လိုအပ်ချက်များ ရှိနေဦးမည့် ကျန်းမာရေး

photo - moe kyaw lwin

အရပ်သားအစိုးရသစ်လက်ထက်တွင် ကျန်းမာရေးဘတ်ဂျက် သိသိသာသာတိုးမြှင့်သုံးစွဲလာသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း မြှင့်တင်ဆောင်ရွက်လာခဲ့ရာ ကုန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် များစွာသိသာထင်ရှားခဲ့သည်။

အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ အထူးကုဆရာဝန်၊ ဆရာဝန်၊ သူနာပြု၊ သားဖွားစသည့် ကျန်းမာရေးဝန်ထမ်းများ အရေအတွက်တိုးမြှင့်ခန့်ထားခြင်း၊ နိုင်ငံတစ်ဝန်း ဆီးချိုနှင့် သွေးတိုးရောဂါများကို အခမဲ့ကုသပေးခြင်း၊ ငှက်ဖျား၊ ဆေးယဉ်ပါးတီဘီနှင့် HIV ပိုးရှိ လူနာများကို အရေအတွက် တိုးမြှင့်ကုသပေးခြင်း၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် Mobile Tablet ၉၀၀၀ ကျော် ဖြန့်ဝေပေးခြင်း၊ ဝေးလံခေါင်ဖျားဒေသများမှ ဆေးတက္ကသိုလ်တက်ရောက်လိုသူ ကျောင်းသားများကို အရေအတွက် တိုးမြှင့်လက်ခံခြင်း၊ သုတေသနလုပ်ငန်းစီမံချက်များ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း စသည်တို့ကို တွေ့ခဲ့ရသည်။ ကုသရေးပိုင်းတွင်လည်း ဝန်ဆောင်မှုနှင့် စရိတ်သက်သာမှုကြောင့် အစိုးရဆေးရုံ၊ ဆေးခန်းတိုင်းလိုလို ပြည်သူလူထု၏ အားကိုးမှုပိုမိုရရှိလာခဲ့သည်။

၂၀၁၇ – ၂၀၁၈ ဘဏ္ဍနှစ်က ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျက် ကျပ် ၁၀၇၆ ဘီလီယံ သတ်မှတ်အသုံးပြုခဲ့ရာမှ ယခု ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၃၁ ဘီလီယံ တိုးမြှင့်သတ်မှတ်လိုက်သဖြင့် ယင်းကဏ္ဍအတွက် ထပ်မံလိုအပ်နေသော ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံအဆောက်အဦများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

Photo – Moe Kyaw Lwin

ကျန်းမာရေးဗဟုသုတများပိုမိုရရှိလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ယခင်ကထက်ပို၍ လက်လှမ်းမီလာခြင်းတို့ကြောင့် ပြည်သူလူထုအနေနှင့်လည်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းများ ပိုမိုဆောင်ရွက်လာကြမည် ဖြစ်သည်။ လူငယ်များအထူးသဖြင့် အမျိုးသမီးများအကြား ရေပန်းစားနေသည့် မျက်နှာနှင့် ခန္ဓာကိုယ်အလှအပရေးရာအတွက် ခွဲစိတ်ပြုပြင်ခြင်း၊ အဆီချခြင်း၊ စက်ကိရိယာများဖြင့် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအသောက်ဆင်ခြင်ခြင်းတို့မှာလည်း ဆက်လက်ပြီး ခေတ်စားနေဦးမည်သာ ဖြစ်သည်။

ရခိုင်အရေးနှင့် စပ်လျဉ်းပြီး နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင် နိုင်ငံတကာ၏ ဖိအားများ ဆက်လက်ရှိနေဦးမည်ဖြစ်သော်လည်း ကျန်းမာရေးကဏ္ဍအတွက်မူ နိုင်ငံတကာအစိုးရနှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ပံ့နေမှုများကား ရပ်သွားမည်မဟုတ်ဘဲ ဆက်လက်တည်ရှိနေဦးမည်သာ ဖြစ်သည်။ တိုးမြှင့်ထားသည့် ဘတ်ဂျက်နှင့် နိုင်ငံတကာပံ့ပိုးမှုများဖြင့် ဝေးလံခက်ခဲသည့် တိုင်းရင်းသားဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရဆိုင်ရာ၊ HIV/AIDS၊ ငှက်ဖျား၊ ဆီးချို၊ ကင်ဆာ၊ တီဘီ၊ အသည်းရောင်အသားဝါအစရှိသည့် ရောဂါများအတွက် ကုသမှုနှင့် ရောဂါရှာဖွေမှုများ၊ ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း၊ လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ဆက်လက်တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

အစိုးရဆေးရုံများ ဝန်ဆောင်မှုတိုးမြှင့်လာသည့် နည်းတူ ပုဂ္ဂလိကဆေးရုံများတွင် အဆင့်မြင့်ရောဂါရှာဖွေရေးကိရိယာများ အပြိုင်အဆိုင်တိုးမြှင့်တပ်ဆင်လာကြသလို ပြည်ပဆေးရုံကိုယ်စားလှယ်ရုံးခွဲများလည်း ထပ်မံဖွင့်လှစ်လာကြဦးမည်ဖြစ်သည်။ မြန်မာအသည်းဖောင်ဒေးရှင်း၊ နာရေးကူညီမှုအသင်း သုခကုသိုလ်ဖြစ်ဆေးခန်း၊ ရွှေပါရမီဖောင်ဒေးရှင်းကဲ့သို့ ကျန်းမာရေးဆိုင်ရာအစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုများမှာလည်း တစ်တပ်တစ်အားပါဝင်ဖြည့်ဆည်းနေဦးမည် ဖြစ်သည်။ 

Photo – Moe Kyaw Lwin

မည်သို့ပင် တိုးမြှင့်ဆောင်ရွက်စေကာမူ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူသည့် ပြည်သူလူထုအနေနှင့် အပြည့်အဝရရှိဦးမည် မဟုတ်ဘဲ ကျေနပ်မှုမှာလည်း နည်းပါနေဦးမည်ဖြစ်သည်။ ပါဝင်ပတ်သက်နေကြသူ State Holder များ၊ ကုသမှုခံယူသူများနှင့် ကုသပေးသူများပါ ကျန်းမာရေးကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာရန် လိုအပ်နေဦးမည်။ ကျန်းမာရေးဝန်ကြီးဌာနသာမက ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းကဲ့သို့ ကျန်းမာရေး NGO အဖွဲ့အစည်းများအနေနှင့် ဆုံးဖြတ်မှုအဆင့်ဆင့်ကို လျှော့ချပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိနေသည့် ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးအသိပညာပြန့်ပွားရေးတို့ကို ထိထိရောက်ရောက်ဆောင်ရွက်ရမည် ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *