သရုပ်ဆောင် အေးဝတ်ရည်သောင်းနှင့် တွေ့ဆုံခြင်း

“အကယ်ဒမီကရရင်တော့ လိုချင်ပါတယ်။ မရခဲ့ရင်လည်း သိပ်ပြီးတော့ ဝမ်းနည်းတဲ့ထဲမှာ မပါပါဘူး။ ပရိသတ်တွေပေးတာနဲ့တင် ပေါက်စီက ကျေနပ်နေပါပြီ”

အခုလက်ရှိရိုက်ကူးနေတဲ့ ရင်ခွင်ရှင်းတမ်းဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ကာရိုက်တာအတွက် ပြင်ဆင်မှုအပိုင်းတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်တာများတဲ့ အကြောင်းတွေနဲ့ အကယ်ဒမီရင်ခုန်သံတွေကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice :       ကာရိုက်တာအတွက် ဘယ်လိုမျိုးတွေ ပြင်ဆင်ခဲ့လဲ။

AWYT :       ပေါက်စီ လုပ်ရမယ့် ကာရိုက်တာ ဆရာဝန်ပါ။ ဆရာဝန် တစ်ယောက်ရဲ့ ပုံစံက အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှားလို့မရဘူး။ ဆေးပညာဆိုတော့ အရမ်းသတိထားရတယ်။ နောက်တစ်ခုက တစ်ခုခုစကားပြောလိုက်ရင် ဆရာဝန်တစ်ယောက်က ဟဲ့ အဲဒါတွေ အရမ်းမစားနဲ့ ဆီးချိုတက်မယ် အဲဒီလိုမျိုးလေးတွေ ပြောတာတွေအစ ဂရုစိုက်ရတယ်။ ဇာတ်ညွှန်းလေးတွေအစ အများကြီးဖတ်ပြီးတော့ ပြင်ဆင်ရတယ်။ ဆရာဝန်တစ်ယောက်ရဲ့ နေပုံထိုင်ပုံနားကြပ်လေးတွေ ကိုင်တာကအစ လူနာရဲ့ ညာဘက်မှာ အမြဲတမ်းနေဖို့ အဲဒီလိုအသေးစိတ်လေးတွေအစ ဆရာဝန်တစ်ယောက်နဲ့တွဲပြီးတော့ သင်နေတာ ပေါက်စီ နှစ်ပတ်လောက် ရှိနေပြီ။

Voice :       ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးမှုများတာ ဘယ်လိုကြောင့်လဲ။

AWYT :       ပေါက်စီကို ကမ်းလှမ်းလာတာတွေက ဇာတ်လမ်းတွဲတွေ များတယ်။ ဘာပဲဖြစ်ဖြစ် ကမ်းလှမ်းတဲ့ သူရှိလို့လည်း ကျေနပ်တယ်။ ပရိသတ်တွေက ပေါက်စီကို ဇာတ်လမ်းတွဲနဲ့ သိလာကြတယ်။ နောက်တစ်ခုက ဇာတ်လမ်းတွဲရိုက်ရတာလည်း ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေနဲ့က ဇာတ်လမ်းတွဲတွေမှာက ချက်ချင်းထိတွေ့ခွင့်ရတယ်။ နောက်တစ်ခုက Free to Air ဖြစ်တဲ့အတွက်ကြောင့် လူတိုင်းကြည့်လို့ ရတယ်။ ရုပ်ရှင်ဆိုရင် ရုပ်ရှင်ရုံ မရှိတဲ့ မြို့တွေမှာဆို လူတိုင်းကြည့်လို့ မရဘူး။အဲဒီအတွက် ဇာတ်လမ်းတွဲကျတော့ တစ်နိုင်ငံလုံး ကြည့်လို့ရတယ်။ ပိုပြီးတော့ လူသိလည်းများတယ်။ အဲဒီအတွက် ဇာတ်လမ်းတွဲရိုက်ရတာ ပိုပြီးတော့သဘောကျတယ်။

Voice :       နောက်ထပ် ဘယ်လို ကာရိုက်တာမျိုးတွေနဲ့ ထပ်တွေ့ရမလဲ။

AWYT :        ပေါက်စီရှေ့မှာ ရိုက်ပြီးသား ရုပ်ရှင်နှစ်ကားရှိတယ်။ ၇လပိုင်းကျရင် ထပ်ရိုက်ဖို့ ရှိတယ်။ အခုလောလောဆယ်က ဇာတ်လမ်းတွဲရိုက်ဖို့ စိတ်ထဲမှာ ထည့်ထားတော့ တချို့ဇာတ်လမ်းတွေ ပို့ထားတာတွေ ရှိတယ်။ သေချာမဖတ်ဖြစ်သေးဘူး။

Voice :       ပထမဆုံး ပြန်ရိုက်တဲ့ ကားနဲ့ပဲ ပရိသတ်က အသိအမှတ်ပြုတော့  စိတ်ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

AWYT :        ပထမဦးဆုံးရိုက်တဲ့ကားမှာ ပရိသတ်တွေပြန်ပြီးတော့ လက်ခံနိုင်မလား၊ မခံနိုင်ဘူးလားဆိုတာ အရမ်းစိတ်ပူတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက မအေးသောင်း ရိုက်ထားတဲ့ ကားဆိုရင် လူတွေက မတွေ့လည်း မတွေ့ဖူးဘူးလေ။ ဘာပဲဖြစ်ဖြစ် ပေါက်စီပါတဲ့ အခန်းလေးမှာ သူတို့ အသိအမှတ်ပြုကြတယ်။ ရယ်ကြတယ်ဆိုတော့ အရမ်းလည်း ပျော်ပါတယ်။

Voice :       မုန်းစွဲဇာတ်ကားနဲ့ ပရိသတ်တွေက အကယ်ဒမီပေးနေတော့ ကိုယ်တိုင်က ဘယ်လိုမျိုး ရင်ခုန်နေလဲ။

AWYT :       အကယ်ဒမီက ရရင်တော့ လိုချင်ပါတယ်။ မရခဲ့ရင်လည်း သိပ်ပြီးတော့ ဝမ်းနည်းတဲ့ထဲမှာ မပါပါဘူး။ ပရိသတ်တွေ ပေးတာနဲ့တင် ပေါက်စီက ကျေနပ်နေပါပြီ။ ဒါပေမဲ့ ရတော့ ရချင်တယ်။ ဘယ်သူမဆို သရုပ်ဆောင်တိုင်းက အကယ်ဒမီက လိုချင်တာဆိုတော့ရရင်တော့ အတိုင်းထက်အလွန်ပေါ့။ အရမ်းကြီး မျှော်လင့်မထားပါဘူး။

Voice :       ဒီနှစ်က ဇာတ်ကားကောင်းတွေ အများကြီးပေါ်ထွက်တော့ အဲဒီအတွက် ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

AWYT :        ဇာတ်ကားကောင်းတွေ အများကြီး ထွက်လာတော့ ပိုပြီးတော့ ပျော်စရာလည်း ကောင်းတယ်။ ရင်ခုန်စရာလည်း ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြိုင်အဆိုင်တွေ များနေတော့ ဘယ်သူရမှာလဲ၊ ရမှာလဲဆိုပြီး ခန့်မှန်းလို့ မရဘူးလေ။ အရင်တုန်းကဆိုရင် ကားကောင်း တစ်ကားဆိုတာနဲ့ သိသာတယ်လေ။ အဲဒီအတွက်ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။

Voice :       ပရိသတ်တွေကလည်း မုန်းစွဲ ဇာတ်ကားနဲ့ အကယ်ဒမီပေးနေကြတော့  ကိုယ်တိုင်က ဘယ်သူ့ကို ပိုရင်ခုန်နေတာမျိုးရှိလဲ။

AWYT  :       အကုန်လုံးကို ရစေချင်တယ်။ ဖြစ်နိုင်ရင်တော့ အကုန်လုံးပေးချင်တာ။ ဘယ်သူ့ကိုမှ မျက်နှာ မလိုက်ချင်ဘူး။ ကိုနေတိုးလည်း အရမ်းကောင်းတယ်။ ကိုကျော်ကျော်ဗိုဆိုရင် မထင်မှတ်ထားလောက်အောင် ကောင်းတယ်။ မင်းသမီးလည်း ကောင်းတယ် သူ အရမ်းကြိုးစားထားတာ တွေ့နေရတော့ ပေါက်စီက ဘယ်သူရရ ပျော်မှာပါ။

Voice :       ဇာတ်လမ်းရွေးချယ်မှုအပိုင်းတွေ ဘယ်လိုမျိုးတွေ လက်ခံရိုက်ကူးဖြစ်နေလဲ။

AWYT :       ဇာတ်လမ်းက ပေါက်စီက အစောကြီးထဲက ရွေးတယ်။ပေါက်စီ အသက်အရွယ်နဲ့ပြီးတော့ ကိုယ် လုပ်နိုင်ပါ့မလားဆိုတဲ့ဟာနဲ့ အမြဲရွေးချယ်ရိုက်ကူးဖြစ်တယ်။ ဒီနှစ်လည်း ပေါက်စီ အဲဒီလို ပုံစံမျိုးနဲ့ပဲ ရွေးချယ်စိစစ်ပြီး ရိုက်ကူးသွားမှာပါ။

Voice :       My Day မှာ ချစ်သူရဲ့ လက်လေးတွေနဲ့ တင်ထားတော့ ပရိသတ်ကို ဘယ်တော့လောက် တရားဝင်ချပြဖို့ ရှိလဲ။

AWYT :        အမှန်အတိုင်းပြောရရင်တော့ သူငယ်ချင်းတွေက သင်ပေးလိုက်တာ  My Day မှာ ဒီလိုလေးတွေ တင်လို့ရတယ်ဆိုတော့ ဘယ်သူမှ မတွေ့ဘူး ထင်တာနဲ့ တင်လိုက်တာ။ ဒါပေမဲ့ အဲဒီမှာ ကြည့်တဲ့သူတွေ များပြီး အဲဒီလိုဖြစ်သွားတယ်။ မထူးတော့ပါဘူးဆိုပြီး ပြန်လည်းမဖျက်တော့တာ။ ဟိုတစ်ယောက်တောင် အံ့ဩသွားတယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *