စည်းကမ်းမဲ့နေဆဲ နိုင်ငံကြီးသားများ

“လမ်းက အိမ်သာမဟုတ်ဘူး။ လူတွေက လမ်းလျှောက်ဖို့ ရှိပါတယ်” ဆိုသည့် စကားကို ကိုရီးယားအမျိုးသမီးတစ်ယောက်က မြန်မာစကားသံဝဲဝဲဖြင့် ပြောထားသည့် ဗီဒီယိုမှာ Youtube တွင် ကြည့်ရှုသူများစွာ။

“ကျွန်မ လမ်းလျှောက်သွားရင် တစ်ခါတလေကြည့်ရင်း စိတ်မကောင်း ဖြစ်တယ်” ဟု ထိုကိုရီးယားသူက ပြောကြားထားသည်။

သူမပြောသည့် ဗီဒီယိုက အခြားမဟုတ် အများသူငါ အပန်းဖြေသည့် အင်းလျားကန်နှင့် မျက်နှာချင်းဆိုင် မြန်မာပလာဇာ၏ညာဘက်ရှိ လူသွားစင်္ကြံလမ်းတွင် အလွယ်တကူ အပေါ့စွန့်ခြင်းကို မြင်တွေ့ရသောကြောင့် သူ့အနေနှင့် စိတ်မကောင်းဖြစ်သည်ဟု ပြောကြားထား သော ဗီဒီယိုဖိုင်ဖြစ်သည်။

အမှိုက်ကို အလွယ်တကူပစ်ခြင်းမှအစ ကတ္တရာလမ်းမည်းပြောင်ပြောင်သို့ ကွမ်းတံတွေးကို ပစ်ခနဲထွေးခြင်းနှင့် လမ်းဘေးတွင် အပေါ့စွန့်သည့်ကိစ္စအဆုံး ဟီရိဩတ္တပ္ပတရားကြီးမားသည့် နိုင်ငံကြီးသားဟုဆိုသော ရွှေမြန်မာများအတွက် အလွယ်တကူပင် ပြုလုပ်နေသည့်ကိစ္စများပင်။

ရထားပေါ်၊ ကားပေါ်မှ ကွမ်းတံတွေး ထွေးခြင်းကိုလည်း ခံရသူများစွာရှိလိမ့်မည်။ စိတ်အနှောင့်အယှက်များစွာ ဖြစ်ကြရသည်။ ထိုအထဲတွင် ဗြိတိသျှသံအမတ်ဟောင်းတစ်ဦးဖြစ်သူ Mrs. Vicky  Bowman လည်းပါဝင်သည်။

ယမန်နှစ်စက်တင်ဘာ ၂၄ ရက်က ရထားစောင့်နေစဉ်တွင် ရထားပေါ်မှ မည်သူထွေးလိုက်မှန်းမသိသော ပူနွေးနွေး ကွမ်းတံတွေးများမှာ မျက်နှာ၊ လည်ပင်းနှင့် လက်မောင်းတို့ပေါ် ပေရေခဲ့ရသဖြင့် စိတ်ပျက်မိကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပုံနှင့်တကွတင်ကာ ပြောကြားထားခဲ့သည်။

“တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းနဲ့ အများကြီးသွားဆိုင်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားနည်းခဲ့တဲ့အခါကျတော့ ဒါတွေဖြစ်တယ်” ဟု ကျန်းမာရေးနှင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ရေးစာပေများ ရေးသားနေသူ ဒေါက်တာ ဖြိုးသီဟက ပြောကြားသည်။

YBS ဘတ်စ်ကားပေါ်မှ မှန်တံခါးကို အသာတွန်းဖွင့်ကာ စားပြီးသားအမှိုက် သို့မဟုတ် ကွမ်းတံတွေးထုပ်ကို လမ်းပေါ်သို့ ပစ်လိုက်သည့်မြင်ကွင်းက နိစ္စဓူဝ မြင်နေရသည့် မထူးခြားသော မြင်ကွင်းပင် ဖြစ်နေသည်။

ထိုမြင်ကွင်းသာမကသေး။ အမှိုက်များကို စနစ်တကျစွန့်ပစ်မှုမရှိဘဲ အမှိုက်သိမ်းစနစ် အားနည်းချက်များကြောင့် ဖိတ်လျှံနေသည့် အမှိုက်ပုံးများနှင့် ဆိုးရွားသည့် အနံ့အသက်များဖြင့် မြို့ပြနှင့် မလိုက်ဖက်စွာ အမြင်မတင့်တယ်သည့် မြင်ကွင်းများကိုလည်း လူသွားလူလာများသော မြို့လယ်ကောင်မှအစ ဆင်ခြေဖုံးရပ်ကွက်များအထိ မြင်နိုင်သည်။

ရန်ကုန်မြို့လယ်ကောင်ဖြစ်သော မဟာဗန္ဓုလလမ်းနှင့် ၃၁ လမ်းထောင့်ရှိ အမှိုက်ပုံသည်လည်း ထိုသို့ပင်။ ဖိတ်လျှံကျနေသည့် အမှိုက်များနှင့် အနံ့အသက်ဆိုးများက အမြဲလိုလို ထိုအနီးပတ်ဝန်းကျင်ရှိ လေထဲတွင် ပျံ့လို့နေသည်။

ထို့ပြင် ဆူးလေဘုရားအနီး မဟာဗန္ဓုလလမ်းဘေးရှိ လူသွားစင်္ကြံတွင် အများပြည်သူသုံး အခပေးအပေါ့စွန့်ခန်းရှိသည်။ သို့သော် အလွယ်တကူပင် ထိုအနီးတွင် စည်းကမ်းမဲ့၊ အရှက်မဲ့ အပေါ့စွန့်ကြသည်။ ထိုအနီးမှ ဖြတ်သွားလျှင် အနံ့အသက်များက ဆိုးရွားလှသည်။

ရန်ကုန်မြို့၏ ဗဟိုချက်သဖွယ် တည်ရှိသော ထိုလမ်းပေါ်မှ ခရီးသွား ပြည်သူများ ဖြတ်သန်းကြသလို ပြည်ပမှ ဧည့်သည်များလည်း အမြဲတစေ ဖြတ်သန်းနေကြသည်။ ထိုအနံ့များက လူအများစု၏ နှာခေါင်းဝသို့ တိုးဝှေ့ဝင်ရောက်လာမြဲပင်။

ပြည်ပနိုင်ငံသား အများအပြား နေထိုင်မှုများလာသည့် မြန်မာနိုင်ငံ၏ မြို့ပြတွင် ထိုအနံ့အသက်များနှင့် ထိုမြင်ကွင်းများက နေချင့်စဖွယ် မြို့တော်ရန်ကုန်အတွက် ရှက်ဖွယ်မဟုတ်ပါလား။

မြန်မာပလာဇာဘေးလမ်းမှာ မှောင်သည့်အတွက် အပေါ့စွန့်သူများစွာကို တွေ့ရပြီး လမ်းဆိုသည်မှာ လူအများအသုံး ပြုသည့်အရာဖြစ်ကြောင်း ကိုရီးယားအမျိုး သမီးက ထိုဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

“မနက်ကျရင် အရမ်းနံတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ပညာရေးစနစ်တွင် ငယ်စဉ်ကပင် ကိုယ်ကျင့်တရားကောင်းမွန်စေရန် သင်ကြားပေးသော ပြည်သူ့နီတိ ဘာသာရပ်မှာ နှစ်ပေါင်းများစွာ အမေ့ခံထားခဲ့ရပြီး ကိုယ်ရည်ကိုယ်သွေးများက လျော့ကျလို့လာခဲ့သည်။

၁၉၆၂ ခုနှစ်ဝန်းကျင်တွင် ပြည်သူ့နီတိဘာသာရပ်ကို နိုင်ငံရေးဆိုင်ရာသင်ကြားသည်အထင်နှင့် ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားခြင်းမရှိတော့ဘဲ ၁၉၉၀ နောက်ပိုင်းမှသာ စာရိတ္တဘာသာရပ်ကဲ့သို့ ပြန်လည်ထည့်သွင်းခဲ့ပြီး စနစ်တကျသိရှိစေရန် သင်ကြားခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ပြည်သူ့နီတိတွင် ပါဝင်သည့် လူတိုင်းအတွက် အလေ့အကျင့်ကောင်းများသည် မျိုးဆက်တစ်ခုတွင် ပျက်သုဉ်းခဲ့ရခြင်းလည်းဖြစ်သည်။

ထိုအကျိုးဆက်က ယခုအချိန်တွင် မျက်ဝါးထင်ထင် ခံစားနေရပြီဖြစ်သည်။

“ပိုက်ဆံပေးတာက ချက်ချင်းပေးလိုက်လို့ရတယ်။ အသိဉာဏ်ဆင်းရဲတာက ချက်ချင်းမရဘူး။ အခုက အသိဉာဏ်ဆင်းရဲသွားတာ” ဟု မြန်မာစာရေးဆရာကလပ်မှ ဥက္ကဋ္ဌ စာရေးဆရာကောင်းသန့် က ပြောကြားသည်။

မြန်မာစာရေးဆရာကလပ်သည် တိုင်းနှင့် ပြည်နယ် ၁၄ ခုရှိ စာသင်ကျောင်းများသို့ ပြည်သူ့နီတိဘာသာရပ်ကို လိုက်လံသင်ကြားပေးလျက်ရှိလေသည်။

အမှန်တကယ်မှာမူ မြန်မာလူမျိုးများသည် ဘာသာတရားအဆုံးအမနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအယူအဆများကြောင့် အရှက်အကြောက်ကြီးကြသူများ ဖြစ်သည်။ ထိုသို့ လမ်းဘေးတွင် အပေါ့စွန့်သည့်ကိစ္စကို မြန်မာ့လူ့အဖွဲ့အစည်းတွင် ရာခိုင်နှုန်းတော်တော်များများက ရှက်စရာအဖြစ် လက်ခံထားသည်။

“အသက် ကိုးနှစ်လောက်က အဖေနဲ့ လက်တွဲလမ်းလျှောက်နေရင်း ရုတ်တရက် ကိုယ့်လက်ကိုလွှတ်ပြီး လမ်းဘေးမှာ ပုဆိုးလေးမ ထိုင်ချလိုက်တော့ အဖေကလည်း ရှက်စရာကြီးဆိုပြီး ပြောခဲ့ဖူးတယ်။ အဖေက အဲဒီကျမှ ရှက်ရှက်နဲ့ ရယ်နေခဲ့တာ။ ဒီလုပ်ရပ်က ရှက်စရာပဲလေ” ဟု ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သူ မခိုင်ဇင်က သူမ၏ ယူဆချက်နှင့် ငယ်ဘ၀အတွေ့အကြုံတစ်ခုကို ပြောပြသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံတွင်မူ ဟိန္ဒူဘာသာဝင်များအတွက် သဘာဝကိစ္စကို ဖြေရှင်းရန်မှာ ဘာသာရေးနှင့် ထုံးတမ်းစဉ်လာဖြင့် ဆက်နွှယ်နေသော အယူအဆရှိနေသည်။

ညီညာပြန့်ပြူး၍ လူသူဝေးသော နေရာအရပ်တွင် အလေးအပေါ့စွန့်ရပြီး ကိစ္စကိုပြုနေစဉ် နေ၊ လ၊ ကြယ်တာရာ၊ မီး၊ ဗြဟ္မဏမျိုးနွယ်၊ သို့မဟုတ် အထွတ်အမြတ်ထားသော ရုပ်ပုံကို မကြည့်ရဆိုသည့် ဓလေ့များရှိကြောင်း ဆရာမြသန်းတင့် ဘာသာပြန်ဆိုသည့် သုခမြို့တော်တွင် စာရေးသူက ရေးသားထားသည်။

“အိန္ဒိယသူဌေးစုံတွဲလာတယ်။ သင်္ဘောဆိပ်မှာ အမျိုးသားက အပေါ့သွားချင်တယ်ပြောရင်းနဲ့ ဒီမှာပဲသွားလိုက်မယ်ဆိုပြီးပြောရော။ အဲဒါနဲ့ တားရတယ်။ ဒါက လူအများအသုံးပြုတဲ့နေရာ မင်းသွားလို့မရဘူးပေါ့။ သူတို့ဆီမှာ ဒါက မဆန်းပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းကတော့ ရှက်စရာအဖြစ်ပဲ မြင်တယ်” ဟု ပုဂံဒေသခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုမြင့်နိုင်က ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကြာသည့်တိုင်အောင် မြို့ပြလူဦးရေ၏ ၄၃ ရာခိုင်နှုန်းမှာ မိလ္လာစနစ်မရှိသေးကြောင်း နယူးဒေလီရှိ ရှင်ဟွာသတင်းဌာန၏ သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ လူနေထူထပ်လာချိန်တွင် မီးရထားလမ်းများနှင့် လူသွားစင်္ကြံများက အလေးအပေါ့စွန့်ရာ ဖြစ်လာသည်။

သို့သော် ဘာသာရေးနှင့် ဓလေ့ထုံးတမ်းများကို အလေးထားသည့် အိန္ဒိယနိုင်ငံတွင်ပင် ၂၀၁၄ ခုနှစ်က စတင်ကာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီက အိန္ဒိယသန့်ရှင်းရေးမစ်ရှင်စီမံကိန်း ဆောင်ရွက်ခဲ့သည်။ အိမ်တိုင်းတွင် သန့်စင်ခန်းဆောက်လုပ်ပေးခြင်းဖြင့် ပြင်ပတွင် အလေးအပေါ့စွန့်သည့်အလေ့အထကို ၂၀၁၉ တွင် အပြီးတိုင်ဖယ်ရှားရန် ကြိုးစားနေသည်။

မြန်မာနိုင်ငံတွင်လည်း အများပြည်သူသုံး သန့်စင်ခန်းများရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၀၀ ပြည့်နှစ်ကစတင်ကာ မြေပေါ်သန့်စင်ခန်း ၂၆ ခု၊ ရွှေ့လျားသန့်စင်ခန်း လေးခု စုစုပေါင်း ၃၀ ခုကို အခပေးသန့်စင်ခန်းများအဖြစ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိနေသည်။

သို့သော် ယင်းအရေအတွက်မှာ မြို့ကြီးသားတို့အတွက် လုံလောက်ဟန်မတူ။ ယနေ့အချိန်ထိ လမ်းဘေးအပေါ့စွန့်မှုမှာ လျော့မသွားခဲ့ပေ။

၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက စေတီပုထိုးများ၊ ဈေးများ၊ ဆေးရုံများနှင့် အများသုံးသန့်စင်ခန်းများကို ကောင်းမွန်သပ်ရပ်စွာ တည်ဆောက်ပြီး အခမဲ့သုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သေးသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) က ရရှိနေသည့် ဝင်ငွေများတိုးပွားလာပါက စည်ပင်ပိုင် အများသုံးသန့်စင်ခန်းများကို အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။

“အခမဲ့သုံးစွဲခွင့်ပြုဖို့က သန့်စင်ခန်းတွေ ပြုပြင်ထိန်းသိမ်းစရိတ်၊ ရေပုပ်စုပ်ခ၊ ဝန်ထမ်းစရိတ်များ ကျခံဆောင်ရွက်ရတာဖြစ်လို့ စရိတ်တွေ စိုက်ထုတ်မသုံးနိုင်ဘူး” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုသည်။

လူဦးရေ ခုနစ်သန်းခန့်ရှိသော ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် သန့်စင်ခန်းအရေအတွက်နှင့် သုံးစွဲမည့်လူဦးရေက မမျှတ။

ထို့ကြောင့် တော်ရုံလူများက ဈေးဝယ်စင်တာများအထိ မရောက်နိုင်ဘဲ လမ်းဘေးတွင်ပင် လွယ်လွယ်ကူကူ ဖြေရှင်းနေကြသည်။

“ဘယ်လူမျိုးမှာမဆို ဖြစ်နိုင်လောက်တဲ့ ပတ်ဝန်းကျင်တွေပေးဖို့ ဒါကတော့ ခေါင်းဆောင်တွေ လုပ်ရမှာပေါ့နော်။ အမှိုက်မပစ်နဲ့ဆိုလည်း အမှိုက်မပစ်ဖို့အတွက် နေနိုင်လောက်တဲ့ အနေအထားမျိုး၊ ကွမ်းတံတွေးဆိုလည်း ကွမ်းတွေသာ ရပ်လိုက်ရင် ဒါ အဆင်ပြေသွားမယ်” ဟု ဒေါက်တာဖြိုးသီဟက အကြံပြုပြောကြားသည်။

မြို့ပြနှင့်ဝေးသည့် အဝေးပြေးကားလမ်းမများပေါ်တွင်လည်း ဖြတ်သန်းသွားရင်းဖြင့် လမ်းဘေးတွင် အလေးအပေါ့ စွန့်သူများကို ပြီးခဲ့သည့် လေးငါးနှစ်အတွင်း မြင်ခဲ့ကြရမည်ဖြစ်သည်။ သန့်ရှင်းမှုမရှိသော သန့်စင်ခန်းတွင် သဘာဝကိစ္စကို ဖြေရှင်းရန် တွန့်ဆုတ်တတ်ကြသည် မဟုတ်ပါလား။

ဗီဒီယိုဖိုင်တွင် ကိုရီးယားအမျိုးသမီးက မြန်မာနိုင်ငံကို ၎င်းတို့၏ နိုင်ငံနှင့် ယှဉ်ထိုးပြောဆိုထားသေးသည်။

“ကိုရီးယားမှာဆို အဲဒီလို လမ်းမှာသွားရင် တခြားလူတွေက ဖုန်းဆက်ရင် ရဲဆရာက လာတယ်။ ဒဏ်ကြေး ဆောင်ရတယ်။ ပိုက်ဆံပေးရမယ်” ဟု ၎င်းက ပြောကြားထားသေးသည်။

စင်ကာပူနိုင်ငံတွင်လည်း ရထားဘူတာရုံတွင် အပေါ့စွန့်ဖို့ပင်မဆိုထားနှင့်။ မုန့်စားခွင့်၊ ရေသောက်ခွင့်ပင်မရှိဟု ဆရာကောင်းသန့်က ၎င်း၏အတွေ့အကြုံကို ရှင်းပြသည်။

ရန်ကုန်မြို့တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ချမှတ်ထားသော ဥပဒေရှိသည်။

မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့် စင်္ကြံများပေါ်တွင် အညစ်အကြေးစွန့်ခြင်း၊ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အဝတ်လှန်းခြင်းများကို ငွေဒဏ်ကျပ် ငါးသောင်းမှ ကျပ်တစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိ သည်။

သို့သော် စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းဥပဒေများရှိသော်လည်း လက်တွေ့တွင် အရေးယူမှုအားနည်းနေဆဲပင်။

“ပြည်သူလူထုဘက်ကလည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ စည်းကမ်းလိုက်နာဖို့ သက်ဆိုင်ရာကလည်း ရှင်းပြဖို့ အားနည်းတယ်။ အဲဒီနှစ်ခုလုံးက ဖြစ်နေတဲ့အတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုက ဖြစ်နေဦးမှာပဲ။ နှစ်ဦးနှစ်ဖက်လုံးက တာဝန်ယူဖို့တော့ လိုနေပြီ” ဟု Clean Yangon  အဖွဲ့မှ တာဝန်ခံ ကိုဇေယျာထွန်းက ပြောကြားသည်။

ရန်ကုန်မြို့တော်အတွင်း ထိုသို့ အနေအထားများရှိသော်လည်း မန္တလေးမြို့တွင်မူ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် လမ်း ၇၀ ရှိ အများသုံးအိမ်သာမှာ ပြီးခဲ့သည့်လကပင် ASEAN Public Toilet Awards 2019 – 2021 ဆုကို ရရှိခဲ့သည်။

ထိုအခြေအနေနှင့် ပြောင်းပြန် ရန်ကုန်မြို့တွင်မူ ဆုရရန်ဝေးစွ။ ယခုကဲ့သို့ အခြားသောနိုင်ငံသားတစ်ယောက်က ဗီဒိယိုဖိုင်ဖြင့်ပင် ဝေဖန်ပြောဆိုခံရသည့် အနေအထားသို့ ရောက်ရှိနေသည်။

ထိုဗီဒီယိုဖိုင်သည်လည်း မည်သည့်နိုင်ငံများမှ လူဦးရေမည်မျှက ကြည့်ရှုပြီးလေပြီလော။ မြန်မာနိုင်ငံနှင့် နိုင်ငံသားများပုံရိပ် မည်မျှထိခိုက်မည်လော။

သို့သော် စေတနာနှင့် ကျွေးလျှင် သေဆေးပင် စားရသည်ဆိုသော စကားအတိုင်း စေတနာစကားဟု မှတ်ယူ၍ နိုင်ငံကြီးသားများ စည်းကမ်းရှိကြမည်ဆိုလျှင် အမှန်တကယ်ပင် နေချင့်စဖွယ် မြို့တော်ဖြစ်တော့မည်။

ယခုတော့ ကိုရီးယားအမျိုးသမီးက ဗီဒီယိုဖိုင်ကတစ်ဆင့် လမ်းဘေးတွင် အပေါ့စွန့်သူများကို အကူအညီတောင်းထားသည်။

“အချင်းချင်း စည်းကမ်းရှိရှိနေရအောင်။ ဒါဆို လမ်းက ပိုလျှောက်လို့ ကောင်းသွားမယ်။ ပိုသန့်ရှင်းသွားမယ်။ အေးအေးဆေးဆေး ညအချိန်မှာ လမ်းလျှောက်ချင်တယ်။ ကူညီပေးပါနော်။ ကျေးဇူးတင်ပါတယ်” ဟု ၎င်း၏ ဗီဒီယိုဖိုင်ကို အဆုံးသတ်ထားသည်။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *