ကံကြမ္မာကို ကနေဒါတွင် ဇိမ်ကျကျစောင့်နေသော Huawei  အရာရှိချုပ်

နေရာက ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်းတန်သော စံအိမ်ကြီးတွင်းမှ ထွက်လာပြီး GPS နေရာပြ ခြေကျင်းဝတ်ဆင်ထားလျက် ယာဉ်မောင်းပါ SUV ကားနက်ပေါ်သို့ တက်ရောက်သွားသူမှာ ကနေဒါတွင် အမှုရင်ဆိုင်နေရပြီး အာမခံရသွားသည့် Huawei ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် Meng Wanzhou ဖြစ်သည်။ ခြေကျင်းဝတ်ဆင်ထားရခြင်းမှာ သူသွားလာသည့်နေရာများကို ထောက်လှမ်းရန် ဖြစ်သည်။

ထို့နောက်တွင် သူသည် လွတ်လပ်သွားပြီ။ ဗန်ကူးဗားမြို့၏ ပတ်ပတ်လည် မိုင် ၁၀၀ အတွင်းရှိ စားသောက်ဆိုင်များ၊ ဈေးဆိုင်များကို သူအိမ်ပြန်ရောက်ရမည့် ည ၁၁ နာရီ မတိုင်မီအတွင်း လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိသည်။

ယင်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံး Telecom ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Huawei ၏ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်လည်းဖြစ်၊ ဒေါ်လာဘီလီယံချီ ချမ်းသာသော တည်ထောင်သူ၏သမီးလည်းဖြစ်သည့် Ms. Meng ၏ တစ်နေ့တာ ဖြစ်သည်။ ရှုပ်ထွေးနက်ရှိုင်းသော အာဏာ လွန်ဆွဲပွဲ၏ အလယ်ခေါင်တည့်တည့်တွင် ရောက်နေသူ တစ်ဦးတစ်ယောက်အတွက် မူ သာယာယာယာရှိနေသည့်အသွင်။

Ms. Meng ကို အမေရိကန်ပြည်ထောင်စု၏ မေတ္တာရပ်ခံချက်ဖြင့် ကနေဒါက ဖမ်းဆီးခဲ့သည်။ အီရန်ကို အရေးယူပိတ်ဆို့ထားသည်ကို Huawei က ဘဏ်များကို လှည့်စားကာ ချိုးဖောက်သည်ဟု အမေရိကန်က စွပ်စွဲပြီး အမေရိကန်ပြည်ထောင်စုသို့ တရားခံကို လွှဲပေးစေလိုသည်။ ထိုမှနေပြီး သံခင်းတမန်ခင်းသမိုင်းတွင် မကြုံဖူးအောင် တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားကြသည်။

ဗန်ကူးဗားတွင် Ms. Meng အဖမ်းခံရအပြီး ကိုးရက်အကြာတွင် တရုတ်သည် ကနေဒါနှစ်ဦးကို အမျိုးသားလုံခြုံရေးအရဟုဆိုကာ ဖမ်းလိုက်သည်။ မူးယစ်ဆေးမှောင်ခိုမှုဖြင့် အပြစ်ရှိကြောင်းတွေ့ရသည့် ကနေဒါတစ်ဦးကို ထိုရက်သတ္တပတ်တွင်ပင် တစ်ရက်ကြာ တရားရုံးခွင်အပြီး သေဒဏ်ချမှတ်သည်။

Ms. Meng ၏အမှု မည်သို့ပြီးသွားမည်ကို မမှန်းဆနိုင်သော်လည်း Huawei ၏ ဘဏ္ဍာရေးကိစ္စများကို မကွပ်ကဲသည့်အချိန်တွင် သူနေထိုင်လေ့ရှိသည့် သူပိုင်အိမ်နှစ်လုံးရှိသည့် ဗန်ကူးဗားမြို့တွင် သူသည် လူအများစိတ်ဝင်စားစရာ ဖြစ်လာသည်။

သူ့ခင်ပွန်းနှင့် သမီးနှစ်ဦးနှင့်အတူ Ms. Meng နေထိုင်နေသည့်အိမ်သည် ပစိဖိတ်သမုဒ္ဒရာကို မေးတင်နေသည့် ဧက ၂၀၀၀ ကျယ် ပန်းခြံအနီးတွင်ရှိပြီး ခရီးသွားများ ခေတ္တရပ်တန့်ကာ သူ့အိမ်နှင့်အတူ Selfie ခေါ် ကိုယ့်ဘာသာကိုယ် ဖုန်းဖြင့်ဓာတ်ပုံရိုက်ကြသည့်နေရာဖြစ် လာသည်။

Ms. Meng ၏ အာမခံတွင် တည်နေရာပြခြေကျင်း GPS Global Positioning System Monitor၊ ည ၁၁ နာရီနှင့် မနက် ၆ နာရီအတွင်း အိမ်ပြင်မထွက်ရစည်းမျဉ်းနှင့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ၏ ၂၄ နာရီ စောင့်ကြည့်ခံရခြင်းတို့ ပါဝင်သည်။ သူအချုပ်မှလွတ်လာသည့်အခါတွင် သဘောတူထားသောစည်းမျဉ်းများကို မချိုးဖောက်ရန် ထိုလုံခြုံရေးကုမ္ပဏီက တာဝန်ယူထားသည်။

ထိုလုံခြုံရေးကုမ္ပဏီသည် ဈေးကြီးပြီး ကုန်ကျစရိတ်ကို Ms. Meng က ပေးရသည်။ ပေးရငွေထဲတွင် သူ့ကို အမြဲစောင့်ကြပ်နေရသော ရဲနှစ်ယောက်နှင့် ကားတစ်စီးအတွက် အခကြေးငွေတို့ ပါသည်။ ထို့အတွက် တစ်ရက်လျှင် ဒေါ်လာ ၇၀၀၀၊ တစ်နှစ်လျှင် ဒေါ်လာ ၂ သန်းခွဲ အောက်ထစ်ကုန်မည်ဟု ကျွမ်းကျင်သူများက ပြောဆိုသည်။

Ms. Meng ၏ နေအိမ်အကျယ်ချုပ်သည် အမှုရင်ဆိုင်နေရသည့် သူကဲ့သို့သော ကုမ္ပဏီကြီးဦးဆောင်သူပင်ဖြစ်သည့် Nissan ကုမ္ပဏီ၏ တွဲဖက်ဥက္ကဋ္ဌ Carlos ၏ အခြေအနေနှင့်မူ ကွာခြားသည်။ Carlos သည် တိုကျိုတွင် အချုပ်ခံထားရပြီး တရားရုံးသို့ ယခင်အပတ်က လာရောက်ရာတွင် ပလတ်စတစ်ခြေညှပ် ဖိနပ်စီးထားကာ လက်ထိပ်ခတ်ခံထားရပြီး ခါးတွင် ကြိုးချည်ခံထားရသည်။

သို့သော် Ms. Meng ၏ အပေါ်ယံသာယာနေသည့်ဘ၀နောက်ကွယ်တွင် ချောက်ချားစရာ ဇာတ်လမ်းရှိနေသည်။ တရားခံကို သူအပြစ်ကျူးလွန်ရာ တိုင်းပြည်သို့ လွှဲပြောင်းပေးသည့်ဖြစ်စဉ်သည် နှေးနှေးကွေးကွေးဖြင့် လချီကြာနိုင်၊ အခန့်မသင့်လျှင် နှစ်ပေါင်းများစွာ ကြာသွားနိုင်သည်ဟု ယခင်အမှုများက ပြသည်။ မည်မျှပင်ကြာကြာ နောက်ဆုံးတွင် လွှဲပြောင်းပေးခံရဖို့က များသည်။ အပြစ်ကျူးလွန်ရာတိုင်းပြည်သို့ တရားခံကို လွှဲပြောင်းပေးရန် မေတ္တာရပ်ခံချက်များကို ကနေဒါတရားသူကြီးများသည် ဆယ်မှုလျှင် ကိုးမှု အတည်ပြုပေးကြသည်။

Ms. Meng ကမူ နှစ်ပေါင်းများစွာ ကြာနိုင်သည့် အမှုကိစ္စအတွင်း သူ့အချိန်ကို သုံးမည့်နည်းလမ်းများကို စဉ်းစားလျက်ရှိသည်။ သူ့အိမ်နားတွင်ရှိသည့် ဗြိတိသျှ ကိုလံဘီယာတက္ကသိုလ်၏ စီးပွားရေးစီမံခန့်ခွဲမှု ပါရဂူဘွဲ့သင်တန်းကိုတက်ရန် Ms. Meng လျှောက်လွှာတင်ချင်သည်။ ထူးဆန်းသည်မှာ ထိုတက္ကသိုလ်သည် 5G မိုဘိုင်းလ်ကွန်ရက်နည်းပညာ သုတေသနအတွက် ဒေါ်လာ ၂.၂၆သန်းအလှုငွေကို Huawei ထံမှ ရထားသည်။ 5G နည်းပညာသည် Huawei တို့ ရသွားမည်၊ တီထွင်နိုင်မည်ကို အမေရိကန်တို့က စိုးရိမ်ပြီး ပိတ်ဆို့နေ သည့် နည်းပညာဖြစ်သည်။

“၂၅ နှစ်လုံးလုံး အလုပ်မှအလုပ် ကျွန်မ သဲသဲမဲမဲ လုပ်ခဲ့ပြီးပြီ” ဟု Ms. Meng က အာမခံရရေး ကြားနာသည့်တရားခွင်တွင် ရှေ့နေကတစ်ဆင့်ပြောကြားခဲ့သည်။ “လွတ်ရင် ကျွန်မဖြစ်ချင်တဲ့တစ်ခုတည်းသော ရည်မှန်းချက်က ခင်ပွန်းနဲ့ သမီးနဲ့ နေဖို့ပါ။ ဝတ္ထုမဖတ်ရတာတောင် နှစ်နဲ့ ချီနေပြီ။” 

Ref: Bloomberg

ဝိဇ္ဇာ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *