Twitter စီအီးအိုနှင့် ဆီလီကွန်တောင်ကြားက ဝိပဿနာယောဂီများ

Outlookindia

Twitter နှင့် Square နည်းပညာကုမ္ပဏီနှစ်ခု၏ အမှုဆောင်အရာရှိချုပ် (စီအီးအို) ဖြစ်သူ ဂျက်ဒေါ်ဆေး (Jack Dorsey) မှာ ပြီးခဲ့သည့် ခရစ္စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ဝိပဿနာဟု လူအများသိထားကြသည့်  ၁၀ ရက် စကားမပြောဘဲ တရားအားထုတ်မှုကို စမ်းသပ်ပြုလုပ်ရန် ၎င်း၏ လုပ်ငန်းစီမံခန့်ခွဲမှုများမှ ခေတ္တအနားယူခဲ့ပါသည်။

ရှေးကျသည့် ဗုဒ္ဓ၏ တရားဘာဝနာစီးဖြန်းသည့် နည်းလမ်းတစ်ခုဖြစ်သော ၁၀ ရက် စကားမပြောဘဲ ဝိပဿနာတရား အားထုတ်ခြင်းမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကမ္ဘာကျော်နည်းပညာကုမ္ပဏီများ အခြေစိုက်ရာ ဆီလီကွန် တောင်ကြားတွင် လူအများ၏ စိတ်ဝင်စားမှုကို ရရှိနေပြီဖြစ်သည်။ အဆိုပါ ဝိပဿနာကျင့်စဉ်တွင် စကားပြောခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ခြင်းဖြင့် စိတ်၏ တည်ငြိမ်အေးချမ်းမှု ရရှိစေရန် ရည်ရွယ်သည့် ကျင့်စဉ်ဖြစ်သည်။ ဝိပဿနာ ကျင့်ကြံအားထုတ်ခြင်းဖြင့် သိမှုစွမ်းအားမြင့်လာခြင်း၊ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းတိုးလာခြင်းနှင့် ငြိမ်ချမ်းမှုတိုးလာစေနိုင်မည်လည်း ဖြစ်သည်။

Twitter စီအီးအို ဂျက်ဒေါ်ဆေးက ခရစ္စမတ်နှင့် နှစ်ကူးကာလအားလပ်ရပ်တွင် ဝိပဿနာတရားအားထုတ်ခဲ့ကြောင်း သူ၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

“၁၀ ရက် စကားမပြောဘဲ တရားအားထုတ်တာကတော့ ပြီးသွားပါပြီ။ ကျွန်တော် အခုလို အချိန်ယူလိုက်နိုင်တဲ့ ကိစ္စဟာ ကိုယ့်ကိုယ်ကိုယ် ပြန်အထိုင်ချနိုင်လိုက်တဲ့ ကိစ္စ ကံကောင်းတဲ့ ကိစ္စ ကျေးဇူးတင်စရာကောင်းလိုက်တဲ့ ကိစ္စ”ဟု သူ၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။

ယခုအခါ ဒေါ်လာဘီလီယံနှင့် ကြွယ်ဝသည့် နည်းပညာလုပ်ငန်း Salesforce ကုမ္ပဏီ စီအီးအို မာ့ခ်ဘီနီအော့ဖ်လို၊ အင်တာနက်တွင် အသံနှင့် ဗီဒီယိုဖိုင်များလွှင့်တင်ခြင်း (Podcaster)  စာရေးခြင်း စသည်များဖြင့် ကြွယ်ဝချမ်းသာသူတစ်ဦး ဖြစ်သည့် တင်မ်ဖဲရစ်လို စသည့် နည်းပညာလုပ်ငန်းရှင်များက အောင်မြင်မှု၏ လျှို့ဝှက်ချက်မှာ တရားဘာဝနာစီးဖြန်းခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုနေကြပြီလည်း ဖြစ်သည်။

ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေမှာ ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် တိုက်ရိုက်ပတ်သက်နေသည်ဆိုသည့် အယူအဆကို စီးပွားရေးကုမ္ပဏီများ လက်ခံလာကြပြီ ဖြစ်သည်။ နာမည်ကျော်လူမှုကွန်ရက်မီဒီယာများဖြစ်ကြသည့် Facebook လို Linkedin လို ကုမ္ပဏီများမှာ အလယ်အလတ်တန်းအဆင့် မန်နေဂျာများအတွက် အချိန်ပိုင်းဆွေးနွေးနှစ်သိမ့် ပေးသည် (life coaching) ကိစ္စများတွင် ငွေကြေးအမြောက်အမြား သုံးစွဲကြလေသည်။ Salesforce ကုမ္ပဏီ စီအီးအိုဘီနီဖော့၏ တောင်းဆိုချက်ဖြင့် ဆန်ဖရန်စစ္စကိုမြို့တွင် ဆောက်လုပ်မည့် ကုမ္ပဏီ တာဝါသစ်တွင် အထပ်တိုင်းတွင် တရားဘာဝနာစီးဖြန်းသည့် အခန်းများကို ထည့်သွင်း တည်ဆောက်တော့မည်လည်း ဖြစ်သည်။

Twitter စီအီးအိုဒေါ်ဆေး (Dorsey) ၏ ဝိပဿနာတရားကို စမ်းသပ်အားထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် နည်းပညာ လုပ်ငန်းရှင်အချို့မှာ လုပ်ငန်းခွင်တွင်း၊ လုပ်ငန်းခွင်ပငြိမ်းချမ်းမှုကို ရှာဖွေကြတော့မည့် အခြေအနေကို တွေ့နေရပါသည်။

အပြင်းအထန်အားထုတ်ရသည့် ဝိပဿနာတရားဘာဝနာ

ဖြစ်နေသည့် အရာများကို ဖြစ်နေသည့်အတိုင်း မြင်အောင်ကြည့်ရသည့် ဝိပဿနာတရားဘာဝနာ အားထုတ်ခြင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းထောင်နှင့်ချီကတည်းက ဗုဒ္ဓဟောကြားခဲ့သော နည်းလမ်း ဖြစ်ပါသည်။ ဗုဒ္ဓသည် ရှေးဟောင်းကျင့်စဉ် နည်းလမ်းဖြစ်သည့် ဝိပဿနာတရားအားထုတ်နည်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြပြီး ဗုဒ္ဓဘုရားအဖြစ်   ရောက်ရှိပြီးချိန်တွင် အိန္ဒိယမြောက်ပိုင်းတစ်လွှား ဟောကြားဖြန့်ဝေခဲ့လေသည်။

ဤတရားအားထုတ်နည်းမှာ မြန်မာနိုင်ငံသား အိန္ဒိယလူမျိုး ဂုရုကြီးဂိုအင်ကာက ၁၉၇၀ ပြည့်နှစ်များတွင် အိန္ဒိယနိုင်ငံ၌ ဝိပဿနာတရားအားထုတ်နည်းများ သင်ကြားပြသမှု ပြုလုပ်ခဲ့ချိန်မှစတင်၍ ကမ္ဘာတစ်ဝန်း လူသိများလာခြင်းလည်း ဖြစ်သည်။ ဂုရုကြီးဂိုအင်ကာ ကွယ်လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်အရောက်တွင် သူ၏ တပည့်တပန်းများက ကမ္ဘာတစ်ဝန်း တရားရိပ်သာပေါင်း ၂၀၀ ခန့် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

ဂုရုကြီးဂိုအင်ကာ၏ နည်းအရ တရားအားမထုတ်ဖူးသော ယောဂီအသစ်များအနေနှင့် ၁၀ စကားပြောရဘဲ ဝိပဿနာ  အားထုတ်နည်းကို လေ့လာရမည် ဖြစ်သည်။ ယောဂီများမှာ ချမှတ်ထားသော စည်းမျဉ်းများကိုလည်း လိုက်နာရသည်။ မေထုန်မမှီဝဲရခြင်း၊ မူးယစ်စေတတ်သော အရာများ မမှီဝဲရခြင်း၊ လိမ်လည်ပြောဆိုမှု မပြုရခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကို မခိုးရခြင်း၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းမှုများ မပြုလုပ်ရခြင်း၊ စာရေး စာဖတ်မှုမပြုရခြင်း၊ ယောဂီတစ်ဦးနှင့် တစ်ဦးဆက်သွယ်ပြောဆိုမှုမပြုရခြင်းဟူသော စည်းမျဉ်းများကို လိုက်နာရသည်။ ယောဂီတစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုမှုကို တင်းတင်းကျပ်ကျပ်တားမြစ်ထားပြီး နှုတ်အားဖြင့် လည်းကောင်း၊ အမူအရာအားဖြင့် လည်းကောင်း၊ စားရေးသားခြင်းဖြင့် လည်းကောင်း ဆက်သွယ်ပြောဆိုမှု မပြုရပေ။

တရားအားထုတ်သူ ယောဂီများ၏ အဆိုအရ အဆိုပါစည်းမျဉ်းစည်းကမ်းများသည် စိတ်ကို ခန္ဓာကိုယ်အတွင်းပိုင်းသို့ ဦးလှည့်ပေးနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကြည့်မြင်နိုင်ခြင်းကို ဖြစ်စေသည်ဟု ဆိုသည်။ ယင်း၏ အကျိုးကျေးဇူးအဖြစ် မကောင်းသော အတွေးပုံစံများ၊ အမူအကျင့်များကို ပယ်ဖျောက်နိုင်သကဲ့သို့ ဆင်းရဲခြင်းဒုက္ခကို ဖန်တီးနေသည့် လက်သည်နှင့် ဆင်းရဲခြင်းဒုက္ခမှ လွန်မြောက်နိုင်မည့် နည်းလမ်းကို သိရှိနားလည်နိုင်မည်ဖြစ်ကြောင်း ဂုရုကြီးဦးဂိုအင်ကာ၏ အင်တာနက်  ဝက်ဘ်ဆိုက်ဖြစ်သည့် Dhamma.org  တွင် ရေးသားထားချက်အရ သိရသည်။

အားကုန်ပုံထားသည့် ဆီလီကွန်တောင်ကြား

The Bay Area Vipassana  Trust ဆိုသည့် အဖွဲ့က အမေရိကတွင် အကြီးဆုံးဖြစ်သည့် ယောဂီ ၂၄၀ ကျော် ပါဝင်သော နှစ်စဉ်တရားပတ်တစ်ခုကို ပြုလုပ်လေ့ရှိသည်။ ထို့ပြင် ဆီလီကွန်တောင်ကြားတွင် တရားအားထုတ်သည့် ရိပ်သာတစ်ခု တည်ထောင်ရန်ကိုလည်း အဆိုပါအဖွဲ့က ကြိုးပမ်းလျက်ရှိသည်။ ဆီလီကွန်တောင်ကြားတွင် ကရန်ဒိုနိုဗန်နှင့် သူ၏ ခင်ပွန်းဖြစ်သူ တင်မ်တို့မှာ ဂုရုကြီးဂိုအင်ကာ၏ နည်းနာအတိုင်း ဝိပဿနာတရားအားထုတ်နည်းများ သင်ကြားပြသနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးမှာ အဆိုပါအဖွဲ့ကို ကြီးကြပ်ပေးလျက်ရှိသည်။

“ကျွန်မတို့ တရားပတ်ကိုလာကြတဲ့သူ အများစုက စိတ်ငြိမ်းချမ်းမှုတစ်မျိုးမျိုးကို လိုချင်လို့လာကြတာပါ။ တချို့အရာတွေအပေါ် ရှုမြင်တဲ့ သူတို့ရဲ့ အမြင်တွေဟာ သူတို့ဘ၀မှာ မပျော်ရွှင်မှုကို ဖြစ်စေတာ ကြောင့်ပါ”ဟု ဆီလီကွန်တောင်ကြားတွင် နှစ်ပေါင်း ၂၀ ကျော် ဝိပဿနာရှုနည်းများ သင်ကြားပြသနေသည့် ကရန်ဒိုနိုဗန်က Business Insider သတင်းဌာနကို ပြောကြားသည်။

“တရားဘာဝနာပွားများနည်းကို လေ့လာချင်သူတွေအနေနဲ့ တခြားနေရာတွေမှာလည်း နည်းနာခံယူလို့ ရပါတယ်”ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

တရားပတ်အတွင်း အချိန်ဇယားကို ကြည့်ပါက အပြင်းအထန်အားထုတ်ရ သည်ကို တွေ့ရသည်။ နံနက် ၄ နာရီမှ ည ၉နာရီခွဲအတွင်း စားချိန်၊ တရားဆွေးနွေးချိန်၊ တရားနာချိန် စသည်များကို ဖယ်လိုက်ပါက တစ်ရက်လျှင် တရားထိုင်ချိန် စုစုပေါင်း ၁၀ နာရီ ၄၅ မိနစ်အထိ အားထုတ်ရသည်ကို တွေ့ရသည်။ တရားပတ်များတွင် ကုန်ကျငွေများကို ယောဂီဟောင်းများ၏ အလှူငွေဖြင့် သုံးစွဲခြင်းလည်းဖြစ်သည်။

Twitter စီအီးအိုဒေါ်ဆေး  (Dorsey) စတင်၍ စမ်းသပ်တရားအားထုတ်သည့် ကိစ္စကို သိရှိရာတွင် မအံ့ဩမိကြောင်းလည်း တရားပြဆရာဒိုနိုဗန်က ဆိုသည်။ Bay Area Vipassana  Trust အဖွဲ့ကို တရားပြသခြင်း သို့မဟုတ် ယောဂီအကူအဖြစ် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းအကူအညီပေးနေသူများမှာ နည်းပညာလုပ်ငန်းနယ်ပယ်မှ လူများ ဖြစ်ကြသည်။ အမျိုးသမီးတရားပြဆရာ ဒိုနိုဗန်နှင့် သူမ၏ ခင်ပွန်းတို့မှာ နှစ်စဉ်ပြုလုပ်သည့် တရားပတ်များကို ကယ်လီဖိုးနီးယားပြည်နယ် အော်စီဒန်ရှယ်အရပ်ဒေသတွင် ၎င်းတို့၏ အစီအစဉ် အချိန်ဇယားအတိုင်း ပြီးမြောက်အောင်မြင်စေရန် အားလပ်ရက်အချိန်များ၌ ပြုလုပ်လေ့ရှိသည်။

“နည်းပညာကုမ္ပဏီတွေလိုပဲ တခြားကုမ္ပဏီတွေ အလုပ်ပိတ်ပေးရတဲ့ ကာလဖြစ်တဲ့ နှစ်တစ်နှစ်ရဲ့ အားလပ်ရက်ကာလမှာ ယောဂီတွေ အများကြီးကို သင်ကြားပြသဝန်ဆောင်မှုပေးရတာကို ကျွန်မတို့ နှစ်သက်ပါတယ်”ဟု အမျိုးသမီးတရားပြ ဆရာဒိုနိုဗန်က ပြောကြားသည်။

ဝိပဿနာတရားအားထုတ်ခြင်းကို  Twitter စီအီးအို ဒေါ်ဆေးကဲ့သို့ နာမည်ကြီးနည်းပညာလုပ်ငန်းရှင်များ  ကြိုက်နှစ်သက်ရခြင်း အကြောင်းမှာ ဝိပဿနာအလုပ်သည် ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ကျိုးကြောင်းနည်းလမ်းတကျ စဉ်းစားနိုင်စွမ်းလိုအပ်ခြင်းကြောင့် ဖြစ်ကြောင်း သူမက ယူဆသည်။

“စိတ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ စဉ်းစားမိတဲ့ လူတိုင်း၊ ဘယ်လို ဒုက္ခဆင်းရဲခံစားရတယ်ဆိုတာကို သဘောပေါက် နားလည်သူတိုင်း သက်သာရာသက်သာကြောင်း နည်းလမ်းတွေကို စပြီး ရှာဖွေကြပါတယ်။ ကျွန်မတို့ရဲ့ ဝိပဿနာ အားထုတ်နည်းက အမှန်အတိုင်း သိခြင်းပါပဲ”ဟု သူမက ဆက်လက်ပြောကြားသည်။

Twitter နှင့် Square လုပ်ငန်းနှစ်ခုစလုံးကို စီမံခန့်ခွဲရန် ဝိပဿနာကို အသုံးပြုနေသည့် ဒေါ်ဆေး (Dorsey)

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ၁၀ ရက် တရားပတ်မဝင်မီက တွစ်တာစီအီးအိုဒေါ်ဆေးသည် လက်အုပ်ချီနေသည့် ပုံကို တွစ်တာစာမျက်နှာတွင် တင်ခဲ့ပြီး ၁၀ ရက် တရားပတ်အပြီး နှစ်သစ်ကူးရက်တွေင် #Vipassana (ဝိပဿနာ) ဆိုသည့် စကားလုံးကို ရေးတင်ခဲ့သည်။ ဒေါ်ဆေးမှာ ၂၀၁၅ ခုနှစ်ကတည်းက Twitter နှင့် Square ကုမ္ပဏီနှစ်ခုစလုံး၏ စီအီးအို ဖြစ်လာခဲ့သူ ဖြစ်သည်။ ဒေါ်ဆေးမှာ တသတ်မတ်တည်း ရှိသော ပုံမှန်နေ့စဉ် အချိန်ဇယားအတိုင်းနေထိုင်၍ မျှခြေကို တွေ့ရှိခဲ့သည်။ သူသည် မနက်ပိုင်းတွင် Twitter ကုမ္ပဏီတွင် အလုပ်လုပ်၍ နေလယ်ပိုင်းတွင် Square ကုမ္ပဏီတွင် အလုပ်လုပ်သည်။ ၂၀၁၅ ခုနှစ်တွင် နံနက် ၅ နာရီမှ စတင်၍ ခဏတာတရားအားထုတ်ခြင်းဖြင့် သူ၏ တစ်နေ့တာ လုပ်ငန်းများကို စတင်သည်ဟု ဆိုသည်။

Twitter စီအီးအို ဒေါ်ဆေးမှာ မကြာသေးခင်နှစ်သစ်ကူးကာလက တရားအားထုတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ များများစားစား ပြောကြားတာမျိုး မရှိပေ။ သူပြောသည့် တစ်ခုတည်းသော အကြောင်းအရာမှာ “၁၀ ရက် စကားမပြောဘဲ နေလိုက်ရပြီးတော့ ကျွန်တော် နားအထောင်ချင်ဆုံးသီချင်းကတော့ ရက်ပ်အဆိုတော် ကန်ဒရစ်လားမားရဲ့ ‘Damn’ ဆိုတဲ့ သီချင်း အယ်လ်ဘယ်မ်ပဲ”ဟု ပြောကြားခဲ့လေသည်။

စာညွှန်း။       ။ Twitter CEO Jack Dorsey tried the meditation craze that requires no sex, drugs, or talking for 10 days

ဉာဏကျော်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *