ဇာတိပုညဂုဏ်မာန၏ အခြားတစ်ဖက်

လူသည် ဇာတိကို မြတ်နိးသည်။ အမျိုးအနွယ်နှင့် ဒေသကို စွဲလမ်းသည် ။ အဆိုပါ ဇာတိ၊ အမျိုးအနွယ်၊ ဒေသတို့နှင့်သက်ဆိုင်သည့် ဂုဏ်ယူဝင့်ကြွားစရာကိစ္စများအပေါ် စောင့်စည်းလိုသော မာနလည်းရှိသည်။ ဒါတွေက ပြဿနာမဟုတ်။ ဖြစ်ရိုးဖြစ်စဉ်သာ။ ပြဿနာက မိမိတို့၏ ကိုယ်ပိုင်သရုပ်သကန်များကို လွန်လွန်ကဲကဲ တန်ဖိုးထားလာခြင်းနှင့် ညီညွတ်စွာ ပေါင်းစည်းခြင်း၏ အကျိုးကျေးဇူးများအပေါ် ဥပေက္ခာပြုလာကြခြင်းပင်ဖြစ်သည်။ ‘သဟဇာတ’ ကို မျက်ကွယ်ပြုလေသောအခါ ‘ပဋိပက္ခ’ တွေသာ ရောက်ရှိလာတတ်သည်။ ဇာတိပုညဂုဏ်မာနတို့ လွန်ကဲလာသောအခါ ‘ပေါင်းစည်းရေး’ ထက် ‘ဖယ်ထုတ်ရေး’ ကိုသာ ဦးတည်လာလေ့ရှိသည်။ သို့ဖြင့် ဇာတိပုညဂုဏ်မာန၏ အခြားတစ်ဖက်မှ ဆင်ခြင်စဉ်းစားစရာများကို အနည်းငယ်မျှ တို့ထိတင်ပြပေးလိုပါသည်။

ခေတ်မီရေးလား၊ မာနလား

ခေတ်မီရေးဟုဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းကို ပြေးမြင်မိကြပါလိမ့်မည်။ ကမ္ဘာလုံးချီဖြစ်စဉ်ဟု အမည်သမုတ်ကြသော ဂလိုဘယ်လိုက်ဇေးရှင်းမှာ စစ်အေးလွန်ခေတ်ရောက်မှ သိသိသာသာရှေ့ရောက်လာသော အကောက်အယူတစ်ခုဖြစ်သည်။ အိုင်တီဖြစ်ထွန်းတိုးတက်မှုနှင့် ကျွဲကူးရေပါဖြစ်လာသော ဂလိုဘယ်လိုက်ဇေးရှင်းကို သရုပ်ခွဲသော် ‘နာမ်ပိုင်း’ နှင့် ‘ရုပ်ပိုင်း’ ဟူ၍ နှစ်မျိုးခွဲခြမ်းနိုင်သည်။ အများစုက ဟမ်ဘာဂါ၊ ကိုကာကိုလာနှင့် ပီဇာကို နှစ်သက်သဘောကျသည်။ ဟန်းဖုန်း၊ အင်တာနက်နှင့် နောက်ဆုံးပေါ် ဇိမ်ခံကားအမျိုးမျိုးကို နှစ်သက်သည် ။ သို့နှင့်တိုင် ဂလိုဘယ်လိုဇေးရှင်း၏ နာမ်ပိုင်းဖြစ်သော ယဉ်ကျေးမှုစုံဝါဒ၊ လစ်ဘရယ်ဝါဒ၊ ဗဟုဝါဒတို့ကို လက်ခံဖို့ အသင့်မဖြစ်ကြသေး။ အချို့မှာ ဆန့်ကျင်တွန်းကန်ကြသည်အထိပင် ဖြစ်နေကြသည်။ ဆိုရလျှင် ဂလိုဘယ်လိုက်ဇေးရှင်းကိုယ်တိုင်သည်ပင် တစ်ခွင်တစ်ပြင်လုံး နေရာပေးမခံရသေးသည့် အခြေအနေမျိုး တွေ့နေရသည်။ခေတ်မီရေးလှိုင်းကို တစ်ဝက်တစ်ပျက်သာ တက်စီးနိုင်သေးသည့် အခြေအနေမျိုးဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသနည်း။ ရုပ်ဝတ္ထုပိုင်းခေတ်မီရေးကို အပြိုင်လိုက်ကြသလောက် အိုက်ဒီယာခေတ်မီရေးမှာတော့ တမင်သက်သက် နောက်ချန်နေခဲ့ကြခြင်းမှာ အိုက်ဒီယာအဟောင်းအနွမ်းများကို ဖက်တွယ်လိုစိတ်ကြောင့်ပင် ဖြစ်မည်ထင်ပါသည်။ ထို့ထက် အသစ်ကြောက်ရောဂါကြောင့်လည်း ဖြစ်နိုင်ပါသည်။

တကယ်တမ်းကျတော့လည်း ခေတ်မီရေး၏ အခြင်းအရာဖြစ်သော ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လစ်ဘရယ်ဒီမိုကရေစီတို့မှာ လက်ရှိအခြေ အနေအရ ‘စံ’ ပေါင်းစုံ၊ စနစ်ပေါင်းစုံ၏ တိုက်ခိုက်မှုကို ခံနေရဆဲသာ ဖြစ်သည်။ ကမ္ဘာပတ်လာသော ဂလိုဘယ်စံနှင့် လစ်ဘရယ်စံတို့ကို ရှိနှင့်ပြီးသော အမျိုးသားရေးမာနများက အသေအကြေ ဆန့်ကျင်တိုက်ခိုက်သည်။ ဗဟုဝါဒ၊ ယဉ်ကျေးမှုစုံဝါဒတို့၏ အကျိုးရလဒ်များအပေါ် အလေးအနက် ဆန်းစစ်လေ့လာဖို့ထက် ရှိပြီးသားဒေသစံနှုန်းများကိုသာ အသေကိုင်စွဲပြီး အပြင်းအထန်ခုခံဖို့ ကြိုးစားနေကြသည်။ အာရပ်ကမ္ဘာ၏ ခေတ်မီရေးအတွက် အဓိကအတားအဆီးမှာ ‘ယဉ်ကျေးမှုဆိုင်ရာ အမျိုးသားရေးမာန’ ဖြစ်သည်ဟု နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သူ Fareed Zakaria က အတိအကျ ကောက်ချက်ဆွဲသည်။ ခေတ်မီရေးဆိုင်ရာ သဘောတရားများနှင့် အသားမကျနိုင်ခြင်းမှာ အဆိုပါ မာန၏ တင်းမာမှုကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။အတော်စဉ်းစားစရာကောင်းသည့် ကောက်ချက်ပင်ဖြစ်ပါသည်။ကမ္ဘာကျော်ပညာရှင်တစ်ဦး ဖြစ်သူ Thomas Carothers မြန်မာပြည်လာရောက်စဉ်က မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့်ပတ်သက်ပြီး အခက်အခဲများစွာကို ချပြခဲ့ဖူးသည်။ ဤတွင် အခြားပညာရှင်များ ထည့်မပြောသော အချက်တစ်ခုကို သူက ပြောသွားခဲ့သည်။ ယင်းမှာ ‘ဒီမိုကရေစီနှင့် မနီးလှသော စိတ်အခံနှင့် စရိုက်ဓလေ့များ’ ဟူသောအချက်ဖြစ်သည်။ သို့ဆိုလျှင် အာရပ်တွေလိုမျိုး ကျွန်တော်တို့သည်လည်း ယဉ်ကျေးမှုဆိုင်ရာ အမျိုးသားရေးမာနတွေ ချွန်မြနေပြီး စိတ်ဓာတ်စရိုက်တွေ တင်းမာသူများဖြစ်နေကြပြီလားဟူ၍ တွေးတောစရာဖြစ်လာသည်။

ဂလိုဘယ်စံနှင့် အမျိုးသားရေးဝါဒတို့၏အားပြိုင်မှုမှာ ကမ္ဘာကျော်ပညာရှင်ကြီးတွေဆီအထိ ရောက်ရှိသွားခဲ့သည်။ နိုင်ငံရေးဘောဂဗေဒ ပညာရှင်တစ်ဦးဖြစ်သူ ရောဘတ်ရေ့ခ်ျက ဂလိုဘယ်စံနှင့် လစ်ဘရယ်ရှုထောင့်မှ ရပ်ခံတင်ပြသည်။ ဟင်နရီကစ်ဆင်းဂျားကတော့ အမျိုးသားရေးဝါဒ အားကောင်းမောင်းသန် တည်ရှိနေဆဲဟု အခိုင်အမာဆိုသည်။ ပါမောက္ခနိုင်းက နှစ်ခုလုံး၏တည်ရှိမှုကို အသိအမှတ်ပြုသည်။ အမျိုးသားရေးဝါဒမှာ အတိတ်၏ ခြေတံလက်တံဖြစ်သည်။ သို့တိုင် ယခုထိ ရှင်သန်အားကောင်းဆဲဖြစ်သည်။ ဂလိုဘယ်လစ်ဇင်မှာ ပစ္စုပ္ပန်တွင် အခိုင်အမာအမြစ်တွယ်ပြီးဖြစ်သော်လည်း အလုံးစုံခြုံငုံနိုင်ဖို့ အင်အားမရှိသေး။ အနာဂတ်အတွက် ကောင်းမွန်သော မျှော်လင့်ချက်တော့ဖြစ်သည်။ အရေးကြီးသည်မှာ နှစ်ခုလုံး၏ အပြိုင်တည်ရှိမှုကို အသိအမှတ်ပြုဖို့ဖြစ်သည်။ နှစ်ခုအနက်မှ တစ်ခုကို ရွေးချယ်ရမည်ဆိုလျှင် ရွေးချယ်သူ၏ မျက်နှာမူရာဘက်နှင့်သာ သက်ဆိုင်လိမ့်မည်။ အတိတ်ကို ပြန်သွားမည်လား …. အနာဂတ်အတွက် ရှေးရှုမည်လားဆိုသည်မှာ ကိုယ်တိုင်ရွေးချယ် ကြရမည့်အပိုင်းသာဖြစ်သည်ဟု ပါမောက္ခနိုင်းက ထောက်ပြခဲ့သည်။

ဘေးထွက်ဆိုးကျိုးနှင့် ဆင်ခြင်စရာများ

နိုဘယ်လ်ဆုရ ဘောဂဗေဒပညာရှင် Amartya Sen  က အမှတ် အသားသိစိတ်သည် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သလို ပျော်မြူးတက်ကြွ ဖွယ်ရာလည်းဖြစ်၏။ ယုံကြည်မှုနှင့် အင်အားကိုဖြစ်စေ၏။ သို့သော် အခြားတစ်ဖက်မှာတော့ အမှတ်အသားတန်ဖိုးထားမှု လွန်ကဲစိတ်သည် အာဃာတအငြိုးအတေးတို့ဖြင့် ရန်လိုဖျက်ဆီးတတ်သည် … ဟုဆိုသည်။ Amartya Sen  က ၎င်း၏ Identity and Violence စာအုပ်မှာ အမှတ်အသားတန်ဖိုးထားစိတ် လွန်ကဲမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားသည်။ လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုကို အမှတ်တံဆိပ်ခပ်နှိပ်ကြရာတွင် အစွန်းမရောက်ကြဖို့ သူက သတိပေးသည်။ လူတိုင်းသည် အမှတ်အသားတစ်ခုတည်းဖြင့် ရှင်သန်နေကြရသည်မဟုတ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် အမှတ်အသားပေါင်းစုံကို လက်ခံထားကြရတာဖြစ်သည်။ ဗဟုဝုစ် အမှတ်အသားဖြင့် ရှင်သန်နေထိုင်ကြရသော လူတို့သည် မိမိတို့၏ များစွာသော အမှတ်လက္ခဏာများထဲက တစ်စုံတစ်ခုသော အမှတ်လက္ခဏာကို ရွေးချယ်၍ ရှေ့တန်းတင်လာခြင်းကို လုံးဝဆန့်ကျင်သင့် သည်။ ထိုသို့အမှတ်အသားများစွာ ပိုင်ဆိုင်ထားရသည့်အထဲမှ တစ်ခုတည်းသော အမှတ်အသားကိုရွေး၍ အထွတ်အမြတ်နေရာ၌ထားခြင်းမျိုးကို Unique Categorization ဟု ခေါ်သည်။ လူသည် အမှတ်အသားပေါင်းစုံရှိသည်။ ထိုအထဲကမှ လူမျိုးစု၊ ဘာသာ၊ အဖွဲ့အစည်း အစရှိသည့် အမှတ်အသားတစ်ခုခုကို ရွေးချယ်စွဲလမ်းခြင်းသည် အစွန်းရောက်တစ်ယူသန်ဝါဒကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ပုံသေကားချပ် အတွေးအခေါ်တွေကို ပြင်ဆင်သင့်သည်။ သို့အတွက် လွတ်လပ်စွာ တွေးတောနိုင်ဖို့ လိုအပ်လာပါသည်။လွတ်လပ်၍ အနှောင်အဖွဲ့ကင်းသော အတွေးအခေါ်များရှိမှသာလျှင် အမှတ်အသားစုံလင်လှသော ကမ္ဘာတွင် ပဋိပက္ခနည်းပါးစွာဖြင့် နေထိုင်နိုင်မည်။ Amartya Sen က အမှတ်အသားပြဿနာကို ‘လွတ်လပ်မှု’ (Freedom ) ၊ ‘ဆင်ခြင်တုံတရား’ (Reason) တို့နှင့် ဆက်စပ်ချိတ်ဆက်စဉ်းစားကြဖို့ ညွှန်းဆိုသည်။

အမျိုးသားရေးမာနသည် ‘အတိတ်လွမ်းစိတ်’ နှင့်လည်း ဆိုင်သလောက် ဆိုင်ပါလိမ့်မည်။ ငါတို့လူမျိုး၊ ငါတို့နိုင်ငံဟူ၍ တွေးလိုက်ရာမှ တစ်ဆင့် အဆိုပါလူမျိုးစု၊ နိုင်ငံ၏ အတိတ်သမိုင်းဆိုင်ရာ ဂုဏ်ယူဝင့်ကြွားစရာများကို ပြန်လွမ်းလာတတ်သလို အတိတ်သမိုင်းဆိုင်ရာ နာကျည်း မုန်းတီးစရာများကိုလည်း ပြန်တွေးပြီး နာကျင်တတ်လာမည်ဖြစ်သည်။ ဤမှာပင် ဂုဏ်ယူဝင့်ကြွားလို စိတ်နှင့်အတူ မခံချင်စိတ်၊ လက်စားချေလိုစိတ်တို့က ကြွတက်လာတော့သည်။ အဆုံးမှာတော့ အကြမ်းဖက်မှုများ၊ ပဋိပက္ခများဖြင့်သာ ဇာတ်သိမ်းရလေ့ရှိပါသည်။ မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးစုပင်ဖြစ်စေ ခေတ်မီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုချင်သူမရှိပါ။ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားလျှင် စစ်ပွဲသည်အဖြေမဟုတ်ဟူသည်ကိုတော့ နားလည်ထားကြဖို့လိုပါလိမ့်မည်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက်နိုင်မည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းထိုင်ကြရသည်။ စစ်ပွဲ၏ အဆုံးသတ်မှာလည်း (ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး) စားပွဲဝိုင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် စားပွဲဝိုင်း ထိုင်ကြရမှာခြင်းအတူတူ ပြာပုံမဖြစ်အောင် စားပွဲဝိုင်းထိုင်ကြမလား၊ ပြာပုံဖြစ်ပြီးမှ စားပွဲဝိုင်းထိုင်ကြမလားဆိုသည်ကို သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးတို့က ရွေးချယ်ရမှာ ဖြစ်သည်။

နိဂုံး

Thomas L .Friedman က ‘အသွင်ကူးပြောင်းရေးနိုင်ငံများ၏ ‘အကူးအပြောင်းကာလ ပြဿနာများ’ ( Problems   of Transition) ကို ကမ္ဘာကြီး၏ စိန်ခေါ်ချက်တစ်ရပ်အဖြစ် ရည်ညွှန်းခဲ့သည်။ ဤဖြစ်စဉ်တွင် ဖြေရှင်းရမည့်ပြဿနာသုံးရပ်မှာ စီးပွားတိုးတက်မှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ပဋိပက္ခကာကွယ်တားဆီးရေးဟူသော ကိစ္စများဖြစ်သည်။ ပထမအချက်နှင့် ဒုတိယအချက်ကို အောင်မြင်စွာ မဖြေရှင်းနိုင်လျှင် တတိယပြဿနာက သေချာပေါက် ဖြစ်လာလိမ့်မည်ဟုလည်း ဟောကိန်းထုတ်ခဲ့သည်။ စီးပွားရေးကတော့ ရှင်းသည်။တိုးတက်အောင်လုပ်ဖို့သာ ရှိသည်။ နိုင်ငံရေးပြဿနာမှာတော့ အတန်ငယ်ရှုပ်ထွေးနေတတ်သည်။ သို့သော် လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်လျှင် ပြဿနာနည်းနိုင်သည်။ အမျိုးသားရေးစိတ်ဓာတ်နှင့် မာနများ ချွန်ထွက်လာခြင်းသည် အခွင့်အလမ်းမညီမျှမှုနှင့် ဖိနှိပ်ခံရမှုများမှ အခြေတည်ပေါ်ထွက်လာတတ်ခြင်းဖြစ်ရာ ဒီအချက်ကို သတိပြုကြဖို့လိုသည်။ဟစ်တလာကို သမိုင်းတရားခံအဖြစ် အပြစ်တင်ကြသော်လည်း စစ်ရှုံးဂျာမန်တို့အပေါ် ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများစွာဖြင့် အနိုင်ကျင့်ဗိုလ်ကျထားသော ‘ဗာဆိုင်းစာချုပ်’ ၏ တစ်ဖက်သတ်ဆန်မှုကိုတော့ သတိပြုမိ သူ ရှားပါးလှသည်။ ဗာဆိုင်းစာချုပ်၏ တစ်ဖက်သတ် ဖိနှိပ်အနိုင်ကျင့်မှု များကို ထောက်ပြပြီး ဟစ်တလာက ဂျာမန်အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွလှုံ့ဆော်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခွင့်တူညီမျှမှုကို အလေးဂရုပြုသင့်သည်။ သည့်အပြင် အကူးအပြောင်းကာလ၏ တရားမျှတမှု (Transitional  Period  Justice) ကိုလည်း အထူးသတိထား လုပ်ဆောင်သင့်သည်။

ယုံကြည်မှုသုညဒီဂရီဖြင့် အစပြုခဲ့ရသော ငြိမ်းချမ်းရေးစပ်ကူးမတ်ကူးကာလများတွင် ‘ပါးကိုက် နားကိုက်’ ဖြစ်စဉ်မျိုးတွေကတော့ ရှိသလောက် ရှိနေဦးမည်သာ။ သို့နှင့်တိုင် စစ်ဟုဆိုလျှင် မည်သူ့ကိုမျှ ကောင်းကျိုးမပေးသောအရာ ဖြစ်သည်ဆိုတာကိုတော့ ဘက်အသီးသီးက နှလုံးသွင်းနိုင်ကြဖို့လိုပါသည်။ ဆရာကြီး မောင်စူးစမ်းပြောခဲ့သလို ပန်းတိုင်ရောက်ဖို့ လွယ်ကူမည့်လမ်းရှိနေလျှင် အဘယ့်ကြောင့်ပင်ပန်းခံနေမည်နည်း။ ဖက်ဒရယ်ပြည်ထောင်စုကိုရောက်ဖို့ စားပွဲဝိုင်း အသင့်ရှိနေပြီးဖြစ်ပါလျက် ဘာကြောင့်များ ကျည်ဆံတွေ၊ အသက်တွေ၊ ဘ၀တွေ ဆုံးရှုံးခံနေကြဦးမည်နည်း။ ခေတ်အဆက်ဆက် မြေဇာပင်ဖြစ်ခဲ့ရသော အောက်ခြေမှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပျက်စီးခဲ့ရသော ဘ၀များစွာကို တစ်ချက်လောက် ပြန်ငဲ့ကြည့်သင့်ကြသည်။ ထို့ကြောင့်လည်း ဘက်အသီးသီးကို မေတ္တာရပ်ခံတောင်းဆိုချင်ပါသည်။ပြည်သူတို့၏ ဆင်းရဲဒုက္ခတွေကို စာနာသောအားဖြင့် မာနတွေကိုယ်စီလျှော့ပြီး ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကို အတူသွားကြဖို့ ကြိုးပမ်းစေလိုပါသည်။ သို့ပါ၍ တစ်သီးတစ်သန့်ဖြစ်သော ဇာတိပုညဂုဏ်မာနတို့ကို အရှိန်လျှော့ပြီး ‘မတူညီမှုများ၏သဟဇာတဖြစ်မှု’ ဆီသို့ ပြိုင်တူအာရုံညွတ်နိုင်ကြပါစေကြောင်း ပန်ကြားဆုတောင်းလိုက်ရပါတော့သည် …။

 

ဝင်းကို

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *