WeChat Pay ၊ Alipay သုံးခွင့်မပြု၊ သို့သော် သုံးနိုင်သည်

Photo by Tencent

နိုင်ငံခြားခရီးသွား အထူးသဖြင့် တရုတ်ခရီးသွားများ၏ ငွေပေးချေမှုကို WeChat Pay ၊ Alipay တို့ဖြင့် သုံးစွဲပေးချေရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် မဟုတ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်သော တရုတ်နှင့် တခြား နိုင်ငံခြားခရီးသွားများ ငွေပေးချေရာတွင် ၎င်းတို့ အဆင်ပြေသက်သာမည့် အီလက်ထရွန်နစ်ငွေပေးချေမှုဖြင့် လုပ်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီး ယင်းသို့ လုပ်ဆောင်နိုင်ရန် WeChat Pay ၊ Alipay ကဲ့သို့သော အီလက်ထရွန်နစ်ငွေပေးချေမှုလုပ်ငန်းများအနေနှင့် အင်ဒိုနီးရှားရှိဘဏ်များနှင့် ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကမူ WeChat Pay ၊ Alipay တို့အပြင် အခြား QR Code ဖြင့် ငွေပေးချေမှုအားလုံးကို ခွင့်မပြုကြောင်း ယမန်နှစ် စက်တင်ဘာလက ညွှန်ကြားချက်ထုတ်ထားသည်။

ပြည်တွင်းတွင် ခွင့်ပြုချက်ရယူကာ လုပ်ငန်းဆောင်ရွက်ခြင်း မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ငွေပေးချေမှုစနစ်အတွင်းတွင် စာရင်းရှင်းလင်းခြင်းမရှိသည့်အတွက် အဆိုပါအီလက်ထရွန်နစ် ငွေပေးချေမှုများကို ဗဟိုဘဏ်က ခွင့်မပြုကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်းဘဏ်များနှင့် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များက ဆောင်ရွက်နေသော QR Code ဖြင့် ငွေပေးချေမှုများကို တစ်ပြေးညီဖြစ်စေရန် MMQR Code စံသတ်မှတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယင်းကာလအတွင်း ခွင့်ပြုချက် မရှိသော ငွေပေးချေမှုပုံစံများကို မလုပ်ဆောင်ရန် ဗဟိုဘဏ်က တားမြစ်ထားခြင်းဖြစ်သည်။

ယင်း ညွှန်ကြားချက်မထုတ်ခင်က မြန်မာနိုင်ငံတွင် WeChat Pay ၊ Alipay အသုံးပြုမှုများရှိပြီး ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက်တွင်လည်း ဆက်လက်အသုံးပြုနေကြဆဲပင် ဖြစ်သည်။

“ကျောက်အရောင်းအဝယ်တွေမှာတော့ WeChat က သုံးကြတယ်။ တချို့ကိစ္စတွေမှာ WeChat Pay နဲ့ ငွေတန်းချေတာတွေ ရှိတယ်။ များသောအားဖြင့်တော့ Visa ၊ Master ကတ်နဲ့ ချေပေမယ့် WeChat Pay နဲ့လည်း လုပ်ကြတာပဲ” ဟု ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် ကျောက်စိမ်းအရောင်းအဝယ်လုပ်သူ ဒေါ်ယုယုခင် (အမည်လွှဲ) က ဆိုသည်။

အဆိုပါ WeChat Pay ၊ Alipay တို့သည် အီလက်ထရွန်နစ်ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ယင်းလုပ်ငန်းနှစ်ခုသည် တရုတ်နိုင်ငံတွင် ဈေးကွက်ဝေစု ၉၀ ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားနိုင်သည်။

အဆိုပါဝန်ဆောင်မှုကို သုံးစွဲနေသူပေါင်းမှာ ဦးရေ သန်း ၉၀၀ ကျော်၊ ၁၀၀၀ နီးပါးရှိပြီး အမေရိက၊ ဥရောပနှင့် အရှေ့ တောင်အာရှ၊ တောင်အာရှဒေသများအထိ ကွန်ရက်ဖြန့်ကြက်ထားနိုင်ပြီဖြစ်သည်။

ယမန်နှစ်အစပိုင်းက WeChat Pay အသုံးပြုနိုင်သည့် နိုင်ငံ ၂၀ ခန့်သာ ရှိသော်လည်း နိုဝင်ဘာလကုန်တွင် နိုင်ငံပေါင်း ၄၉ ခု၌ WeChat Pay ကို သုံးစွဲနိုင်ပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ထိုနည်းတူပင် Alipay မှာလည်း ယမန်နှစ်အစပိုင်းက ယင်းဝန်ဆောင်မှုကို အသုံးပြုနိုင်သည့် နိုင်ငံ ၃၈ ခုရှိရာမှ နိုဝင်ဘာလကုန်တွင် နိုင်ငံ ၄၂ ခုတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း South China Morning Post သတင်းဌာန၏ ဖော်ပြပြီး သတင်းအရ သိရသည်။

မကြာသေးမီကပင် WeChat Pay က ဝန်ဆောင်မှုတစ်ခု ထပ်မိတ်ဆက်ခဲ့ပြန်သည်။

WeChat Pay နှင့်ချိတ်ဆက်ထားသော အဆင့်မီဟိုတယ်ကြီးများတွင် အခန်းသော့ပင် မလိုအပ်ဘဲ ယင်း WeChat Pay ဖြင့် QR Code ဖတ်ရုံဖြင့် အခန်းတွင် တည်းခိုနိုင်နေပြီ ဖြစ်သည်။

လမ်းဘေးဈေးဆိုင်များ၊ ရောင်းသူမဲ့ ကော်ဖီ၊ အအေးအရောင်းစက်များမှစ၍ လေယာဉ်လက်မှတ်ဝယ်၊ နိုင်ငံရပ်ခြား ငွေပို့ငွေလွှဲ၊ အရောင်းအဝယ်အားလုံးကို QR Code ဖြင့် ငွေပေးချေမှုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေမှုဝန်ဆောင်မှုပင် ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များတွင် တရုတ်နိုင်ငံသားက အများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် လာရောက်သူဦးရေ ၃၈ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

ယမန်နှစ်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများမှ ခရီးသွားလာရောက်မှု ထက်ဝက်ခန့်ကျဆင်းသွားပြီး တရုတ်၊ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှားနိုင်ငံတို့မှ ခရီးသွားများ ပိုမိုဝင်ရောက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

တရုတ်ခရီးသွားအများစုမှာ ဗီဇာ၊ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ စားသောက်ဆိုင်မှစ၍ ငှားသုံးမည့် ယာဉ်၊ ဈေးဆိုင်အဆုံး One Stop ဝန်ဆောင်မှုပေးသည်အထိ လုပ်ဆောင်လာကြသည်။

တရုတ်နိုင်ငံသားအချင်းချင်း သို့မဟုတ် ယင်းတို့နှင့် ဆက်စပ်လုပ်ကိုင်နေသူများနှင့်သာ ချိတ်ဆက်ဆောင်ရွက်သွားပြီး ငွေပေးချေမှုများကိုလည်း ၎င်းတို့အတွက် အလွယ်ကူဆုံးနည်းဖြင့် ငွေပေးချေကြကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းများထံမှ သိရသည်။

“တရုတ်ခရီးသွားအများစုကလည်း Visa ၊ Master ကတ်တွေကို သိပ်မသုံးကြတာရယ်၊ သူတို့အတွက် ပိုသက်သောင့်သက်သာ ဖြစ်တဲ့ WeChat Pay ၊ Alipay တွေသုံးကြတယ်လို့ ကြားရ သိရပါတယ်”ဟု Grand Lotus ခရီးသွားလုပ်ငန်း အမှုဆောင်အရာရှိချုပ် ဦးကျော်စွာမင်းက ဆိုသည်။

တရုတ်နိုင်ငံသားအများစု ကြီးစိုးသည့် အထက်မြန်မာပြည် မန္တလေးမြို့တော်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် အရောင်းအဝယ်ကို WeChat ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်ရိုက် Live လွှင့်ကာ ဈေးဖြတ်ရောင်းဝယ်မှု များပြားလာသည့်အတွက် မဟာအောင်မြေကျောက်ဝိုင်းတွင် WeChat ဖြင့် ရောင်းဝယ်ခြင်းကို တားမြစ်ရန် ကျောက်ဝိုင်းအကျိုးတော်ဆောင်များက လက်မှတ်ထိုးတောင်းဆိုရသည်အထိ ဖြစ်သည်။

ယင်းမှာ ရောင်းဝယ်ရေးအတွက် WeChat ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းသာဖြစ်ပြီး ငွေပေးချေမှုအတွက်လည်း WeChat Pay ကို အသုံးပြုမှုများရှိနေ သည်။

“ကတ်တွေ ဘဏ်တွေကနေ ငွေချေရင် ကုန်ကျစရိတ်များတော့ ဘာမှ မကုန်တဲ့ WeChat Pay နဲ့ လုပ်ကြတာပေါ့။ ဘဏ်၊ ကတ်တွေ သုံးရင် ငွေကလည်း ချက်ချင်းရတာ မဟုတ်ဘူး။ အရင်ကလည်း ငွေလွှဲငွေပို့တွေက ဟွန်ဒီပဲလေ။ ခုတော့ အဲဒီနေရာမှာ WeChat Pay တို့ Alipay တို့ သုံးကြတာပေါ့”ဟု ဒေါ်ယုယုခင် (အမည်လွှဲ) က ပြောပြသည်။

ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် ကျောက်စိမ်းအရောင်းဆိုင်ပိုင်ရှင်မှာ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ဇနီးမောင်နှံ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အဆိုပါပိုင်ရှင်တရုတ်နိုင်ငံသားရှိ နေချိန်များတွင် ဝယ်သူ၏တောင်းဆိုချက်ပေါ်မူတည်ကာ WeChat Pay ဖြင့် ငွေရှင်းလင်းရသည်များလည်းရှိကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသားတို့ ကျင်လည်နေသည့် ပြည်တွင်းဈေးကွက်များတွင် ၎င်းတို့နှင့် အသားကျနေသော WeChat Pay နှင့် Alipay တို့ဖြင့် ငွေပေးချေမှုမှာ ရှိနေဦးမည်ဖြစ်ကြောင်း ဒေါ်ယုယုခင်က ဆိုသည်။

မြန်မာနိုင်ငံတွင်းသို့ စမတ်ဖုန်းတစ်လုံးပါလာရုံဖြင့် အကြီးစားအရောင်းအဝယ်၊ ဝန်ဆောင်မှု၊ လက်လီဈေးဝယ်နှင့် ငွေလွှဲ ငွေပို့များကို အဆိုပါငွေပေးချေမှုဝန်ဆောင်မှုသုံးကာ သက်သောင့်သက်သာ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။

“နည်းပညာပိုင်းအရ တားမြစ်ဖို့ မလွယ်ဘူး။ တရုတ်တွေ ဒီလာပြီး စားသောက်၊ သွားလာ၊ ရောင်းဝယ်တဲ့အခါ ကျရင် ဘဏ်ရော၊ ကတ်ရောမသုံးဘဲ WeChat  နဲ့ Alipay ပဲသုံးမယ်ဆိုရင် သူတို့ဆီက Server ကို တန်းဝင်သွားတာ” ဟု ငွေရေးကြေးရေးနည်းပညာပိုင်း ကျွမ်းကျင်သူ ဦးထွန်းထွန်းလင်းက ဆိုသည်။

သုံးစွဲသူအတိုင်းအတွက် ယင်းသို့ QR Code ငွေပေးချေမှုမှာ မြန်ဆန်၊ လွယ်ကူ၊ သက်သာသည့် အကျိုးကျေးဇူးများရှိသလို တစ်ဖက်တွင် ဥပဒေပိုင်းခိုင်မာမှုအားနည်းပါက တိုင်းပြည်အခွန်ဘဏ္ဍာ ဆုံးရှုံးပြီး ငွေဖြူ၊ ငွေမည်းပြဿနာကိုလည်း ပိုရှုပ်ထွေးစေမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဥပဒေက ရှိတယ်။ ဒါပေမဲ့ လွတ်နေတယ်။ ခံစရာရှိရင် ကျွန်တော်တို့ပဲ အများကြီးခံရမှာပေါ့။ ဖုန်းတစ်လုံးရှိရုံနဲ့ အကုန်လုပ်လို့ ရနေတာကိုး။ အခွန် မဆောင်ရ၊ ငွေဖြူ၊ ငွေမည်းမှန်းလည်း မသိရ၊ ဘယ်လောက်ပမာဏ ဘာတွေဘယ်လို ရောင်းဝယ်ပေးချေမှန်းလည်း မသိရတော့ဘူးလေ” ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ယမန်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ ညွှန်ကြားချက်များတွင် တားမြစ်ချက်ကို ဖောက်ဖျက်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ  ၁၇၂ အရ ဒဏ်ကြေးနှင့် အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ တရားမဝင်သုံးစွဲနေမှုများကို ရပ်တန့်စေရေးအတွက် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ခွင့်ပြုရန်လိုပြီး ထိုအတွက် လိုအပ်နေသော MMQR Code စံသတ်မှတ်ရေးကို ဗဟိုဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

“MMQR Code ရဲ့ နည်းပညာ စံသတ်မှတ်တွေကတော့ ပြီးသွားပါပြီ။ မကြာမီ ဗဟိုဘဏ်က ကြေညာပေးမယ် ထင်ပါတယ်” ဟု မြန်မာ့ငွေပေးချေမှုအဖွဲ့အစည်း (MPU) ၏ အမှုဆောင်အရာရှိ ဦးဇော်လင်းထွဋ်က ဆိုသည်။

လတ်တလောတွင် WeChat Pay နှင့် အခြားသော အီလက်ထရွန်နစ် ငွေပေးချေမှုဝန်ဆောင်မှုများကို တားမြစ်ထားသည်မှာ အချိန်ကာလတစ်ခုသာဖြစ်ပြီး ပြည်တွင်းတွင် ငွေပေးချေမှုလုပ်သော်လည်း နိုင်ငံ၏ငွေကြေးကွန်ရက်အတွင်း ရှိမနေဘဲ အခြားနိုင်ငံ၏ ငွေကြေးစနစ်အတွင်း ဝင်ရောက်သွားခြင်းနှင့် ငွေပေးချေမှု အကြိမ်ရေ မည်မျှရှိသည်၊ ပမာဏမည်မျှ ဖြစ်သည် စသည့် အချက်အလက်များကိုလည်း မသိနိုင်ခြင်းကြောင့် ဗဟိုဘဏ်က ခေတ္တတားမြစ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကိုယ့်ပြည်တွင်း ငွေပေးချေမှုတွေဟာ တခြားနိုင်ငံရဲ့စနစ်ပေါ်မှာ လုံးလုံးလျားလျားကြီး ဖြစ်သွားနိုင်တာကြောင့် တားမြစ်ထားတဲ့ သဘောပါပဲ။ နိုင်ငံတကာမှာလည်း စံသတ်မှတ်ချက်၊ ဥပဒေတွေ မပြီးခင်မှာ ဒီလိုပဲလုပ်ခဲ့ကြရတာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်ခရီးသွားဧည့်သည်များကို ကျန်နိုင်ငံများတွင် WeChat Pay နှင့် Alipay တို့ဖြင့် ငွေပေးချေနိုင်ရန် သီးသန့်ခွင့်ပြုချက်မျိုး ထုတ်ကာ ဆွဲဆောင်နေကြပြီး မြန်မာနိုင်ငံတွင်မူ တရားဝင်ခွင့်မပြုထားသော်လည်း တရားမဝင်အသုံးပြုမှု များစွာ ရှိနေဆဲ ဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ဒေသများတွင်လည်း တရုတ်ဘက်မှ စက်ရုံထုတ်ပစ္စည်းအမျိုးမျိုးကို အဝယ်တော် အကျိုးဆောင်အဖြစ် ကြားခံလုပ်ဆောင်ပေးသော လုပ်ငန်းများသည်လည်း ဘဏ်အပြင် WeChat Pay ကို ငွေပေးချေမှု နည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်လျက် ရှိကြသည်။

ယွမ်ငွေနှင့် ကျပ်ငွေလဲလှယ်မှု၊ နယ်စပ်ဒေသချင်း ငွေလွှဲငွေပို့၊ ကုန်သွယ်ရေးနှင့် လက်လီလက်ကား အရောင်းအဝယ်များကို WeChat Pay ဖြင့် ဆောင်ရွက်ပေးနေကြသည်။

ဓာတ်ပုံ – မိုးကျော်လွင်

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ၊ ပြည်တွင်း ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဦးရေ အများဆုံးနိုင်ငံ၊ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနိုင်ငံ၊ အကြီးဆုံးမြီရှင်ဖြစ်ပြီး WeChat Pay နှင့် Alipay တရားမဝင် အသုံးပြုမှုပမာဏကို မည်သူမျှ အတပ်ပြောရန် မလွယ်ပေ။

မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်နိုင်ငံသားများအတွက် ရက် ၃၀ ခရီးသွားဗီဇာနှင့် ရက် ၉၀ စီးပွားရေးလုပ်ငန်းဗီဇာမှာ ဒေါ်လာ ၅၀ ဖြစ်ပြီး ဗီဇာကြေးတူညီမှုကြောင့် ရက် ၉၀ ဗီဇာကို ရွေးချယ်မှုများလာသည်။

“သာမန်ခရီးသွားတစ်ယောက်အနေနဲ့ ဒေသတစ်ခုလည်ရင် အလွန်ဆုံး တစ်ပတ်၊ ၁၀ ရက်က အကြာဆုံးပဲ။ အာရှ ခရီးသွားအများစုက လေး၊ ငါး၊ ခြောက် ရက်ပဲ။ ဒီထက်ပိုနေပြီဆိုရင်တော့ အကြောင်းတစ်ခုခုရှိရမယ်” ဟု ဦးသက်လွင်တိုးက ဆိုသည်။

WeChat Pay နှင့် Alipay ကို ပြည်တွင်းတွင် တရားဝင်လုပ်ကိုင်ခွင့်ပြုထားသည့် ဗီယက်နမ်နိုင်ငံတွင်ပင် တရုတ်နိုင်ငံသားတို့၏ တရားမဝင် အသုံးပြုမှုများက ရှိနေသည်။

ဗီယက်နမ်တွင် နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ်ငွေပေးချေမှုကို လုပ်ကိုင်ခွင့်ရထားသည့် VIMO လုပ်ငန်းသည် ၂၀၁၈ ခုနှစ် မေလပိုင်းက တရုတ်နိုင်ငံသားတို့၏ တရားမဝင် WeChat Pay နှင့် Alipay သုံးစွဲနေမှုများရှိပြီး ဗီယက်နမ်နိုင်ငံ၏ တည်ဆဲဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံရှိ တရုတ်နိုင်ငံသားပိုင် ဈေးဆိုင်များတွင် တရုတ်နိုင်ငံမှ ထုတ်ထားသော POS ငွေပေးချေမှု စက်များဖြင့် တရုတ်ခရီးသွားများ၏ ငွေပေးချေမှုကို လုပ်ဆောင်နေကြောင်း ဗီယက်နမ်နိုင်ငံမီဒီယာများက ဖော်ပြခဲ့ကြသည်။

“ရက် ၉၀ ဗီဇာနဲ့ မော်တော်ယာဉ်ခေါင်းထိုးပြီး ရသမျှထိုင်ရောင်းနေသူ၊ မြေသိမ်းယာသိမ်းတွေမှာ စီးပွားနယ်ချဲ့နေသူတွေ ရှိလာတယ်။ ကျွန်တော်တို့ ရလိုက်တာကတော့ ဗီဇာကြေး ဒေါ်လာ ၅၀ ပဲ ရှိတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဆိုသည်။

WeChat Pay နှင့် Alipay လုပ်ငန်းတို့သည် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကုမ္ပဏီကြီးများဖြစ်ပြီး ယင်းတို့သည် နိုင်ငံတိုင်းတွင် တရားဝင်လုပ်ကိုင်ခွင့်ရရန် ကြိုးပမ်းကြသော်လည်း ယင်းတို့၏ ဝန်ဆောင်မှုကို ကြားခံယူငင်သုံးစွဲသည့် Third Party အဖွဲ့အစည်း၊ လုပ်ငန်းများကသာ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်ကာ တရားမဝင်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က မှတ်ချက်ပေးသည်။

“ဒီ (Third Party) အဖွဲ့အစည်းတွေကသာ ဥပဒေ၊ စည်းမျဉ်းတွေကို အလေးမထား၊ ဂရုမစိုက်ကြတာ။ တရားဝင် တားမြစ်ထားလည်း ပြည်တွင်းမှာ သုံးနေတာကို တွေ့နေရတာပါပဲ”ဟု ၎င်းက ဆိုသည်။

ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ခိုင်မာမှုနှင့် ဥပဒေအသက်ဝင်စေရန် လိုက်ပါဆောင်ရွက်မှုအပိုင်းတွင် အားနည်းချက်များ ရှိသည့်အတွက် ယင်းကဲ့သို့ တရားမဝင်လုပ်ဆောင်နေမှုများမှာ ဆက်ရှိနေဦးမည်ဖြစ်သည်။

ယခုနှစ်ပိုင်းတွင်မှ Visa ၊ Master စသည့် ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းကြီးများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည် ဆိုသော်လည်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ယင်းဝန်ဆောင်မှုတို့ကို လက်ခံဝန်ဆောင်မှုပေးခဲ့သည်များ ရှိကြောင်း Grand Lotus ခရီးသွားလုပ်ငန်းအမှုဆောင်အရာရှိချုပ် ဦးကျော်စွာမင်းက ဆိုသည်။

“ရေစီးကြောင်းကို တားနိုင်ဖို့ အခိုင်အခန့် ရှိရင် ရှိ၊ မရှိရင်တော့ ရေစီးကြောင်းက တိုက်ခွဲသွားမှာပဲ။ မူဝါဒ၊ ဥပဒေတွေကို ပြန်သုံးသပ်ပြီး မပြုပြင်နိုင်ရင်တော့ နိုင်ငံပဲ နစ်နာမယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် WeChat Pay၊ Alipay နှင့် အခြားသော ပြည်ပငွေပေးချေမှုများကို ခွင့်ပြုထားသလား မေးလျှင် ခွင့်မပြုထားပါ၊ သို့သော် သုံးစွဲ၍ ရပါသည်ဟု ပြန်ဖြေရမည်ပင်။

“တခြားနိုင်ငံတွေမှာတော့ ဥပဒေအရ တားမြစ်ထားပြီးရင် Law Enforcement ဖြစ်ဖို့ တောက်လျှောက်လိုက်တော့ အပြစ်ပေးခံရမယ့် ဒဏ်မခံချင်တော့ ရှောင်ကြတယ်။ ဒီမှာက ဥပဒေအသက် ဝင်မှု၊ မူဝါဒအားနည်းမှုတွေကြောင့် တရားမဝင် လုပ်တာတွေ ပိုများတာပေါ့”ဟု MPU အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မှတ်ချက်ပေးသည်။

“ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ သုံးလို့မရပေမယ့် နည်းပညာပိုင်းအရဆိုရင်တော့ ဒါတွေက သုံးလို့ရနေမှာပဲ”

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *