မြန်မာ့ဆန် ဥရောပသွားတောလား ဝိရောဓိ

မြန်မာသည် အီးယူသို့ ဆန်တင်ပို့ရေး အခြားသောနိုင်ငံများနှင့် တန်းတူယှဉ်ပြိုင်ရတော့မည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာ့ဆန်တန်ချိန် သုံးသိန်းကို ဥရောပသို့ တင်ပို့ခဲ့သည်။ ယင်းပမာဏသည် အိမ်နီးချင်း တရုတ်နိုင်ငံသို့ တင်ပို့သည့်ပမာဏနှင့်ယှဉ်ပါက လွန်စွာနည်းပါးသည်။ သို့သော်လည်း ဥရောပဈေးကွက်ကိုက အမှတ်တံဆိပ်တစ်ခုဖြစ်ခြင်း၊ ဥရောပသို့တင်ပို့နိုင်ခြင်းဖြင့် အခြားသောနိုင်ငံများသို့ တင်ပို့နိုင်ခြင်းတည်းဟူသော အရည်အသွေးစံချိန် စံညွှန်းဆိုင်ရာ နာမည်ကောင်းများကြောင့် ဥရောပဈေးကွက်သည် မြန်မာအတွက် လိုအပ်ဆဲဖြစ်သည်။

ယခင်ကမူ ထိုသို့တင်ပို့မှုအပေါ်တွင် ဥရောသမဂ္ဂက အခွန်ကင်းလွတ်ခွင့်များ ပေးထားခဲ့သည်။ အဆိုပါအခွန်ကင်းလွတ်ခဲ့သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ပေးသော ဥရောပသမဂ္ဂ၏ အခွန်ကင်းလွတ်ခွင့် (Everything but Arms  – EBA) ဖြစ်သည်။ ယင်းအခွန်ကင်းလွတ် ခွင့်သည် GSP နှင့် သက်ဆိုင်ခြင်းမရှိပေ။

သို့သော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် မြန်မာနှင့် ကမ္ဘောဒီယားတို့မှတင်ပို့သည့် ဆန်များကို အခွန်ကောက်ခံမည်ဟု အီးယူက ကြေညာခဲ့သည်။ သုံးနှစ်ဆက်တိုက်အခွန်ကောက်မည်ဖြစ်ပြီး ယင်းသို့ အခွန်ကောက်ခံမှုသည် ဇန်နဝါရီလ ၁၈ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

မြန်မာနှင့် ကမ္ဘောဒီးယားမှ တင်ပို့သော ဆန်လုံးရှည်တစ်တန်လျှင် ပထမနှစ်တွင် ယူရိုငွေ ၁၇၅၊ ဒုတိယနှစ်တွင် ၁၅၀ နှင့် တတိယနှစ်တွင် ၁၂၅ ယူရို အခွန်ကောက်ခံမည်ဖြစ်သည်။

ဤသို့ အခွန်ကောက်ခံရခြင်းအတွက် ဥရောသမဂ္ဂတွင်လည်း အကြောင်းပြချက်များရှိသည်။ ပြီးခဲ့သည့်ငါးနှစ်အတွင်း မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ ဥရောပသို့ ဆန်တင်ပို့မှုသည် ၈၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

မြန်မာနှင့် ကမ္ဘောဒီးယားတို့၏ အခွန်လွတ် ဆန်တင်ပို့မှု တိုးတက်လာသည်နှင့်အမျှ ဥရောပထုတ်လုပ်သူများ၏ ဈေးကွက်ဝေစုမှာလည်း ယခင် ၆၁ ရာခိုင်နှုန်းခန့်ရှိရာမှ ၂၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု အီးယူက ဆိုသည်။ မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်တင်ပို့မှုသည် ၂၀၁၂ ခုနှစ်တွင် ဆန်တန်ချိန် ၉၀၀၀ သာရှိရာမှ ၂၀၁၇ ခုနှစ်သို့ အရောက်တွင် တန်ချိန် ၃၆၀,၀၀၀ ကျော်ထိ မြင့်တက်လာခြင်းဖြစ်သည်။

ထို့ကြောင့်ပင် အီးယူအဖွဲ့ဝင် အီတလီနိုင်ငံက တိုင်တန်းခဲ့သည်။ အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံတွင် ဘူဂေးရီးယားနှင့် ပေါ်တူဂီတို့အပါအဝင် ဆန်စိုက်ပျိုးထုတ်လုပ်သည့် ရှစ်နိုင်ငံရှိသည်။ ဘူဂေးရီးယားနှင့် ပေါ်တူဂီတို့ကလည်း အီတလီကို ထောက်ခံခဲ့ကြသည်။

အီးယူကော်မရှင်သည် အဆိုပါကိစ္စအတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မတ်လမှ စတင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာဆန်လုပ်ငန်းရှင်များဘက်သို့လည်း စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်အတွင်းက အီးယူအဖွဲ့ဝင်နိုင်ငံများအကြား မဲခွဲဆုံးဖြတ်ခဲ့သည်။ အီးယူတွင် အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံရှိပြီး မြန်မာ့ဆန်အခွန်ကောက်မည့် အစီအစဉ်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ ၁၃ နိုင်ငံက ထောက်ခံပြီး ရှစ်နိုင်ငံက ကန့်ကွက်ခဲ့ကာ ခြောက်နိုင်ငံက ကြားနေခဲ့သည်။ အခွန်ကောက်မည့်အစီအစဉ်အောင်မြင်ရန် ၁၆ နိုင်ငံ၏ ထောက်ခံမှုလိုအပ်သည်။

အခွန်ကင်းလွတ်ခွင့်ပေးထားခြင်း၏ မူလရည်ရွယ်ချက်မှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးကူညီရန်ဖြစ်သောကြောင့် အခွန်ပြန်ကောက်မည့်အစီအစဉ်မှာ မူလရည်ရွယ်ချက်ကို ထိခိုက်စေသည်ဟု အီးယူအဖွဲ့ဝင်နိုင်ငံအချို့က ထောက်ပြခဲ့ကြသည်။

သို့သော်လည်း လိုအပ်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရမည်ဟူသည့် မူလည်းရှိရာ အီးယူကော်မရှင်က အခွန်ပြန်ကောက်ရန် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဥရောပသမဂ္ဂ GSP ကဲ့သို့ အထူးအခွန်ကင်းလွတ်ခွင့်ကို ဆုံးရှုံးရန်အခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ယခု ဆန်ကိစ္စတွင်လည်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများဟု ခေါင်းစဉ်မတပ်ထားသော်လည်း နိုင်ငံရေးလေ့လာသူများကမူ ထိုသို့ပင်ယူဆကြသည်။ အကြောင်းမှာ ကမ္ဘောဒီးယားတွင် အတိုက်အခံများကိုနှိမ်နင်းသည့် ဝန်ကြီးချုပ် ဟွန်ဆန်၏ လုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချနေချိန်လည်းဖြစ်သည်။

ကမ္ဘောဒီးယားသို့ ပေးအပ်ထားသည့် EBA အစီအစဉ်ကို EU က ရုတ်သိမ်းမည့်အကြောင်းနှင့် ပတ်သက်ပြီး “အတိုက်အခံတွေကို သေစေချင်တယ်ဆိုရင် အဲဒါကိုဖြတ်ပေါ့” ဟု ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တွင် ပြောကြားခဲ့သည်။

“အတိုက်အခံတွေကို ရှင်သန်စေချင်တယ်ဆိုရင် အဲဒါမလုပ်နဲ့။ အတူစကားလာပြောပါ” ဟု သူက ဆိုထားသေးသည်။

ဤအချက်များကြောင့်ပင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်တင်ပို့မှုအပေါ် အခွန်ကောက်ရခြင်းဖြစ်သည်ဟု ပြည်တွင်းနိုင်ငံရေးလေ့လာသူများက ယူဆကြသည်။

မည်သို့ပင်ဆိုစေ ဇန်နဝါရီလ ၁၈ ရက်မှစ၍ မြန်မာနိုင်ငံမှ တင်ပို့မည့်ဆန် များကို အခွန်ကောက်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ပြည်ပဆန်တင်ပို့မှု၏ ခန့်မှန်း ၈ ရာခိုင်နှုန်းခန့်ကို အီးယူသို့ မနှစ်က တင်ပို့ခဲ့သည်။ ယင်းတင်ပို့မှုတွင် ဆန်လုံးရှည်သာမက အခြားသောဆန်များနှင့် ဆန်ကွဲများလည်း ပါဝင်သည်။ ထို့ကြောင့် အီးယူဈေးကွက်သည် မြန်မာနိုင်ငံအတွက် ကြီးမားသော သက်ရောက်မှုမရှိ။

“သက်ရောက်မှုအနေနဲ့ ကြီးကြီးမားမားရှိလားဆိုတော့ ကြီးကြီးမားမားတော့လည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း အထိုက်အလျောက် ရှိတာပေါ့” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

အီးယူသည် မြန်မာ့ဆန်တင်ပို့မှုတွင် ဆန်လုံးရှည်တင်ပို့မှုကိုသာ ကန့်သတ်လိုက်ခြင်းဖြစ်သည်။ အီးယူ၏ ဆန်လုံးရှည် သတ်မှတ်ချက်သည် ၆ မီလီမီတာနှင့် အထက်ဖြစ်သည်။ ထို့ကြောင့် ၆ မီလီမီတာအောက် ဆန်များကိုမူ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သေးသည်။ မြန်မာနိုင်ငံသည် အီးယူသို့ ဆန်ကွဲများစွာ တင်ပို့လျက်ရှိပြန်ရာ ဆန်ကွဲတင်ပို့မှုအပေါ် သက်ရောက်မှု မရှိဟု ပြည်တွင်းဆန်လုပ်ငန်းရှင် ဦးနေလင်းဇင်က ဆိုသည်။

“၅.၅ တို့၊ ၅.၈ တို့ရှိတယ်။ အဲဒါတွေကို မငြိဘူး။လက်ရှိဈေးကွက်မှာရှိတဲ့ မနောသုခတို့၊ ဆင်းသုခတို့က မငြိဘူး။ အဓိကတော့ ဆန်ကွဲ (တင်ပို့တာ) ဆိုတော့ ဆိုးဆိုးဝါးဝါးတော့ မထိခိုက်ဘူး” ဟု ၎င်းကဆိုသည်။

ကမ္ဘောဒီးယားသည် အီးယူထံမှ အခွန်ကင်းလွတ်ခွင့်ကို ၁၀ နှစ်ခန့် ခံစားထားရပြီး မြန်မာနိုင်ငံကမူ ငါးနှစ်ခန့်သာ ရှိသေးသည်။ အီးယူက မြန်မာဆန်တင်ပို့မှုအပေါ် အခွန်ကောက်ခြင်းမှာလည်း အများထင်သကဲ့သို့ မြန်မာဆန်တင်သွင်းသူများထံမှ အခွန်ကောက်ခြင်းမဟုတ်ပေ။ အီးယူသို့ တင်သွင်းသူများထံမှ အခွန်ကောက်ခြင်းသာဖြစ်သည်။ သို့သော်လည်း တင်သွင်းသူများကို အခွန်ကောက်ခြင်းသည် တင်ပို့သူများမှတစ်ဆင့် ဈေးကွက်အထိ သက်ရောက်မှုရှိနေခြင်းဖြစ်သည်။

“အထိနာတာကတော့ Rice  Industry ဆိုတာ Chain တစ်ခုပဲလေ။ Export ပို့တယ်ဆိုတာက နောက်ဆုံးအနေအထားပေါ့။ EU က အဓိကဝယ်တာကတော့ Quality ဆိုဒ်တွေ ဝယ်တာပေါ့။ ဒီဘက်မှာ ဈေးကောင်းရတဲ့အတွက် Exporaters တွေက လာဝယ်တဲ့အတွက် Millers တွေက ခေတ်မီစက်တွေနဲ့ သုံးတယ်။ ဈေးကောင်းကောင်းရတော့ သုံးနိုင်တယ်ပေါ့။ အဲဒီလိုမျိုး Investment လုပ်ထားတာမျိုးကို စက်ပိုင်တွေက ဒီဈေးကွက်တစ်ခု ဆုံးသွားပြီဆိုရင် သူမျှော်မှန်းထားတဲ့ ဈေးကွက်မရတော့ဘူးပေါ့။ ဈေးကွက်မှာ ပြိုင်ဆိုင်မှုနည်းသွားတယ်ဆိုရင် ဝယ်သူဈေးကွက်ဖြစ်သွားပြီပေါ့” ဟု ပြည်ပပို့ဆန်လုပ်ငန်းရှင် ဦးမျိုးသူရအေးက ရှင်းပြသည်။

မည်သို့ပင်ဆိုစေ ယခုအခါ မြန်မာနိုင်ငံသည် အီးယူသို့ ဆန်တင်ပို့ရာတွင် အခြားသောနိုင်ငံများနည်းတူ ယှဉ်ပြိုင်တင်ပို့ရတော့မည်ဖြစ်သည်။

“ဈေးကွက်လည်း လုံးဝပိတ်သွားတာတော့မဟုတ်ဘူး။ အခွန်ပေးပြီးတော့ သွားတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်အောင်ပဲ ကျွန်တော်တို့ဘက်က ကြိုးစားရမှာပေါ့” ဟု ဦးရဲမင်းအောင်က ဆိုသည်။

အထူးသဖြင့် ယခုကဲ့သို့အချိန်တွင် ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယအပြင် ကမ္ဘောဒီယားတို့နှင့် အပြိုင်အဆိုင် ဥရောပသို့ ဆန်တင်ပို့နိုင်ရေး ကြိုးစားရမည်ဟု ၎င်းကဆိုသည်။

ထို့ပြင်လည်း ဆန်စပါးကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ သိသာစွာတိုးမြင့်လာခြင်းမရှိချေ။ စိုက်ပျိုးရေးနိုင်ငံဟု ကြွေးကြော်သော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ထင်သလောက် တက်လာခြင်း မရှိခဲ့ချေ။ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ဆန်စပါးကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၂၀၂ သန်းသာရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများကို ကြည့်လျှင် ဤအချက်ကို တွေ့မြင်နိုင်သည်။

ကမ္ဘာ့ဈေးကွက်တွင် နိုင်ငံတကာနှင့်ယှဉ်ပြိုင်၍ မြန်မာ့ဆန်ရောင်းဝယ်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန်ကား လိုအပ်လျက်ရှိသည်။

“ဒီနေရာမှာ Banking ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို နိုင်ငံတကာနဲ့ ညီတူညီမျှဖြစ်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်တယ်။ နောက်တစ်ခါ ငွေကြေးပိုင်းဆိုင်ရာတွေမှာ အထောက်အကူပြုနိုင်တဲ့ Investment တွေပေါ့နော်။ Infrastructure Investment တွေ လိုအပ်တာပေါ့နော်။ အဲဒီလိုမျိုးတွေနဲ့တော့ ကျွန်တော်တို့ ပြန်ပြီးတော့ ကြိုးစားရမှာပေါ့နော်” ဟု ဦးရဲမင်းအောင်က ထောက်ပြသည်။

မြန်မာ့ဆန်စပါးကဏ္ဍသည် ပုဂ္ဂလိကအသင်းအဖွဲ့ အားကောင်းမှုကြောင့် တဖြည်းဖြည်းတိုးတက်လာခဲ့သည်မှာ သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် မြန်မာ့ဆန် ၃ ဒသမ ၆ သန်းကို ပြည်ပသို့တင်ပို့ ခြင်းဖြင့် စံချိန်တင်နိုင်ခဲ့သေးသည်။

ဆန်လောကသားများအပါအဝင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အကွက်မြင်မှုနှင့် စီးပွားရေးဆန်သော ရှုမြင်ချက်များအကြား ဆန်စပါးကဏ္ဍ ဤကဲ့သို့ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးအဖုအထစ်ရှိနေချိန်တွင်ပင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ရောင်းနိုင်ခဲ့ခြင်းမျိုးဖြစ်သည်။

သို့သော်လည်း ဆန်စပါးကဏ္ဍ ပုဂ္ဂလိကနောက်သို့ အစိုးရ၏မူဝါဒအရ အားပေးထောက်ခံမှုများနှင့် ဖြည့်ဆည်းပေးမှုများမှာမူ အကန့်အသတ်များစွာရှိနေခဲ့သည်။ အီးယူက ဆန်တင်ပို့မှုအတွက် အခွန်ကောက်မည့်ကိစ္စတွင်လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ များကပင် လိုက်လံဖြေရှင်းပြခဲ့သေးသည်။

ပုဂ္ဂလိက၏ သွက်လက်မြန်ဆန်မှုနောက်တွင် အစိုးရသည် အထနှေးလျက်ရှိသည်ကား အမှန်ပင်။

“ကျွန်တော်တို့က တခြားဟာတွေထက် ပိုပြီးတော့ နိုင်ငံတော်အစိုးရ အကူအညီရချင်တယ်။ အစိုးရချင်း (G to G) ချိတ်ဆက်ပြီးတော့ ရောင်းချတဲ့ကိစ္စတွေကို ပိုပြီးအားထည့်ပြီးတော့ လုပ်တာမျိုးပေါ့” ဟု ဦးရဲမင်းအောင်က ဆိုသည်။

အီးယူ၏ အခွန်သည် သုံးနှစ်ဟုဆိုထားသည်။ ထိုအခါ သုံးနှစ်ပြီးနောက်တွင် မြန်မာ့ဆန်ကို အီးယူသို့ အခွန်လွတ်တင်ပို့ ခွင့် ပြန်လည်ရရှိမည်လား။

ပြည်ပပို့ဆန်လုပ်ငန်းရှင် ဦးမျိုးသူရအေးကမူ သူ့အမြင်ကို ယခုလိုဆိုသည်။

“အလားအလာက ပြန်ရဖို့တော့ နည်းတယ်။ သူက သုံးနှစ်ပြီးရင် Review ပြန်လုပ်မယ်ပြောတာ။ သုံးနှစ်ပြီးရင် ပြန်ပေးမယ်လို့ ကတိပေးထားတာ မဟုတ်ဘူး” 

 

ရဲနိုင်ဦး၊ မင်းမင်းစံ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *