အကဲဆတ်ဆဲ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး

ဒွိစုံထင်ယောင်ထင်မှားမှု

‘ဒွိစုံထင်ယောင်ထင်မှားမှု (Binary illusion) အကြောင်း စာရေးသူ ဆောင်းပါးတစ်ပုဒ်တွင် ထည့်ရေးဖူးပါသည်။ ‘အကွဲအပြဲတွေသည်းသန်ပြင်းထန်လေ့ရှိသော လူ့အဖွဲ့အစည်းများ’ (highly divided societies) တွင် တွေ့ရလေ့ရှိသော စိတ်ရောဂါတစ်မျိုးပင် ဖြစ်သည်။ ရောဂါလက္ခဏာများမှာ ‘တစ် မဟုတ်လျှင် နှစ်၊ အဖြူမဟုတ်လျှင် အမည်း၊ အမှန် မဟုတ်လျှင် အမှား၊ အရာရာကို ‘either – or’ လောဂျစ်နှင့်သာ ကြည့်မြင်တတ်ခြင်းဖြစ်သည်။ ရောဂါစွဲကပ်နေသူသည် ‘တစ်’ သို့မဟုတ် ‘နှစ်’ ပဲမြင်သည်။ ကြားထဲက အပိုင်းဂဏန်းတွေ၊ ဒသမတွေကို မမြင်။ ‘အဖြူ’ သို့မဟုတ် ‘အမည်း’ ကိုပဲသိသည်။ ကြားအရောင်တွေကို လက်မခံ၊ အသိအမှတ်မပြု။ ‘အမှန်’ သို့မဟုတ်
‘အမှား’ ကိုပဲ လက်ခံသည်။ ‘ကြားအမြင်’ ကို ခြံစည်းရိုးပေါ် ခွထိုင်သည်ဟု စွပ်စွဲသည်။

၂၀၁၉ ခုနှစ်၏ ပထမဆုံးလအတွင်း အဆိုပါ ‘ဒွိစုံထင်ယောင် ထင်မှားမှု’ လက္ခဏာမျိုးကို နှစ်ကြိမ်နှစ်ခါတိတိ တွေ့လိုက်ရသည်။ ပထမအကြိမ်မှာ လွတ်လပ်ရေးနေ့ အရုဏ်ဦးတိုက်ပွဲအပြီး ရခိုင်ရိုးမကို ကျော်၍ ထွက်လာသောအသံ။ သည်အကြိမ် ‘either – or’  ၏ တစ်ဖက်တစ်ချက်တွင် ရှိနေသည်မှာ ‘ရခိုင်’ နှင့် ‘ဗမာ’ …။ ညီအစ်ကိုချင်းညှိုးသူ ရန်ဘက်ပမာ အမုန်းမီးပွားတွေ တောက်လောင်နေသည်မှာ စိတ်ပျက် စရာကောင်းလှသည်။ ဒုတိယအကြိမ်မှာ လကုန်ခါနီး ၂၉ ရက်နေ့က နေပြည်တော်မှ မြန်မာပြည်အနှံ့ ကဆုန်စိုင်းသွားသောအသံ။ သည် အကြိမ် အပြိုင်ဖြစ်နေသော ဘက်နှစ်ဘက်ကား အစိုးရနှင့် တပ်မတော်။ အစိုးရနှင့် တပ်မတော်တို့ရန်ဖြစ်နေသော တိုင်းပြည်မှာ ဘယ်လိုငြိမ်းချမ်းပါတော့မည်နည်း …။ ရတက်မအေးစရာ …။

စာရေးသူအနေနှင့်မူ တိုင်းရင်းသားချင်း သွေးမကွဲစေချင်ပါ။ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကိုလည်း ဒီမိုကရေစီရေး၏ ‘စုံချက်’ အဖြစ်မြင်သည်။ သို့နှင့်အမျှ ‘ကြား Stand’ တွင်သာ ခြေမြဲလက်မြဲ ရပ်နေခဲ့ပါသည်။ ခါတိုင်း စာရေးသူကို အုပ်စုဖွဲ့တိုက်ခိုက်နေကြသူတွေမှာ တစ်ခါက မိတ်ဆွေဟောင်းများပင်။ သူတို့ကတော့ စာရေးသူ ဘာပြောပြော ‘ခုတ်မယ်၊ ထစ်မယ်’၊ ‘ပါးပါးလှီးမယ်’ … ပင်။ ခုနောက်ပိုင်းတော့ အသံတစ်သံ ကြားလာရသည်။ ‘ဒီလူက ကွန်မြူနစ်အစွဲ မကျွတ်သေးဘူးဆိုပဲ’ …။ ကွယ်လွန်သူဆရာကြီး မောင်စူးစမ်းနှင့် သူ့မိတ်ဆွေ အရှည်ကြီး (မျက်မှန်ကြီး) တို့အကြောင်းကို တွေးမိတော့ ပြုံးရသေးသည်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခါစလောက်က ဖြစ်မည်ထင်သည်။ ဆရာက သူ့မိတ်ဆွေကိုပြောသည်။ “ဟေ့ကောင် – မင်း ငါ့မဖမ်းဘူးလား” …။ ဤတွင် မျက်မှန်ကြီးက ယခုလို ပြန်ပြောသည်ဆို သတတ်။ “အလုပ်ရှုပ်ခံ ဖမ်းမနေပါဘူးကွာ။ မင်းကြည့်မရရင် ကွန်မြူနစ်တွေကြား သွားထားလိုက်မှာပ။ ဒါမှ အရိုးတခြား၊ အသားတခြား ဖြစ်သွားမှာ …”။

အန္တရာယ်များသော ထိုင် – ထ ယိမ်း

မြန်မာ့ဒီမိုကရေစီအပြောင်းအလဲတွင် မလွဲမသွေ လုပ်ကို လုပ်ကြရမည့် တာဝန်ကြီးနှစ်ရပ်ရှိသည်ဟု ထင်ပါသည်။ ‘ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်’ နှင့် ‘၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး’ တို့ဖြစ်ပါသည်။ NLD အနေနှင့် အတိုက်အခံဘ၀တစ်လျှောက်လုံး ရပ်တည်ခဲ့သည်မှာ ‘အခြေခံဥပဒေပြင်ဆင်ရေး’ ဖြစ်သည်။ သို့တိုင် NLD အာဏာရပြီးသည်နှင့် ပေါ်လစီပြောင်းသွားပါသည်။ ‘NCA စာချုပ်အရ ကျင်းပသော နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် ပြည်ထောင်စုသဘောတူစာချုပ်အရ အခြေခံဥပဒေကို ပြင်ဆင်ရန်’ ဖြစ်လာသည်။ ဆိုခဲ့ပါ တာဝန်ကြီးနှစ်ရပ်ကို ချိတ်ဆက်ဆောင်ရွက်မည့်သဘောဟု နားလည်ရသည်။ နည်းနာပိုင်းဆိုင်ရာပြဿနာအချို့မှလွဲ၍ ဤလမ်းကြောင်းမှာ ဖြစ်နိုင်ခြေရှိလိမ့်မည်ဟုလည်း ထင်သည်။

လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် အခြေခံဥပဒေကို ပြင်ဆင်သွားမည်ဆိုသောသတင်းကို ကြားနေခဲ့သည်မှာကား ကြာပါပြီ။ ‘အလွယ် တကူ ပြင်ဆင်နိုင်မည့်ပုဒ်မအချို့ကို တပ်နှင့်ညှိ၍ ပြင်သွားလိမ့်မည်’ ထင်၍ ‘ဒါလည်း မဆိုးပါဘူး။ ၂၁ ရာစုပင်လုံကို ကူတဲ့သဘောပေါ့’ ဟု ဖြေတွေးမိသည်။ သို့တစေ မကြာသေးမီကမှ NLD နှင့် နီးစပ်သော မိတ်ဆွေတစ်ယောက်ဆီမှ ‘ပြင်ဆင်မည့်အချက်’ တွေကို သိရတော့ အံ့ဩသွားသည်။ ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်တွေ ရော တပ်မတော်နှင့်ပါ အကြေအလည်ညှိနှိုင်းပြီးမှ ပြင်ဆင်လို့ရနိုင်စရာ ရှိသည့် ခက်ခဲသောပုဒ်မတွေပါ မနည်းမနောပါနေသည်။ ‘အဘယ်နည်း’ …။ ‘၂၁ ရာစုပင်လုံကို အခြေအနေမကောင်းဘူးထင်ပြီး ပေါ်လစီ ပြောင်းသွားသလော …’။ ဤသို့ကား မဖြစ်သင့်ဟု ထင်ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်မှာ တစ်နေ့ ရွှေ၊ တစ်နေ့ ငွေ ဖြစ်မြဲပင် …။ အဆုံးပန်းတိုင်ရောက်တော့မှ ပျော်စရာဇာတ်သိမ်းနှင့် ကြုံရနိုင်သည် မဟုတ်ပါလော …။

သည်လိုနှင့် ဇန်နဝါရီ ၂၉ ရက်သို့ ရောက်လာသည်။ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန်’ NLD က အရေးကြီးအဆိုတင်သည်။ တပ်မတော်သား ကိုယ်စားလှယ်များက မတ်တတ်ရပ်ကန့်ကွက်သည်။ ‘ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း’ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်အတိုင်း ပြင်ဆင်စေချင်သည်။ NLD ပါတီက ယခင်လွှတ်တော်နာယက သူရဦးရွှေမန်းလက်ထက်က လုပ်ခဲ့သည်ကို ထောက်ပြသည်။ အမှား၊ အမှန် အသာထား။ ဤကိစ္စကြိုညှိကြလျှင် လွယ်လွယ်ကူကူနှင့် ကျော်လွှားနိုင်မည်ထင်ပါသည်။ ခုတော့ မလိုအပ်ဘဲ တင်းမာမှုတွေပေါ်လာသည်။ NLD အာဏာရခါစက ‘ထိုင်-ထ ယိမ်းတွေ’ တစ်ကျော့လည်လာသည်။ ‘ဒီမိုကရေစီ အနိုင်ကျင့် မှု’ ဆိုသောအသံတွေ ပြန်ကြားလာရသည်။ အခုမှ အစရှိသေးသည်။ နောက်ထပ် ငြင်းစရာ ခုံစရာတွေ တစ်သီကြီးကျန်သေးသည်။ မီးခိုး မဆုံး မိုးမဆုံး ရန်ဖြစ်ကြပေတော့ …။

ဒွေးနှစ်ဖော် သံဝါညှိ

ခက်နေသည်မှာ ခေတ်က တာဝန်ခံမှု၊ တာဝန်ယူမှုအလျဉ်းမရှိသော ‘လူမှုကွန်ရက်’ ခေတ်၊ ‘FB’ ခေတ်၊ ဗမာအခေါ် ‘ဖွဘွတ်ခ်ခေတ်’ …။ ‘ဖွဘွတ်ခ်တွင် ကောင်းတာရော၊ ဆိုးတာရောရှိသည်။ ကောင်းကွက်က သတင်းမြန်မြန်သိရခြင်း၊ ဆိုးကွက်တစ်ခုက ဖွဘွတ်ခ်ပေါ်ရောက်သည်နှင့် အားလုံးမှာ နိုင်ငံရေး ‘သုခမိန်’ တွေ ဖြစ်ကုန်ခြင်း …။ သတင်းတစ်ခု ဖြစ်သည်နှင့် ဝေဖန်ချက်တစ်သိန်းလောက် ချက်ချင်းပြန့်သွားသည်။

ဖွဘွတ်ခ်ပေါ်က ဝေန်ချက်အချို့ကို တစ်ချက်မျှ မြည်းစမ်းကြည့်လိုက်ပါ။ ‘၂၀၀၈ အခြေခံဥပဒေအောက်တွင် မြစ်ဆုံကိစ္စ ပျောက်ခြင်းမလှပျောက်’ …။ ‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက်အတိုင်း လုပ်တာပါဆိုသော တပ်မတော်ပြောဆိုချက်ကို အာဏာရပါတီတန်ပြန်…’၊ ‘၂၀၂၀ အတွက် ရွေးကောက်ပွဲ မဲဆွယ်မှုများစတင်’ …။ ဒါတွေက အစိုးရအပေါ် ဝေဖန်ချက် …။ တပ်မတော်နှင့် ပတ်သက်လျှင် ပို၍ပင် များသေးသည်။ နိုင်ငံရေးစတန့်လိုပင် ဖြစ်နေတော့သည်။ ‘များများ ဆဲလေ၊ ရဲရဲတောက်လေ’ ဆိုသလိုဖြစ်နေတော့သည်။

ခက်တော့ခက်သည်။ သတင်းတွေက တစ်ခုနှင့်တစ်ခု ချိန်ခါသင့် ဆက်စပ်ဖြစ်ပေါ်နေရာ ‘မပြေးသော် ကန်ရာရှိ၊ ဒွေးနှစ်ဖော် သံဝါညှိ’ ဆိုသလိုဖြစ်နေသည်။ သတင်းဖောင်းပွခေတ်ကြီးတွင် သတင်းအစာမကြေဖြစ်နေသည်။ သတင်းအစာမကြေရာမှ နိုင်ငံရေးအစာမကြေလျှင် တိုင်းပြည်အတွက်ပါ အန္တရာယ်ရှိသည်။ သတိ …။ 

 

ကျော်ဝင်း
၃၁ ဇန်နဝါရီ၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *