ကျွန်တော်နှင့် သံသရာတစ်ကွေ့

တစ်နှစ်တော့ မပြည့်သေးပါဘူး။
လွန်ခဲ့တဲ့ ရှစ်လလောက်က ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
ဝင်းထိန် ကျွန်တော့်ထံသို့ ဖုန်းဆက်လာပါတယ်။
“ကိုလှဝင်း … ခု ကျွန်တော် ဘာလုပ်နေသလဲ သိလား”
“ပြောပါဦး …”
“ကျွန်တော့်အကြောင်း ကျွန်တော် စာအုပ်တစ်အုပ် ဖြစ်အောင် ရေးနေတယ်”
“ဟင် … တယ်ဟုတ်ပါလား။ ငါ့အကြောင်းတောင် ငါ ဒီနေ့အထိ စာအုပ်တစ်အုပ် ဖြစ်အောင်မရေးနိုင်သေးဘူး”
“စာမျက်နှာ ခု ဘယ်လောက် ရေးပြီးနေပြီလဲသိလား”
“ပြောပြပါဦး”
“ငါးရာကျော်သွားပြီ”
“ဟာ … တယ်ဟုတ်ပါလား”

ဝင်းထိန်ကို စာရေးတာနဲ့ပတ်သက်ပြီး ကျွန်တော် အထင်မကြီးပါ။ စာပေလောကကို ဖြစ်ဖြစ်မြောက်မြောက် တစ်နေ့တိုးဝင်လာနိုင်လိမ့်မယ်လို့လည်း ကျွန်တော် လုံးဝမထင်ပါ။

ကျွန်တော် မထင်တာတွေ အကုန်ဖြစ်လာခဲ့ပါတယ်။

မကြာပါဘူး။ ကျွန်တော့်ထံသို့ ဝင်းထိန် ဖုန်းဆက်လာခဲ့ပြန်ပါတယ်။

“ကိုလှဝင်း … ကျွန်တော့်စာအုပ်ထွက်နေပြီ။ စာမျက်နှာ ဘယ်လောက်ရှိသလဲ သိလား”
“ပြောပါဦး”
“ရှစ်ရာကျော်ရှိတယ်”
“ဘာ …”
“ရှစ်ရာကျော် …”
မှန်ပါတယ်။

နောက်တစ်ပတ်လောက်အတွင်းမှာ သူလက်ဆောင်ပေးတဲ့ စာအုပ်တစ်အုပ် ကျွန်တော့်ထံ ရောက်ရှိလာပါတယ်။ စာမျက်နှာ ရှစ်ရာကျော်ရှိတဲ့ စာအုပ်အထူကြီး ..။

အံ့စရာပါပဲ။ စာအုပ်က ရိုးရိုးဝတ္ထုစာအုပ်အရွယ်ပမာဏ မဟုတ်ပါဘူး။

စာအုပ်လောကအခေါ် ဒီမိုင်းဆိုက် …။ ကျမ်းစာအုပ်တွေ ဘာတွေ ထုတ်ဝေတဲ့ ဆိုက်ကြီးအရွယ် စာအုပ်ထူကြီးပေါ့ခင်ဗျာ။
တော်ပါသေးရဲ့။ ဝတ္ထုစာအုပ်ဆိုက်မျိုးသာ ထုတ်ဝေခဲ့ရင် စာမျက်နှာ တစ်ထောင်ကျော်ပါလိမ့်မယ်။

ဒီစာအုပ်အထူကြီးကို ပြီးအောင် ကျွန်တော်ဘယ်လိုဖတ်ရမှာလဲ။

ကျွန်တော် စာပေလောကကို ၁၉၆၄ ခုနှစ်က စဝင်ခဲ့ပါတယ်။ ဒီနေ့ စာရေးနေတာ နှစ်ပေါင်း ၅၅ နှစ်ရှိပါပြီ။ ဒီစာရေးသက်အတွင်းမှာ အထူဆုံးထုတ်ဝေခဲ့တဲ့ စာအုပ်က ‘ပါပီလွန်နှင့် ဗင်ဂို’ …။

ထုတ်ဝေစက တစ်အုပ်ချင်းခွဲထုတ်ပါတယ်။ နောက်ပိုင်းမှ နှစ်အုပ်ပေါင်းပြီး ထုတ်ပါတယ်။ ဒီလိုနှစ်အုပ်ပေါင်းပြီး ထုတ်တဲ့အချိန်မှာတောင် စာအုပ်က စာမျက်နှာ ၅၀၄ မျက်နှာပဲ ရှိပါတယ်။

စာအုပ်ထူလျှင် ဈေးကွက်မှာ ဝယ်ယူဖတ်ရှုသူ အလွန်နည်းပါတယ်။ ထုတ်ဝေတဲ့ စာအုပ်တိုက်တွေကလည်း မထုတ်ချင်ကြပါဘူး။
ရှုံးဖို့များတဲ့စာအုပ် ဖြစ်နေတယ်မဟုတ်လား။
ဝင်းထိန်စာအုပ်က အံ့ဩစရာပါပဲ။

တစ်နေ့က သူ ဖုန်းဆက်လာပါတယ်။ အုပ်ရေ တစ်သောင်းထုတ်တာ ဒီနေ့ ရှစ်ထောင်ကျော်ကုန်သွားပြီတဲ့ …။
ဝင်းထိန်ရဲ့ စန်းကလည်း အံ့ဩစရာပါပဲ။

တစ်နေ့က ရှေ့နေစာရေးဆရာကြီး မောင်သိန်းညွန့် (ကော့ကရိတ်) က ကျွန်တော့်ထံ ဖုန်းဆက်လာပါတယ်။

“ဆရာ ဦးလှဝင်း … ခင်ဗျားသူငယ်ချင်း ဦးဝင်းထိန်တော့ သူဌေး ဖြစ်ပြီ”

“ဘာဖြစ်လို့လဲ”

“သူ့စာအုပ်က တစ်အုပ်ကို တစ်သောင်းနဲ့ ရောင်းနေတာ။ ဝယ်ဖတ်ကြတယ်ဗျာ။ တော်တော့်ကို ရောင်းရတယ်တဲ့။ ကျွန်တော်တောင် ခု တစ်သောင်းပေးပြီး စာအုပ်ဝယ်ဖတ်နေရပြီ”

“ကောင်းလား”
“ကောင်းပါတယ်။ မဆိုးပါဘူး။ သူ့စာအုပ်မှာ သူနဲ့ ကျွန်တော် သဘောထားတူနေတဲ့ အချက်သုံးခုရှိနေတယ်။”
“ဘာတွေလဲ”

“ပထမဆုံးအချက်ကတော့ အရက်နဲ့ပတ်သက်လို့ပါ။ သူက အရက်ပမာဏ နည်းနည်းလောက်ကို ဖန်ခွက်ထဲကိုထည့်။ နောက် … ရေအများကြီးရော …။ နောက် ဒီမဖြစ်စလောက်အရက်ပမာဏကို အချိန်အကြာကြီးယူပြီးတော့ နည်းနည်းချင်း … ကျန်းမာရေးက ခွင့်ပြုသလောက်ပေါ့ဗျာ။ သူ့ဘ၀မှာ ဆက်ပြီးသောက်နေချင်သေးတယ်ဆိုတဲ့ ဆန္ဒ …”

“ဟာ … ကျွန်တော်လည်း ဒီနေ့အထိ အဲဒီလိုပဲ နေ့တိုင်းသောက်နေရတာပဲ။ နောက်တစ်ချက်ကရော …”

“သူက အသက် ၇၀ ကျော်လာတဲ့အချိန်ကစပြီး သူ့ဘ၀မှာ ဆက်ပြီးတော့ အသက်ရှင်နေရတဲ့ အချိန်အကုန်လုံးကို ဘုရားပေးတဲ့ အပိုဆုအချိန်တွေလို့ သတ်မှတ်ထားတယ်တဲ့။ တစ်နှစ်နေရရင်လည်း တစ်နှစ်က ကိုယ့်အတွက် အမြတ်ပဲတဲ့။ ကျွန်တော်လည်း ခု ၇၀ ကျော်နေ ပြီ။ ဒီနေ့ နေရတဲ့အချိန်တွေကို သူ့လိုပဲ အပိုဆုရနေတဲ့ အချိန်တွေလို့ သတ်မှတ်ထားတယ်။”

“နောက်တစ်ချက်က …”

“ဒီနေ့ ရခိုင်ဘက်က ဘင်္ဂါလီပြဿနာကို သူ အမျိုးမျိုးတွေးပြီး စိတ်ပူမိတယ်တဲ့။ ကျွန်တော့်ရင်ထဲမှာလည်း သူ့လိုပဲ ဒီနေ့ ခံစားနေရတယ်။”

“ကျွန်တော် သူ့စာအုပ်ကို ဝေဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ် ရေးမလို့ …”

“ဒီလိုရေးမယ်ဆိုရင် ဦးလှဝင်း တစ်ခုထည့်ရေးပေးပါ။”

“ဘာလဲ”

“ကျွန်တော် မေတ္တာနဲ့ ထောက်ပြချင်တာပါ။ သူ့စာအုပ်ရဲ့ စာမျက်နှာ ၅၁၇ … ‘မဝံ့မရဲ ရှေ့နေတွေ …’ ဆိုတဲ့ ခေါင်းစီးအောက်က အချက်တစ်ခုက မှားနေတယ်။ သူ့အမှုမှာ သူ့ဘက်ကလိုက်ပါတဲ့ ရှေ့နေကို မင်္ဂလာဒုံမြို့နယ်က ၁၉၉၀ ပြည့်နှစ် မေလရွေးကောက်ပွဲက ရွေးချယ် ခံရတဲ့ ဦးကြည်ဝင်းလို့ ရေးထားတယ်။ အဲဒါ မှားနေတယ်။ အဲဒီ ဦးကြည်ဝင်းက ရှေ့နေမဟုတ်ဘူး။ ဘယ်တုန်းကမှ ရှေ့နေမလုပ်ခဲ့ဖူး ဘူး။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတုန်းကပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ….။ ကျွန်တော်မှတ်မိသလောက် ဦးဝင်းထိန်ဘက်က လိုက်ခဲ့တဲ့ရှေ့နေက ဟံသာဝတီဦးဝင်းတင်အမှုမှာ အစိုးရဘက်က လိုက်ပါခဲ့တဲ့ ဥပဒေအရာရှိ ဦးကြည်ဝင်း … ဒီအချက်အလက်မှားနေတာကို သူ ပြင်သင့်တယ်။”

ကျွန်တော် ဝင်းထိန်ထံ ချက်ချင်းဖုန်းဆက်ပြီး ဆရာဦးသိန်းညွန့် ဖြစ်စေချင်တဲ့အချက်ကို ထောက်ပြလိုက်ပါတယ်။

“မှန်တယ် ကိုလှဝင်း … ကျွန်တော့်စာအုပ်ထဲမှာလည်း အတိအလင်း ဝန်ခံထားပါတယ်။ ခု ကျွန်တော်ရေးထားတဲ့ ဘ၀မှတ်တမ်းက မှီငြမ်းပြုစုစရာ ဒိုင်ယာရီမရှိဘဲ ရေးခဲ့ရတာ။ ခင်ဗျားသိတဲ့အတိုင်း ဒိုင်ယာရီတွေကို သက်သေခံအဖြစ် တရားရုံးတင်ပြီး အမှုဆင် … အမှုတည်ဆောက်တဲ့ခေတ်မှာ စစ်ဗိုလ်တွေထဲမှာ ဒိုင်ယာရီ ဘယ်သူရေးရဲတာရှိလို့လဲ။ ဦးသိန်းညွန့်ကို ပြောလိုက်ပါ။ ခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယအကြိမ် စာအုပ်ထပ်ထုတ်တဲ့အခါ သူ ပြင်စေချင်တာကို အကုန်ပြင်ပေးပါ့မယ်လို့။ နောက် … ခင်ဗျား ရေးမယ်ဆိုတဲ့ ကျွန်တော့်စာအုပ်ကို ဝေဖန်ထားတဲ့ ဆောင်းပါးမှာလည်း ထည့်ရေးပေးပါ။ ကျွန်တော့်အမှားကိုထောက်ပြခဲ့တဲ့ ပုဂ္ဂိုလ်အားလုံးကို ကျွန်တော် ကြိုဆိုနေပါတယ်။ ကျေးဇူးတင်ပါတယ်။ မှန်ကန်တဲ့ ထောက်ပြချက်ဖြစ်နေရင် အကုန်ပြင်ဆင်ပေးပါ့မယ်လို့ …”

မှန်ပါတယ်။

သူ့စာအုပ်မှာ ကျွန်တော့်အကြောင်းတွေလည်း အများကြီး ရေးထားပါတယ်။ အမှန်နဲ့ ကွဲလွဲချက်အချို့ ရှိနေပါတယ်။ ဒါပေမဲ့ ပြောပလောက်အောင် မကြီးကျယ်တဲ့အတွက် ကျွန်တော် သူ့ကို ဘာမှမထောက်ပြတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က အဖြစ်အပျက်တွေ ဖြစ်နေတဲ့အတွက် သူ အမှတ်မှားနိုင်သည်များကို နားလည်ပေးခဲ့ပါတယ်။

ဒါပေမဲ့ …။

ကျွန်တော် အမှန်ကို ပြောနေတာပါ။
ကျွန်တော်တို့ လူကြီးပိုင်း … စစ်တက္ကသိုလ်ကျောင်းဆင်း၊ အရာရှိတွေရေးသားခဲ့တဲ့ ပင်ကိုယ်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေ ကျွန်တော် အများကြီး ဖတ်ဖူးပါတယ်။ ဥပမာ – ကိုထွန်းကြည် (ဒုတိယဗိုလ်ချုပ်ကြီး… DSA … ၁)။ ကိုလတ် (ဗိုလ်မှူး … DSA … ၁)။ ကိုဝင်းစိန် (ဝန်ကြီး…. DSA … ၃) …။

သူတို့သုံးယောက်လုံးက ကျွန်တော့် စီနီယာတွေပါ။ ကျွန်တော့်ထက် ဂျူနီယာဖြစ်သူတွေထဲကလည်း ရေးကြပါတယ်။ ဥပမာ – ကိုလှမြင့် (ဗိုလ်မှူးချုပ် … DSA …၁၃) …။

သူတို့စာအုပ်အားလုံးကလည်း ကောင်းပါတယ်။

ဒါပေမဲ့ …. ပွင့်လင်းမှုအရှိဆုံးနဲ့ လောကဒဏ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အနီးစပ်ဆုံး … အပေါ်လွင်ဆုံး ဖော်ပြသွားခဲ့တဲ့စာအုပ်ကတော့ ဝင်းထိန်ရဲ့ ‘သံသရာတစ်ကွေ့’ စာအုပ်ပါပဲ။

ဝင်းထိန်ကို စာပေနဲ့ပတ်သက်ပြီး ကျွန်တော် လုံးဝ အထင်မကြီးခဲ့ဖူးပါဘူး။ ဂျာနယ်တွေအထဲမှာ သူရေးတဲ့ဆောင်းပါးတချို့ကို တစ်ခါတစ်ရံ ဖတ်ခဲ့မိပေမယ့် ဒီကောင် ပျင်းလို့ … အရူးထပြီး ရေးနေတဲ့စာတွေအဖြစ်ပဲ မှတ်ယူခဲ့ပါတယ်။

ဒါပေမဲ့ … ဦးခင်ညွန့် (အငြိမ်းစားဗိုလ်ချုပ်ကြီး) အကြောင်း ရေးထားတဲ့ ‘ကျွန်တော်နှင့် ကိုခင်ညွန့်’ ဆိုတဲ့ ဆောင်းပါး …။ နောက် ကိုအေး (ဒုတိယဗိုလ်ချုပ်မှူးကြီး) အကြောင်း ရေးထားတဲ့ ‘ကျွန်တော်နှင့် ကိုအေး’ ဆောင်းပါးတွေကိုဖတ်ပြီးတော့ သူ့အပေါ် စအထင်ကြီးလာပါတယ်။

ဒီကောင် စာရေးတတ်လာပြီ …။

ယခု ‘သံသရာတစ်ကွေ့’ စာအုပ်ထွက်ပြီးတဲ့အခါမှာတော့ သူ့ကို အပျော်တမ်းစာရေးသူအဖြစ်နဲ့တောင် မဟုတ်တော့ပါဘူး။ Professional … အဲ … ပညာသည်အဆင့် စာရေးသူတစ်ဦးအဖြစ် သူ့ကို စမြင်လာပါပြီ။

သူ့ရဲ့ ‘သံသရာတစ်ကွေ့’ စာအုပ်မှာ ကျွန်တော်အကြိုက်ဆုံးက နိဂုံးပိုင်းပါပဲ။

စာရှုသူ …။
သင် သူ့စာအုပ်ကို ဖတ်ကြည့်ပါ။ နိဂုံးအခန်းက အလွန်အသက်ဝင်ပါတယ်။ စာရေးတဲ့ဆီမှာ အခက်ဆုံးက အဖွင့်နဲ့ နိဂုံးအပိုင်းတွေပါ။ နိဂုံးက ရေးရပိုခက်ပါတယ်။

ဝင်းထိန်က သူ့ရဲ့ ‘သံသရာတစ်ကွေ့’ စာအုပ်နိဂုံးအပိုင်းမှာ အလွန်လှအောင် ရေးသွားနိုင်ပါတယ်။ ရသသမားမဟုတ်ဘဲ ရသအပြည့်ပါ အောင် ဖန်တီးသွားနိုင်ခဲ့ပါတယ်။

သူ့စာအုပ် တစ်အုပ်လုံးရဲ့ ဦးတည်ချက်တွေကိုပြန်စုပြီး လူ့ဘ၀ဆိုတာ သံဝေဂယူမယ်ဆိုရင် ယူစရာတွေချည်းပဲပါလားလို့ မြင်ထင်အောင် မီးမောင်းထိုးပြသွားနိုင်ပါတယ်။

ကျွန်တော့်သူငယ်ချင်း ဝင်းထိန် ဒီနေ့ စာရေးဆရာဖြစ်သွားပါပြီ။
ဆက်ပြီး စာတွေရေးနိုင်ပါစေ။
အောင်မြင်ပါစေလို့ …။ 

 

ဦးလှဝင်း (လေသူရဲတစ်ဦး)
၁-၂-၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *