မယ်။ ဒီလောက်ပဲ ဆက်လုပ်မှာပါ။ အဆီကျတယ်ဆိုတာကတော့ ၂၀၁၆ လောက်မှာ လုပ်တာပါ။

The Voice Journal – လူတွေအနေနဲ့ရော ဒီဖျော်ရည်ကို ဘယ်လိုမျိုး သောက်သင့်ပါသလဲ။

Dr.NNW – သတိတော့ ထားသင့်တာပေါ့နော်။ လူတွေထိသွားမယ်ပေါ့။ လူတွေမတိုင်ခင်မှာ တိရစ္ဆာန်တွေမှာ အန္တရာယ်ကင်းတာ သေချာလားဆိုတာကို လုပ်တာပေါ့နော်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတာကလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ချင့်ချိန်ပြီးတော့ သုံးကြဖို့ပဲ ပြောချင်တယ်။ လွန်ရင်ဘေးပဲလေ။ ကြွက်တွေမှာ ဘေးဖြစ်တယ်ဆိုတာလည်း သိသိသာသာ သိထား ပြီးပြီပေါ့။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *